ချစ်သော မေမေသို့ တမ်းချင်း

Wednesday, July 04, 20120 မှတ်ချက်

မိခင်များနေ့ဆိုတာရောက်ပြန်ပြီလေ… ကမ္ဘာသူ/သားတွေက မိခင်တို့၏ မေတ္တာ တရားတွေကို သိကြလို့ ကမ္ဘာ့မိခင်များနေ့ကို သတ်မှတ်ကြတဲ့နေ့ပေါ့…။ လူလောကကြီးဆီ သားကို အရောက်ပို့ပေးပြီး သားအသက် သုံးနှစ်သားအရွယ်မှာ ဝေးကွာခဲ့ကြတယ်၊ နောင် ခုနှစ်နှစ်ကြာမှ တစ်ခါ ပြန်တွေ့ခဲ့ကြတော့ သားကို ကိုးလလွယ် ပြီး အသက်လုပြီး လူ့လောကကို သယ်ဆောင်ပေးတဲ့ မေမေကို သား မေမေလို့ မခေါ်ရဲခဲ့ဘူးလေ မေမေ။ သားလူမှန်း သိတတ်ခါစ အရွယ်မှာ မေမေနဲ့ တစ်ပတ်တောင် အတူ အချိန် မသုံးဖြစ်ခဲ့ကြဘူးနော်…။ သား ဆယ်နှစ်သားအရွယ်သားနဲ့ ပထမ အကြိမ်တွေ့ကြတဲ့အချိန်မှာ မေမေ သားကို ကို သားလို့ ခေါ်ခဲ့ ပေမယ့် သားမေမေ့ကို မေမေ လို့ တစ်ခါမှ မခေါ်ခဲ့ဘူးမေမေရေ…။
မေမေလို့ ခေါ်တဲ့ သားရဲ့ ခေါ်သံကို မေမေ သိပ်ကြားချင်မယ်ဆိုတာ သားနောက်မှသိလိုက်ရတယ်…မေမေနဲ့ အတူနေတဲ့ တစ်လျှောက် မေမေကို သားဘယ်တော့မှ မေမေလို့ မခေါ်ဖြစ်ခဲ့ဘူး…သားမေမေ့ကို မေမေလို့ခေါ်ဖို့ ရှက်လွန်းလို့လေ…။မေမေ ဟာ သား အတောင့်တဆုံးလူသားတစ်ယောက်ပါ…မေမေ သက်ရှိထင်ရှားရှိစဉ် သားနဲ့ သုံးကြိမ်တိတိ ဆုံဖြစ်ခဲ့ကြတယ်နော်…။ မေမေ နဲ့ အပြီး ဝေးခဲ့ကြတာ ၁၅ နှစ်ပြည့်ပြီလေ။ သားမေမေ့ အပေါ်ကျေးဇူး မသိတတ်ခဲ့ဘူး၊ ကျေးဇူးကန်း မိုက်ရိုင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်မေမေ ရေ။
သား ဆယ်နှစ်သားအရွယ် မေမေနဲ့ ပြန်တွေ့ကြတုန်းက သားကို မေမေ့ပေါင်ပေါ်ထိုင်ခိုင်းပြီး သားခေါင်းကို ကြင်နာယုယစွာ မေမေ့လက်နဲ့ ပွတ်သပ်ပေးနေတာ အခုထိ မြင်ယောင် မိသေးတယ်..မေမေ့သား မြန်မြန်လူပျိုဖြစ်တာကို မြင်ချင်တယ်…သားရဲ့ အစ်ကိုကြီးလို ပညာတတ် တစ်ယောက်ဖြစ်စေချင်တယ်” လို့ မေမေ ပြောခဲ့တဲ့အတိုင်း မေမေ သားကိုဖြစ်စေချင်တဲ့ ဆန္ဒဖြစ်စေရမယ်လို့ သားဆုံးဖြတ်ထားခဲ့တယ်…ဒါပေမယ့် မေမေရေ သားမေမေဖြစ်စေချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ ကြိုးစားနေချိန်မှာပဲ သားကို နူတ်မဆက်ဘဲ လူ့လောက ကနေ ထာဝရ အဘရင်ခွင်ကို ခိုနား သွားတယ်နော် မေမေ သားရဲ့ အောင်မြင်မှုကို မတွေ့သေးဘဲ သားကို ထားရစ်ခဲ့တယ်…ဒါပေမယ့် မေမေ့ကို သား အပြစ်မတင်ပါဘူး မေမေ…အချိန်တန်လို့ အိမ်ပြန်တာ ကိုလဲ သား အပြစ်မဆိုပါဘူး…တစ်နေ့ မေမေနဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းမရှိတဲ့ ကောင်းကင် ရွှေပြည်မှာ အတူပြန်ဆုံတွေ့ကြပြီး နွေးထွေးလှတဲ့ ထာဝရ ဘုရားသခင်ရဲ့ရင်ခွင်တော်မှာ အေးချမ်းစွာ နေရမှာပါမေမေ…။
သားဆယ်တန်းအောင် တော့ ၂ နာရီလောက်ပဲ ပျော်ဖြစ်ခဲ့တယ်…နောက်တော့ မေမေ သားဆယ်တန်းအောင်တာကို တွေ့ရင် မေမေ ဘယ်လောက်များ ဝမ်းသာပီတိတွေဖြစ်မလဲ ဆိုပြီးစဉ်းစားတော့ မေမေ့ကို သားမတွေ့ရတော့ လို့သား ငိုခဲ့ရတယ်…ဆယ်တန်းအောင်ပြီးနောက် ခရစ်ယာန် ဓမ္မတက္ကသိုလ်မှာ ပညာသင်ပြီး ဘွဲ့ယူပြန်တယ်…မေမေ့ကို သတိရလို့ သား မပျော်နိုင်ဘဲ ငိုခဲ့ရပြန်တယ်…မေမေ ဖြစ်စေချင်၊ မြင်တွေ့ချင်တဲ့အရာတွေ သားအကုန် ဖြည့်ဆည်းနိုင်ခဲ့တယ် မေမေရေ…။
သား အခု နိုင်ငံခြားက ခရစ်ယာန် ဓမ္မတက္ကသိုလ်မှာ မဟာဘွဲ့တောင် တက်နေတာ ကျောင်းပြီး ခါနီးပြန်ပြီလေ…။ မေမေ သာ သက်ရှိထင်ရှားရှိနေသေးရင် မေမေ့ဆီသား ပြန် လာမယ့်နေ့ကို မေမေ စောင့်မျှော်နေမှာပါနော်…သား ပညာတွေတတ်၊ အရွယ်ရောက်တော့ မေမေသားကို အိမ်ထောင် ချပေးချင်မယ် ဆိုတာ သားသိပါတယ် မေမေ…သား ကျောင်းပြီးရင် မကြာခင် လက်ထပ်ရမယ့် သားမှာ ချစ်သူတောင် ရှိပြီလေ…မေမေ အတွက် ချွေးမကောင်းလေးကို သား ရွေးချယ်ပေးထားပါတယ်…။ မင်္ဂလာဆောင် ညမှာ သားမငိုပါရစေနဲ့တော့ မေမေရေ…။ မေမေ ရှိတဲ့ နေရာ အဘရင်ခွင်ကနေ သားအဖြစ်ကို ဂုဏ်ယူပေးပါလို့ သားတောင်းဆိုချင်တယ် မေမေ…။
သားမေမေ နဲ့ အတူမနေရတော့ မေမေ့ မေတ္တာအကြောင်းရေးဖို့ စကားလုံးတွေရှာမတွေ့လို့ မိခင်များနေ့ ရောက်တဲ့အခါ သူများသားသမီးလို့ မေမေ့ မေတ္တာအကြောင်းဖွဲ့နွဲ့ မရေးတတ်ခဲ့ဘူး မေမေ…။ တကယ်တော့ သား မိဘမေတ္တာကို ခံစားဖူးချင်တာပါ။ သားရဲ့ သူငယ်ချင်းတွေ မိဘမေတ္တာ အကြောင်းပြောကြတော့ သားမှာ ဘာမှပြောစရာမရှိခဲ့တာ အမှန်ပါ…။ သားဆယ်တန်း ကျူရှင်တက်တုန်းက မိဘမေတ္တာ အကြောင်း စာစီစာကုံးပြိုင်ပွဲမှာ သား ဒုတိယအဆင့်ရခဲ့ဖူးတယ်… ဒါဟာ ကိုယ်တိုင်မခံစားရဘဲနဲ့ သူများရေးထားတဲ့ မိဘမေတ္တာအကြောင်းတွေကို ရေးခဲ့လို့ရတာပါ။ သားအတွက်တော့ မိဘမေတ္တာဆိုတာ စာအုပ်စာပေထဲမှာပဲတွေ့ရတာပါ…။ဒါပေမယ့် သားက မေမေ့ကို ချစ်တာထက် မေမေ သားကိုပိုချစ်တယ်ဆိုတာတော့ သားယုံကြည်ပါတယ်…။ သား မေမေ့ အပေါ်ပြုသင့်ပြုထိုက်တဲ့ တာဝန်ပျက်ကွက်မှု ကို ခွင့်လွတ်ပေးပါနော် မေမေ…။
မေမေချစ်တဲ့သား (မောင်ညို)
သားသမီးတိုင်း မိဘ အပေါ် တာဝန်ကျေပွန်ကြပါစေ…

စွမ်းထက်မောင် (သဇင်မြေ) ရေးသားသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger