ကျွန်တော်တို့ဘက်မှာ
အခုဆောက်လုပ်နေတဲ့ အိန္ဒိ္ဒယ
- မြန်မာဆက်သွယ်ရေးလမ်းကြောင်းဟာ အခုဆို ရင် ဆောက်လုပ်နေတာ ကာလအနည်းငယ်ကြာလာပြီဖြစ်ပါတယ်။
ဒီစီမံကိန်းရဲ့ကနဦးအဖြစ် စစ်တွေမှာ သင်္ဘောဆိပ်ကမ်းကို ယမန်နှစ်ကတည်းက ဆောက်လုပ်ခဲ့ပါတယ်။
ယခုအခါ ပလက်ဝမြို့ အရှေ့ဘက်ကမ်း မှာလည်း သင်္ဘောဆိပ်ကို ယခုဆောက်လုပ်နေပြီဖြစ်ပါတယ်။
ဒီစီမံကိန်းဟာ တကယ်ဘဲ ကောင်းမွန်တဲ့ စီမံကိန်း တစ်ခုဖြစ်တဲ့အတွက် စီမံကိန်းပြီးသွားလို့ဆက်သွယ်ရေးလမ်းကြောင်းကောင်းလာပြီဆိုရင်
ကျွန်တော်တို့ဒေသလည်း ယခင်နဲ့မတူ၊ တော်တော် စည်စည်ကားကား ဖြစ်လာပြီး ကုန်သွယ်မှုလုပ်ငန်း အမျိုးမျိုး
ကို အရင်ထက်ပိုပြီး လုပ်ဆောင်နိုင်တော့မယ်ဆိုတာ ဧကန်မလွဲဖြစ် ပါတယ်။
အဲဒီအချိန်ခါကျရင်
စားသောက်ဆိုင်တွေအရင်ထက်ပိုများလာတော့မယ်။ ခရီးတထောက်နားမယ့်နေ ရာတွေပေါ် လာတော့မယ်၊
အဲလိုနေရာမှာဆိုရင် ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အသီးအနှံရောင်းတဲ့ဆိုင်၊ စသည်ဖြင့်
ဈေးနှုန်းအတော်အတန်မြင့်တဲ့ ဆိုင်တွေအလျိုလျိုပေါ်လာပြီး နေ့၊ ည မအားရောင်းဝယ်မှုတွေ
ရှိလာပါတော့ မယ်။ ပြီးတော့ ကျွန်တော်တို့ဒေသမှာ ညအိပ်၊ ညနားနေလို့ရတဲ့ တည်းခိုခန်းတွေ
လောလောဆယ်မှာ မရှိ သလောက်ဖြစ်နေသေးတယ်ဆိုပေမယ့် အဲဒီအချိန်ရောက်ရင် တည်းခိုခန်းတွေ လည်း
ပေါလာပါတော့မယ်။ လမ်းမကောင်းတဲ့နေရာဆိုရင် ဖုန်တွေတထောင်းထောင်း၊ ဆိုင်ကယ်သံ၊ ကားသံတွေ
တ၀ူးဝူးနဲ့ နေရာတကာမှာ တော်တော်လှုပ်လှုပ်ရှားရှားဖြစ်တော့မယ်။ ဒါကတော့ မကြာတော့ တဲ့အချိန်မှာ
ပြောင်းလဲလာနိုင်တဲ့ အကြောင်းအရာတွေပေါ့။ ဒီ့ထက်မကတဲ့ ပြောင်းလဲမှုတွေအများကြီး ရှိနေပါသေးတယ်။
အသေးစိတ်တော့ မဖေါ်ပြတော့ပါဘူး။
ကျွန်တော်ကလူမှုရေးလုပ်ငန်းများကို
လုပ်ဆောင်နေတဲ့သူဖြစ်တဲ့အတွက် တခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ အခါအားလျော်စွာ ခရီးထွက်ရလေ့ရှိပါတယ်။
ဒါနဲ့ဟိုတလောက မြန်မာပြည်ရဲ့ ဒေသတနေရာကို အလုပ်ကိစ္စနှင့် ကျွန်တော်ခရီးထွက်ခဲ့ပါသည်။ ကျွန်တော်တို့
သွားတဲ့လမ်းက ကတ္တရာနဲ့ခင်းထား
တဲ့လမ်း
ဖြစ်တဲ့အတွက် တော်တော်ကောင်းပါတယ်။ ကားကလည်း စပါယ်ရှယ်ဆိုဖါခုံ၊ ပြီးတော့ အဲယားကွန်း
နဲ့ဆိုတော့ လမ်းကြောင်းတလျောက်သွားလာရတာ တော်တော်သက် သောင့်သက်သာရှိလှပါတယ်။ တီဗွီကြည့်
ချင်ရင် ကြည့်လိုက်၊ အိပ်ချင်ရင်အိပ်လိုက်နဲ့ ခရီးထွက်ရတယ်ဆိုပေမယ့် ပင်ပန်းတယ်လို့မရှိဘူး။
ဒီလိုနဲ့ ခရီးတ၀က်ကျိုးတဲ့အခါ အစာစား၊ ကျန်းမာရေးသွားဖို့ ခရီးတထောက်နား ပါတယ်။ အဲဒီ
ဟိုင်းဝေး လမ်းမပေါ်က ခရီးသည်တွေအတွက်ဖွင့်ထားတဲ့ဆိုင်တွေ အများကြီးရှိတာတွေ့ရပါတယ်။
ကျွန်တော်လည်း ဗိုက်ဟာလာတာနဲ့ အသက်တာဆုံးလို့ထင်တဲ့ ထမင်းသုတ်နဲ့ ငှက်ပျောသီးဖျော်ရည်ကို
မှာလိုက်ပြီး ဗိုက်ရေးကို ဖြေရှင်းလိုက် ပါတယ်။ ပိုက်ဆံရှင်းမယ်ဆိုပြီး ဆိုင်က၀န်ထမ်းကို
ခေါ်လိုက်တယ်။
“ဘယ်လောက်ကျလဲ
အစ်ကိုလေး “ လို့မေးလိုက်တယ်။ ဒါနဲ့သူက “အားလုံး တထောင့်ခြောက် ရာပါ” “ဗျာ .. ” “ထမင်းသုတ်က ရှစ်ရာ၊ ငှက်ပျောသီးဖျော်ရည်က
ရှစ်ရာ၊ အားလုံးထောင့်ခြောက်ရာပါ အစ်ကို” တဲ့။ အောင်မလေး.. ဈေးက မနည်းပါလား။ ထမင်းသုတ်ကတော့
ထားလိုက်ပါတော့၊ ငှက်ပျောသီးဖျော်ရည်က တခွက်ကို ရှစ်ရာတဲ့။ သူဖျော်တဲ့ ဖျော်ရည်က ရိုးရိုးပုံမှန်ဖျော်ရည်ပါဘဲ။
ဘာဘဲဖြစ်ဖြစ် သြော်.. ဒါက ဟိုက်ဝေး လမ်းမကြီးပေါ်မှာ ရောင်းတဲ့ဆိုင်ကိုး ဆိုပြီး ဖြေသိမ့်လိုက်ပါတယ်။
အဲဒီကနေ
ခရီးဆက်တာ နောက်နေ့ကျ ရွာကိုဆင်းပါတယ်။ အဲနေ့ည၊ ရွာမှာဘဲ အိပ်ဖြစ်ပါတယ်။ ဒီမှာကျွန်
တော်တွေ့တာက ဒီရွာက အဓိကဆက်သွယ်ရေးလမ်းမကြီးနဲ့ မနီးမဝေးမှာတည်ရှိပါတယ်။ ညမှောင်လာပြီ
ဆိုတာနဲ့ ရွာက လျှပ်စစ်မီးမရှိတော့ မှောင်မည်းပြီး ဟိုဟိုဒီဒီသွားဖို့ လမ်းတောင် မနည်းလျောက်ယူရပါတယ်။
ဒါပေမယ့် လမ်းမကြီးမှာက ထီးထီးကြီးနဲ့ နေ့ဘက်မှာလည်း အလွန်စည်ကား သလို၊ ညဘက်မှာလည်း လျှပ်စစ်မီး
အပြည့်နဲ့ လင်းထိန်နေပါတယ်။ မီးပျက်တယ်လို့မရှိဘူး။ အဲဒီအပြင် လမ်းမကြီးကလည်း တော်တော်ကောင်းပါ
တယ်။
ဒါနဲ့
ကျေးရွာခံလူကို ကျွန်တော်နည်းနည်းစပ်စုပြီး မေးကြည့်ပါတယ်။ အခုလိုလမ်းမကြီးရှိနေတော့
လမ်းပန်း ဆက်သွယ်ရေးကတော်တော်ကောင်းနေပြီ။ ဘယ်အချိန်မဆို သွားလာလို့ရနေပြီ။ ကုန်ရောင်း ကုန်ဝယ်အတွက်
တော်တော်အဆင်ပြေနေလောက်ပြီ။ အဲဒီလမ်းမကြီးရှိတာကြောင့် ဒီရွာမှာ ဘယ်လို အရာတွေပြောင်းလဲ
တိုးတက်လာမှုတွေရှိလာပြီလဲပေါ့။ ဒီတော့ သူကဖြေကြားပေးပါတယ်။ ဒီဘက်မှာဒီလို လမ်းမကြီးရှိ
နေပြီဆိုတော့ လမ်းပန်းဆက်သွယ်ရေးအရ သွားလာရတာတော်တော့်ကိုအဆင်ပြေပါတယ်။ ဘယ်အချိန်၊
ဘယ်ဘဲသွားသွား၊ သွားချင်းသလိုသွားလို့ရပါတယ်။ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီဘက်မှာကဘယ်လို
ဖြစ်နေလဲဆိုတော့ ကျွန်တော်တို့ဒီဘက်မှာရှိတဲ့လူတွေ၊ အထူးသဖြင့် ကျွန်တော်တို့ လို ကျေးလက်သားတွေက
အဲဒီလမ်းမကြီးကို အသုံးပြုပြီးလုပ်ကိုင်စားသောက်ရလောက်တဲ့ အရင်းအနှီး မရှိဘူးဆိုတော့
ဘာလုပ်လို့ရမလဲ။ တက်နိုင်တဲ့သူတွေဘဲ လုပ်ကြပါတယ်။ ကျွန်တော်တို့လို လူတွေက မလုပ်နိုင်ကြပါဘူး။
ကျွန်တော်တို့လည်း သူများတွေလိုလုပ်ချင်ပေမယ့်မလုပ်နိုင်ဘူးပေါ့။ နောက်တစ်ခုဆိုး တာက
ပိုက်ဆံတက်နိုင်တဲ့ လုပ်ငန်းရှင်တွေ ဘဲ။ သူတို့တတွေ အများကြီးဝင်လာတယ်။ အရင်ကတော့ ဒီအနီးအနားမှာ
ဒီလိုဘဲ ကြုံသလိုလုပ်ပြီး အဆင်ပြေ ပါသေးတယ်။ ဒါပေမယ့်အခုတော့ ဘယ်နေရာဆို ဘယ်သူပိုင်တာ၊
ဒီနေရာဆို သူပိုင်တာနဲ့ ကျွန်တော်တို့ အတွက် လုပ်ကိုင်ရတာ တော်တော်ကြပ်တည်း လာပါတယ်။
ဒီတော့ ကျွန်တော်တို့ ဒီရွာမှာ ရှိတဲ့သူတွေက များသောအားဖြင့် လမ်းမပေါ်မှာ ကျောက်ခွဲ တယ်။
သူများတွေ ခြံမှာ နေ့စားလုပ်တယ်။ ရတာလေးနဲ့ဘဲ လုပ်ကိုင်စားသောက်ကြတယ်။ ကျွန်တော် တို့မှာ
အဓိကကတော့ အရင်းအနှီးမရှိတာပါဘဲ။ အရင်းအနှီးမရှိတော့ ဘာမှလုပ်လို့မရဘူးပေါ့။ အဲဒါကြောင့်
များသောအားဖြင့်က မိသားစုစားဝတ်နေရေးအတွက် ကြုံသလိုလုပ်ငန်း မှာဘဲ အလုပ်လုပ်ပြီး အသက်မွေး
ဝမ်းကျောင်းပြုနေရတာပေါ့။
ဟုတ်ပါတယ်။
သူတို့ပြောသလိုပါဘဲ၊ ရွာမှာရှိတဲ့သူတွေအများဆုံးဟာ နေ့စားဘဲ လုပ်ကြတာများပါတယ်။ အဲလို
နဲ့ဘဲ ဘ၀ကို အဆင်ပြေသလိုဖြတ်သန်းနေကြရပါတယ်။ သူတို့ဘ၀ခမျာလည်း တကယ်ဘဲ ကြမ်း တမ်း လှပါ
တယ်။ မိသားစုနဲ့၊ ကလေးနဲ့၊ အဲလို အိမ်ထောင်စုဝင်တွေကလည်းများ၊ ၀င်ငွေကလည်းကြပ်၊ တခါတခါ
ကုန်ဈေးနှုန်းတွေ ကလည်းတက်နဲ့.. သိပ်မလွယ်တဲ့ဘ၀တစ်ခုပါဘဲ။ တနည်းအားဖြင့် ကြည့်ရင် အဲဒီဘက်က
တိုးတက်လာပါတယ်ဆိုတဲ့ ဆက်သွယ်ရေးလမ်းမကြီးဟာ ဒေသခံတွေ ပြောင်းလဲတိုးတက်စေ မယ့်လမ်းတွေ
သိပ်မဖန်တီးနိုင်တဲ့အပြင် အလုပ်ကြမ်းတွေကို လုပ်ဆောင်နေရတဲ့အလုပ်သမားတွေဘ၀ဖြစ် ကုန်စေမယ့်
စီမံ ကိန်းများ ဖြစ်နေပါရောလား .. ဆိုတဲ့ မေးခွန်းတစ်ခု ကျွန်တော့်ခေါင်းထဲပေါ်ထွက်လာပါ တယ်။
အခုကျွန်တော်တို့ဘက်မှာလည်း
လမ်းပန်းဆက်သွယ်ရေးစီမံကိန်းတွေဝင်လာပြီ ဆိုတော့ ဒေသခံတွေ အနေနဲ့ စပြီး စဉ်းစားဖို့လိုလာပြီ။
ဒီလမ်းမကြီးဆောက်လုပ်ခြင်းပြီးစီးပြီဆိုရင် ဘာတွေဖြစ်ပေါ်လာနိုင်သလဲ။ ဘာအကျိုး ကျေးဇူးတွေရရှိနိုင်ပါသလဲ။
ဒီလမ်းမကြီးက ဒေသဖွံ့ဖြိုးရေးကို စဉ်းစားပေးနိုင်သလား၊ ဒါမှမဟုတ် လူကုံထုံတွေချမ်းသာသထက်
ပိုချမ်းသာဖို့အတွက် ကျွန်တော်တို့ဒေသခံတွေက သွေးနဲ့ချွေး နဲ့ရင်းပြီးရုန်းကန် ပေးရတဲ့
အသုံးပြုခံတွေများ ဖြစ်သွားနိုင်ပါသလား။ နောက်ပြီးတော့ စဉ်းစားစရာကောင်း တာက ကျွန်တော်တို့
ဒေသခံတွေက များသောအားဖြင့် ဒီလမ်းမကြီးပေါ်မှာ ကျောက်ထုပြီး တနေ့စာရုန်း ကန်နေရတဲ့ အလုပ်သမား
များဖြစ်သွားနိုင်မလား။
ဒေသခံတွေအနေနဲ့
ဘယ်လိုလုပ်သင့်သလဲဆိုတာကို ကြိုတင်ပြင်ဆင်မှု၊ စဉ်းစားထားမှုမရှိခဲ့ဘူးဆိုရင် သူ့ရဲ့ရိုက်
ခတ်လာမယ့် လှိုင်းဒဏ်ကို ခုခံနိုင်ဖို့ နည်းနည်းခက်သွားမယ်ထင်မိပါတယ်။ ဒေသခံတွေဟာ ကိုယ့်ဒေသဖွံ့ဖြိုး
ရေးအတွက်မလုပ်ဆောင်နိုင်တဲ့အပြင် အထူးသဖြင့် အမျိုးသမီးတွေဆိုရင် ဗန်းကလေးတွေကိုင်ကာ
ခုနက ခရီးတထောက်နားတဲ့ဆိုင်တန်းတွေရှေ့မှာ နေ့၊ ည မအိပ်နိုင်၊ မနားနိုင် ဈေးရောင်းပြီး
မိသားစုဘ၀ကို ခက်ခက်ခဲ ခဲ ရုန်းကန်နေရတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ်။ အမျိုးသမီးငယ်တွေဆိုရင်လည်း
မတော်တရော်နေရာကို ရောက်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်ဆိုင်ရမယ့် စီးပွားရေး၊
ပညာရေး၊ နိုင်ငံရေးဆိုင်ရာနှင့်အခြား ယှဉ်ပြိုင်မှုက အရင်ကထက်ပိုမိုပြင်း ထန်လာနိုင်လို့ဘဲဖြစ်ပါတယ်။
အတိုချုပ်ပြောရရင်တော့ ယှဉ်ပြိုင်နိုင်ရင် စင်ပေါ်ရောက်မယ်၊ မယှဉ်နိုင် ရင်တော့ အဲဒီဒဏ်ချက်အောက်မှာ
ကျဆုံးသွားမယ်။ အဲဒီဒဏ်က နှစ်ချီပြီး ခံစားရသွားနိုင်ဖြစ်သွားနိုင် ပါတယ်။ လူမှုအဆင့်အတန်းက
သိသိသာသာကွဲပြားလာပြီး ထိခိုက်လွယ်သူအုပ်စု တွေဟာ အရင်ထက်ပိုမိုအထိခိုက်လွယ်သူအဖြစ်ကို
ရုပ်ခြင်းပြောင်းလဲသွားနိုင်ပါတယ်။
နောက်တစ်ခုကျွန်တော်တို့ထည့်စဉ်းစားဖို့လိုတာက
ဥပမာ တစ်ခုနဲ့ နှိုင်းပေးပါရစေ။ အရင်က တရုတ်ပြည်မှာ
အင်္ဂလိပ်တွေအုပ်စိုးစဉ်က တရုတ်ပြည်မှာ ရှိတဲ့ ပြည်သူတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ကလေး မူးယစ်ဆေးဝါး
သုံးစွဲမှု တစ်ခေတ်ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက ဒေသခံ ပြည်သူများ ဟာ ဘိန်းဘဲစွဲနေပြီး
နိုင်ငံ အရေးကို အဲလောက်အထိမပါဝင်နိုင်တော့ဘူးဖြစ်သွားတယ်။ လူတွေ ဟာ များသောအားဖြင့်
ဘိန်းစား၊ ဘိန်းရှူ တာနဲ့ဘဲ အချိန်ကုန်ကြပြီး ဘ၀ရဲ့အချိန်တွေအပြင်၊ ကိုယ်ခန္ဓာက အားအင်တွေလည်း ချိနှေးကုန်ကြတယ်။
နိုင်ငံတော်အတွက် ရာနှုန်းပြည့် မလုပ်ဆောင်နိုင်ကြတော့ဘူး။ ဒီလိုနဲ့ သူတို့ရဲ့ ကြီးစိုးမှုအောက်မှာ
ကာလ အနည်းငယ်ကြာ အဓွန့်ရှည်နေရခဲ့ဖူးပါတယ်။
မကြာသေးခင်က
ကျွန်တော်တို့ဌါနီ ပလက်ဝဒေသဘက်ကို အလည်တစ်ခေါက်အရောက်ပြန်ဖြစ်ခဲ့ပါတယ်။ အဲကိုရောက်တဲ့အခါ
လူငယ်တွေတော်တော်များများဟာ အရက်ကို နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ်
သောက် လေ့
သောက်ထရှိတာကို ကျွန်တော်တွေ့ရှိရပါတယ်။ တချို့တွေက အရက်ဂျိုးရုပ်တောင်
ပေါက်နေတာကို
အံ့သြ စွာတွေ့ရှိရတယ်။ အသက်အားဖြင့်တော့ လူလတ်ပိုင်းဘဲရှိပါသေးတယ်။ ဒါပေမယ့် အရက်သောက်တာများ တော့ ရုပ်က တော်တော်အိုစာသွားတယ်။
ဒါနဲ့ပတ်သတ်ပြီး ဟိုနေ့က
ဒေသခံ သူငယ်ချင်း တစ်ယောက်ကလည်း ဖုန်းဆက်ပြီး ပြောပြပါသေးတယ်။
ယနေ့ ကျွန်တော်တို့ ဘက်မှာရှိတဲ့ လူငယ်တွေဟာ အရက်တော်တော် သောက်ကြတယ်။ တချို့တွေဆို
တော်တော်ဆိုးဆိုး ၀ါးဝါးကို စွဲသောက်နေကြတယ်..တဲ့။ ဒါကလည်း စဉ်းစား စရာ ကောင်းတဲ့အချက်တစ်ချက်ဘဲဖြစ်ပါတယ်။
သူများတွေက ကွန်ပြူတာတစ်လုံးနဲ့ အချိန်ရှိသရွေ့ကြိုးစား နေတဲ့အချိန်မှာ ကျွန်တော်တို့ဒေသ ကလူတွေ က
ဒီနေ့၊ မနက်ဖြန် မပြောင်းမလဲ ဒီပုလင်းအပေါ် သစ္စာရှိရှိ နှစ်ပါးသွားကမြဲ ကနေကြတယ်။
လက်ရှိအချိန် ကို ဒီနည်းနဲ့ ဖြုန်းနေကြတယ်ဆိုရင် မနက်ဖြန်သူ တို့အိပ်နေတဲ့အချိန်မှာ
ဒို့တတွေပြေးရလိမ့်မယ် ဆိုတာ မြေကြီးလက် ခက်မလွဲတော့ပါဘူး။ ယနေ့လူငယ်တွေ သိထားဖို့ကောင်းပါတယ်။
နိုင်ငံရဲ့အနာဂတ်၊ ဒေသရဲ့ အနာဂတ်ဟာ ယနေ့လူငယ်တွေရဲ့ လက်ထဲမှာရှိပါတယ်။ ဒါ့ကြောင့် ယနေ့ လူငယ်တွေကို
စဉ်းစားစေချင်ပါတယ်။ အနာဂတ်မှာ ဘယ်လိုမျိုးတွေဖြစ် သွားနိုင်မလဲ။ မကြာခင် ဒလဟောပြောင်းလဲတိုးတက်လာမယ့်လူမှုဝန်းကျင်က
စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွားဖို့အဆင် သင့်ဖြစ် နေကြပြီလား။ နောက်ပြီးတော့ အရေးကြီးတာ
တစ်ခုက ဒေသထွက်သဘာဝသယံဇာ တတွေ လက်ဝါးကြီးအုပ်သွားမယ့် စီးပွားရေး လုပ်ငန်းရှင်တွေလက်ကနေ
ကာကွယ်ဖို့ ယခုအချိန်မှာ ဘယ်လို လုပ်လို့ ရနိုင်ပါသလဲ။
လိုအပ်တဲ့ ပြင်ဆင်မှု၊ လေ့လာမှု၊ ကြိုးစားအားထုတ်မှုတွေ အခုအချိန်မှာ မပြင်ဆင်ရင် နောက်မှဆိုတာ
နောက်ကျသွားနိုင်ပါတယ်။ ဥပမာ - အခုကားလမ်းပေါက်ပြီး တဲ့နောက်မှာဆိုရင်
စီးပွားရေး လုပ်ငန်းရှင်တွေက ၀င်လာပြီး လုပ်ကွက်ကောင်း မယ့်နေရာ ဟိုနေရာကို သူတို့ဝယ်လိုက်၊
ဒီနေရာကို သူတို့ ကြိုဝယ်လိုက်နဲ့၊ နောက်ဆိုရင် ဒေသခံတွေအတွက် အသုံးပြုလို့ရတဲ့ သဘာဝအရင်းအမြစ်ဆိုတာ
ရွာအနီး အနားမှာ ရှိမှာမဟုတ်တော့ဘူး။ အခန့်မသင့်ရင် မိမိအိမ်ဆောက်ဖို့ သစ်၊ ၀ါးတွေကအစ
သူတို့ဆီက ပြန်ဝယ်ရမယ့်ကိန်းဆိုက်သွားနိုင်ပါတယ်။ ဒီလိုနဲ့ဘဲ ဒို့ဒေသခံတွေဟာ လုပ်စရာ၊
ကိုင်စရာ နေရာမရှိနဲ့ ဆင်းရဲသ ထက် ဆင်းရဲကာ ဘာမှမပိုင်ဆိုင်နိုင်လို့ တဲစုတ် ကလေးနဲ့
နေထိုင်ရတဲ့ ဘ၀ထိ ပြောင်းလဲသွားတာကို မျက်ဝါး ထင်ထင် မြင်နေရတဲ့အထိ ဆိုးရွားသွား နိုင်ပါတယ်။
ဒီနည်းနဲ့ ဒီရေစီးကြောင်းက သူတို့ကို မညာမတာစွာဖြင့် အလုပ်သမား တိုက်သွင်းသွားနိုင် ပါတယ်။
အဲဒါကြောင့်မို့လို့
ဒေသခံတွေဟာ ဒီပြောင်းလဲမှုဖြစ်စဉ်မှာ တစ်ဦးယောက်ချင်းအနေနဲ့ဖြစ်စေ၊ အဖွဲ့လိုက် အနေနဲ့
ဖြစ်စေ၊ ရပ်ရွာလိုက်၊ မြို့နယ်အလိုက် မိမိတက်စွမ်းနိုင်သည့်ကဏ္ဍကနေ တက်အားသရွေ့ ယခု အချိန်မှစတင်ကာ
ပူးပေါင်းပါဝင်ဆောင်ရွက်သွားဖို့ အထူးအရေးကြီးလာပါပြီ။ အချိန်ရှိပါသေးတယ်ဆိုပြီး ခဏထားမယ်ဆိုရင်
ကျွန်တော်တို့ဒေသခံတွေအတွက် ခဏတာ နောက်ကျခြင်းပါဘဲ။ ဒီအရေးအတွက် ယနေ့ပြင်ဆင်ထားဖို့
လိုအပ် ပါပြီ။ ယနေ့အချိန်မှာ ပြင်ဆင်ထားမှ မကြာမီပြောင်းလဲလာမယ့် ဒီလှိုင်းကြီး ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
မနက်ဖြန်ဆိုတဲ့အချိန်ကို ယနေ့၊ ဒီအချိန်အဖြစ် အတူတကွ
ရွှေ့လိုက်ကြ ရအောင်လား …။
စာဖတ်သူများအားလုံး
ရွှင်လန်းချမ်းမြေ့ပါစေ..
မျိုးချစ်သူ
(တောင်စိုမြေ)
Post a Comment
မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။