ကလေးဟူသည် အနာဂတ်၏ခေါင်းဆောင်များဖြစ်သည်။ ကလေးများ၏အနာဂတ်ကို
ပြုစုပျိုးထောင်ပေးသင့်သော်လည်း တစ်ချို့ကလေးများဖြတ်သန်းကြုံတွေ့ရသော ဘ၀ကြမ်းတမ်းမှုများကို
မသိနားမလည်နိုင်ခြင်းမှာ ကျွန်ုပ်တို့၏အားနည်းချက်လော။ မေးခွန်းများထုတ်နေမိသည်။ မြို့ကြီးပြကြီးတွင်
ကျောင်းနေအရွယ်ကလေးများ ကျောင်းစိမ်း၊ကျောင်းဖြူ ၀တ်စုံနှင့် နေရာတိုင်းတွင်ကလေးများကို
မြင်တွေ့ရလေ့ရှိသည်မှာ လွန်စွာမှ ၀မ်းသာပီတိဖြစ်ရသည်။ တချို့အဆင်ပြေသူများအနေဖြင့်
ကျောင်းပြင်ပလေ့လာစရာများကိုပင် အပြိုင်အဆိုင်သင်ယူနေကြသည်။
သို့သော်ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ တချို့သောကျေးရွာများတွင်နေထိုင်သော
ကျောင်းနေအရွယ်ကလေးများ ကျောင်းနေချင်ပါလျှက် ကျောင်းနဲ့အလှမ်းဝေးပြီး မိသားစုအတွက်ရုန်းကန်နေရသည်။
၎င်းရွာများတွင် အစိုးရကျောင်းများမရှိသောကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေချင်သော်လည်းမနေရပေ။
ကျေးရွာရှိရပ်မိရပ်ဖများမှ မိမိတို့ကလေးများပညာသင်နိုင်ရေးကိုယ်ထူကိုယ်ထ ဆောင်ရွက်စီမံကြသည်။
ထိုသို့ကိုယ်ထူကိုယ်ထ ဆောင်ရွက်မှုအပေါ် ခရစ်ယာန်သင်းအုပ်ဆရာ ပြည်ဝေးအားမေးမြန်းခဲ့ရာ
“ဒါကတော့ ပြောမနေနဲ့တော့။ တခြားနေရာတွေတော့ မသိဘူး။ အခုကျွန်တော်နေတဲ့ ကြိမ်ချောင်း
ရွာမှာတော့ လုပ်အားပေးကျောင်းဆရာတွေခေါ်ထားတယ်။ တစ်ယောက်ကို တစ်နှစ်စာ ၅ သိန်းပေးရပါတယ်။
ရွာမှာ အိမ်ခြေ ၃၄အိမ်ရှိတယ်။ ဆရာ ၂ ယောက်ခေါ်ထားတယ်။
၂ ယောက်ဆိုတော့ ၁၀ သိန်းပေးရတာပေါ့။
ဒါက ကျောင်းဆရာအတွက်ကုန်တာပါ။ ကျန်တာ ကျောင်းဆောင်တွေ။ blackboard တွေ၊ ထိုင်ခုံတွေကအစ
ပြင်ဆင်ရတယ်။ အဲဒါကြောင့် တစ်အိမ်ကိုဘယ်လောက်ဆိုပြီး ကောက်ခံပါတယ်။ ဒါပေမဲ့ တစ်ချို့မိသားစုတွေက
အရမ်းခက်ခဲလွန်းလို့ သက်မှတ်ထားတဲ့ငွေကို မသွင်းနိုင်ဘူး။ အဲဒီမိသားစုထဲက ကလေးတွေတော့
ကျောင်းနေခွင့်မရဘူးပေါ့။ ဒီနှစ်ကိုက မိသားစုစားဝတ်နေရေး အဆင်မပြေဘူးဖြစ်နေတာ။ ဒီတော့
ကျောင်းနေချင်ပေမဲ့ မနေရတဲ့ ကလေးတွေပိုများလာရတယ်။ဒါကလည်းကျွန်တော်တို့ရွာအတိုင်းအတာနဲ့ပြောတာပါ။
ဒီရွာအနီးအနားမှာ ရှိတဲ့ ရွာငါးရွာလောက်မှာလည်း အစိုးရကျောင်းမရှိလို့ ကျောင်းမနေရတဲ့ကလေးတွေ
အများကြီးပဲ” လို့ မူလတန်းကျောင်းမရှိသော ရွာတွင်ကြုံတွေ့ရသော ပညာရေးအားနည်းချက်များအကြောင်း
ပြောပြသွားခဲ့သည်။
ယခုနှစ်ဆယ်တန်းအောင်ချက်အဖြေမှတ်တမ်းအရ ပလက်ဝမြို့နယ်သည်
ချင်းပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်၏ အောင်မြင်မှုရာခိုင်နှုန်းအနည်းဆုံးဖြစ်သည်ဟု
သိရသည်။ ထိုသို့ပလက်မြို့နယ်၏ ပညာရေးအကြောင်းနှင့်ပတ်သက်၍ ဆမီးတွင် တာဝန်ထမ်းဆောင်နေသော
ဆရာတစ်ယောက်အား မေးမြန်းမိပြန်သည်။ “ မြို့ပေါ်ကျောင်းနေအရွယ်ကလေးတွေတော့ ကံကောင်းတယ်လို့ပဲပြောရမယ်။
တချို့နယ်ကရွာတွေမှာ ကျောင်းမရှိလို့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရဘူး၊ ကျောင်းတော့ရှိပေမဲ့
မူလွန်ကျောင်းတစ်ကျောင်းမှာ ဆရာက ၂ ယောက်ပဲရှိတဲ့အတွက် ကျောင်းဆရာ မလုံလောက်လို့ စာသင်ပျက်ကွက်တာတို့ကြောင့်
ကလေးတွေရဲ့ အောင်ချက်မကောင်းတာတွေဖြစ်ရတယ်။” ဟုပြောသွားခဲ့သည်။
ဒီလိုဒေသမှာရှိကြတဲ့ ကလေးတွေက ကျောင်းနေချင်ပါလျှက်ကျောင်းမနေရတော့
အခုလိုမိုးရာသီမှာ မျှစ် (၀ါတုတ်)ကိုလိုက်ရှာပြီး မိသားစုကိုမိဘတွေနဲ့အတူ အလုပ်အကျွေးပြုနေရပြီ။
ဒီကလေးတွေရဲ့ ပစ္စုပန်နေ့ရက်လေးတွေတောင် ပညာနဲ့ဝေးနေရတာ သူတို့ရဲ့အနာဂတ်ဟာ ဘာတွေများ
သူတို့အတွက် အာမခံချက်ရှိနိုင်မလဲ။
ပလက်ဝမြို့နယ်တွင် ရွာပေါင်း ၄၀၀ ကျော်ရှိသည်။ ကျောင်းမရှိသော
ရွာနှင့် ကျောင်းမနေရသော ကလေးများလူဦးရေကို စာရင်းအတိအကျ ပြုစုမကောက်ယူနိုင်သေးပေ။
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။