အာဟာရရှိသော စာပေကိုများများဖတ်ရှုပါ

Tuesday, July 24, 20120 မှတ်ချက်

စာပေဟာ ဦးနှောက်အတွက်အစာ ဖြစ်တယ်လို့ စာရေးဆရာ George S. Clason ကပြောပါတယ်။ နေ့တိုင်းခန်ဓာကိုယ် ကျန်းမာထွားကြိုင်းဖို့အတွက် အစာရေစာ စားရသလိုပဲ၊ ဦးနှောက်ဖွံဖြိုးမှုရှိဖို့တော့ စာတွေများများဖတ်ဖို့ လိုအပ်ပါတယ်။ ထမင်းတစ်နပ်မစားရင် အားနဲသွားတယ်လိုခံစားကြတယ်။ ပညာရှင်တစ်ယောက်အတွက်တော့ စာတစ်ရက်တစ်လေများ မဖတ်ပဲနေရင် အစာမစားရသလို ခံစားရမယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် စာများများဖတ်ဖို့လိုပါတယ်။ ဒီလိုများများဖတ်ခြင်းကြောင့် လူပုံအလယ်မှာ ပြောရဲဆိုရဲ ရှိလာမှာပါ။

စာရေးသူကျောင်းသားဘ၀တုန်းက လူတွေအလယ်မတိုးရဲခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နေထိုင်ရာ အရပ်မှာဖတ်စရာ၊လေ့လာစရာ စာအုပ်စာပေ များများမရှိခဲ့ဘူး။ အားတဲ့နေ့တွေမှာ ပြန်ကြားရေးရုံးကိုသွားပြီး စာတွေဖတ်ခဲ့တယ်။ ကျောင်းစာအပြင်တခြားဗဟုသုတ စာပေတွေကို လက်လှမ်းမှီသလောက် ရှာဖွေဖတ်ရှုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ညီတွေကို ပြောလေ့ရှိတယ်။ မင်းတို့ဖတ်ဖို့စာအုပ်စာပေတွေ ရှာစရာမလိုအောင်အိမ်မှာ အဆင်သင့်ထားပေးတယ်။ ဖတ်ကြပါ။ မင်းတို့ဘ၀၊ သင်ခန်းစာတွေကို အမြင်ဖွင့်၊ လမ်းပြပေးမဲ့အရာက ဒီစာတွေပဲ..လို့ပြောပြလေ့ရှိတယ်။ စားများများဖတ်ကြဖို့အမြဲတိုက်တွန်းနေရတာက ကိုယ်ကိုယ်တိုင်က စာပေရဲ့အကျိုးကို သိရှိနားလည်လို့ဖြစ်တယ်။

တစ်နေ့တော့ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတစ်ခုမှာ သူဌေးတစ်ယောက်ကို စကားထပြောခိုင်းပါတယ်..။ တက်ရောက်သူလူတွေနှင့် ကျောင်းသူကျောင်းသားများ အထင်မှာတော့ ဒီလူက ငါတို့အတွက်အရေးကြီးမှတ်သားစရာ စကားအများကြီးပြောသွားလိမ့်မယ် လို့မျှော်လင့်ထားကြပေမဲ့ မှန်းချက်နှင့်နှမ်းထွက်က မကိုက်ဘူးဖြစ်ခဲ့ရတယ်။ ဘာလို့လဲ..။ ပိုက်ဆံကိုအငမ်းမရလိုက်ရှာရင်း စာအုပ်စာပေ မဖတ်ဖူးတော့ ဘာပြောရမှန်းမသိ။ ပြောလိုက်တာတွေက ရီစရာ၊မောစရာတွေ။ ဒါတွေပြောရမဲ့ အချိန်မဟုတ်ဘူးလို့ သူသိကောင်းသိမှာပါ..။ ဒါပေမဲ့ သူ့မှာဒါတွေပဲ ပြောတတ်တာကိုး။ အတိုချုံးပြောရရင် ဆုလာယူတဲ့ကျောင်းသားတစ်ဦးရဲ့ ကျေးဇူးတင်စကားလောက်တောင် နားထောင်စရာမကောင်းဘူး ဆိုတာသိခဲ့ရတယ်။

ဒီလိုစာတွေဖတ်တဲ့နေရာမှာ စာကောင်းပေကောင်းတွေတော့ ရွေးဖတ်တတ်ဖို့တော့ လိုပါတယ်။ အစာဟာလူတို့အတွက် အာဟာရဖြစ်စေနိုင်သလို အဆိပ်အတောက်လည်း ဖြစ်စေနိုင်ပါတယ်။ အေး..အဲသလိုပဲ ကျွန်တော်တို့ ဖတ်တဲ့စာတွေဟာ အဆိုးလား၊အကောင်းလား။ အကျိုးရှိမဲ့စာလား၊ ဒါမှမဟုတ် အကျိုးမဲ့အချိန်ဖြုန်းတီးတာ သက်သက်လားဆိုတာ သိဖို့လိုအပ်တယ်။ စာရေးဆရာတွေကတော့ မတူညီတဲ့ခံယူချက် အမြင်အမျိုးမျိုးရှိကြပါတယ်။ ကိုယ်ဖတ်လိုက်တဲ့စာတွေကို နာနာဖတ်ဖို့လိုအပ်တယ်။ အဲလိုဖတ်ခြင်းဖြင့် စာရေးသူရဲ့ ခံစားချက်အမှန်ကို ကွက်ကွက်ကွင်းကွင်း နားလည်နိုင်မှာပါ။ ဒီလိုနားလည်လာပြီးတဲ့နောက်မှတော့ ဒီစာဟာအဖိုးတန်တဲ့ စာလား၊ စာပေါစာလွင်လား သိမှတ်လာလိမ့်မယ်။ အဲဒီကိုယ်ဖတ်လိုက်ရတဲ့စာထဲက အဆိပ်ဖြစ်စေမဲ့စာကိုတော့ ပယ်ပြီး၊ အာဟာဖြစ်စေမဲ့ စာတွေကို ဦးနှောက်ထဲအထိသိမ်းဆည်းထားဖို့လိုပါတယ်။

အစာစားတာဟာ အာဟာရဖြစ်စေပေမဲ့ အစားအစာတိုင်းဟာ အာဟာရမဖြစ်စေတဲ့အတွက်ကြောင့် စာရေးဆရာကြီးတစ်ယောက်က အစာက အဆိပ်သင့်ရင် လူတစ်ဦးတစ်ယောက်ကိုပဲ သေစေနိုင်ပြီး စာပေကသင့်တဲ့ အဆိပ်ကတော့ တစ်မျိုးသားလုံးကို သေစေနိုင်တယ်..လို့ပြောဖူးပါတယ်။ ဒါသိပ်ကိုမှန်ပါတယ်။ စာရေးဆရာ တစ်ယောက်ရဲ့ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ တစ်ခါတစ်လေ သေနတ်ကျည်ဆန်တစ်ထောင့်ထက် ပိုအန္တာရာယ်ပြုနိုင်ပါတယ်။ ကျည်ဆန်တစ်ထောင့်ဟာ လူတစ်ယောက်ရဲ့ အသက်ကိုပဲ နုတ်ယူသွားနိုင်ပေမဲ့ စာတစ်ကြောင်းကြောင့် လူမျိုးတစ်မျိုးလုံးရဲ့ အသက်ကိုအန္တာရာယ်ပြုနိုင်ပါတယ်။ ဒါကြောင့် စာရေးသူတွေလည်း စာတစ်ကြောင်းရေးတိုင်း အမြဲဂရုစိုက်သတိထားသင့်ပြီး စာဖတ်သူတွေ၊ စာပေကိုချစ်သူတွေအနေနဲ့လည်း ကျန်းမာစေမဲ့၊ ခွန်အားရှိစေမဲ့ စာပေတွေကို ရွေးချယ်ဖတ်ရှုသင့်ပါတယ်..။

အောင်မြင်ချင်သူတိုင်း စာဖတ်ရမှာပါ။ အောင်မြင်တဲ့ အားကစားသမားတိုင်း အာဟာရရှိတဲ့အစားအစာတွေပုံမှန်စားပြီး လေ့ကျင့်ခန်းပုံမှန် လုပ်ပေးရသလို အောင်မြင်တဲ့လူတစ်ဦး၊တစ်ယောက်ဖြစ်ဖို့တော့ အာဟာရရှိတဲ့စာတွေကို ပုံမှန်ဖတ်တဲ့အလေ့အကျင့်ကို ပြုလုပ်သင့်ပါတယ်လို့တိုက်တွန်းလိုပါတယ်။
အားလုံးစာကောင်းပေကောင်းတွေဖတ်ရင်း ဘ၀အောင်မြင်ခြင်းများ ပိုင်ဆိုင်နိုင်စေကြောင်း။

ပီတာလွယ်လူး(မြန်မာစာ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger