ကျောက်ဖြူတွင် ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြ

Monday, July 09, 20120 မှတ်ချက်


ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၁၀၀ ကျော်ခန့်သည် သူတို့ ကျောင်းတက်နေသော ကားလမ်း ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်းကြောင့် ပျက်စီးသွားသည်ကို မကျေနပ်သဖြင့် ယနေ့နံနက်က ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြ ကျောင်းသားများသည် ကျောင်းဝတ်စုံများကို ဆင်တူ ၀တ်ဆင်ပြီး ပိုစတာများကို ကိုယ်စီ ကိုင်ဆောင်ကာ ငလကျွန်းမှ ဂုံးရှိန်ကျေးရွာ သို့ သွားသည့် ကားလမ်းတလျှောက် ချီတက်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဆိုသည်။ အဆိုပါ ကားလမ်းဘေးတွင် ဒေ၀ူး ကုမ္ပ္ပဏီ အပါအ၀င် နိုင်ငံခြား ကုမ္ပ္ပဏီ အများအပြား၏ ရုံးများ တည်ရှိကြောင်း သိရသည်။
“ ကျောင်းသားတွေက လမ်းကို ပြန်လည် ပြုပြင်ပေးပါ။
ကျောင်းသားတွေ လိုလား ချက် ဖြည့် ဆည်းပေးပါ ဆိုပြီး စာသားတွေရေးထိုးထားတဲ့ ပိုစတာတွေကို ကိုယ်စီကိုင်ပြီး ဒီကနေ့ နံနက် ၇ နာရီခွဲမှာ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို တွေ့ရပါတယ်” ကျောင်းသားမိဖတစ်ဦးက ပြောသည်။
ယခု ဆန္ဒပြရာတွင် ဤကျောင်းမှ ကျောင်းသားများလည်း ပါဝင်သည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ကျောင်းသားများ အသုံးပြုနေသော ငလကျွန်းမှ ဂုံးချိန်ကျေးရွာသို့ သွားသော လမ်းသည် ယခင်က ဆိုင်ကယ်၊ ထော်လာဂျီ၊ စက်ဘီးများကို အသုံးပြုပြီး သွားလာနိုင်သော်လည်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းမှ ဒေ၀ူး ကုမ္ပ္ပဏီနှင့် အိန္ဒိယ ကုမ္ပ္ပဏီမှ ကားကြီးများ အသုံးပြုပစ်ခဲ့သဖြင့် သွားလာ၍ မရအောင် ပျက်စီးနေပြီး ရွံ့နွံများမှာ ဒူးဆစ်ထိ နစ်နေကြောင်း သိရသည်။
“ ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေရော၊ ဈေးသွား ဈေးလာတွေရော အခု လုံးဝ သွားလာလို့ မရအောင် ပျက်စီးနေပါတယ်။ ဒီလမ်းက ငလကျွန်းအုပ်စုက ကျေးရွာသားတွေ ကိုယ်ထူ ကိုယ်ထ တည်ဆောက်ထားတဲ့ လမ်းဖြစ်ပါတယ်။ အခု ပျက်စီးသွားတော့ ပြန်လည် လုပ်မပေးတဲ့ အတွက် ကျောင်းသားတွေက ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ဆန္ဒပြကြသော ကျောင်းသားများမှာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အတန်းကြီး များ ကျောင်းသားများ ပါဝင်ကြပြီး ကျောင်းသားများမှာ လိပ်ခမော် ရွာမ၊ လိပ်ခမော် ရွာဟောင်း၊ ငလကျွန်း၊ ဂုံးရှိန်၊ ပြင်ရှည် ကျေးရွာမှ ကျောင်းသားများ ဖြစ်ကြသည်။
ကျောင်းသားများ ဆန္ဒပြကြပြီးနောက် ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး၊ ဗျူဟာမှူး၊ ခရိုင်ရဲမှူးတို့ အဆိုပါ ဆန္ဒပြရာသို့ လိုက်ပါသွားပြီး ဖြေရှင်းမူ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းကို ပြန်လည် ပြုလုပ်ပေးရန် အတွက် ကျေးရွာသား ၂၈၀ လက်မှတ်ရေးထိုးပြီး ခရိုင် အုပ်ချုပ်ရေးမှူးထံ တင်ပြ တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်မူ မရှိရာ မှ ကျောင်းသားများက ယခုလို ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။


Shared by Isaac
Ref: Narinjara News

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger