တောင်တန်းကမွေးတဲ့မြို့

Wednesday, July 11, 20120 မှတ်ချက်


စိမ်းညို့ညို့တောင်တန်း
အနောက်ခြမ်းအရပ်က
လက်ချောင်းပမာ ယှက်သွယ်
ဖက်ဆွတ်တောင်စွယ်ကြား
မမြင်ကွယ်ရာခိုကပ်
မြို့ရဲ့ရင်ဘတ်ထဲ
စီးဝင်သွားတဲ့မြစ်…။
ယပန်း…တဲ့
ကစ္ဆပနဒီလား ခေါ်သေးရဲ့
ကုလားတန်လား ခေါ်သေးရဲ့
သုံးမည်ရမြစ်ကလေး
ကမ်းနံဘေးပေါ်မေးတင်
တောင်စဉ်တွေဝန်းဝိုက်
တောင်တန်းရဲ့ဝမ်းဗိုက်က
ထွေးပိုက်ခံရတဲ့
မြို့ကလေး…။
လိမ္မော်လည်းချိုတယ်

ခေါင်ရည်လည်းချိုတယ်
သဇင်လည်းမွှေးတယ်
စိမ့်စမ်းရေလည်းအေးတယ်
မီးဖိုနံဘေးမှာ
ခေါင်ရည်တေးနဲ့မိတ်ဆက်
ရင်ဘတ်ချင်းအနွေးဓါတ်
လက်ချင်းယှက်ချစ်ခင်
ပြာလွင်လွင်စိမ်းစို
ဘယ်တော့မှမအိုမယ့်
တောင်ပေါ်သူအပျိုမ
ပလက်ဝမြို့လေးပေါ့
သွေးချင်းတို့ဌာနေ
သစ်ခွပန်းတို့လန်းရာမြေ…။
ရေကြည်စမ်းရယ်
စိမ်းမြတောတန်းရယ်
အလွမ်းသင့်ပေါင်းဖက်
ရင်ဘတ်ချင်းကူးလူး
နှင်းခူးတဲ့နေ့များမှာပေါ့
မြို့လေးရဲ့ ကေသာဦးဆို
တောင်စိုတွေအဖွေးလိုက်
နှင်းကြိုက်ပန်းတွေ မဟုတ်လား…။



ပန်းကြိုက်သူပင်မြင့်မှန်း
မလှမ်းဝံ့ဒဏ္ဍာရီ
အတည်ပေါက်နောက်ဖူးခဲ့
ကွယ်…….တကယ်တဲ့
သူတို့ရဲ့ ချစ်ခြင်းသစ္စာ
မေတ္တာချင်းတုံ့နှင်းပုံများ
အောက်ချင်းဌက်မောင်နှံလို
ရာဇ၀င်မှာ ဂန္တ၀င်ဆန်ခဲ့
သစ္စာရှင်မြို့ရဲ့ အတိတ်
လွမ်းစရာတွေ ရိုးတိုးရိပ်တိတ်နဲ့…။
မြို့လေးရေ…
တစ်ခါတစ်ခါ မင်းကိုကြည့်ပြီး
သနားချစ်” ချစ်မိတယ်
နွေဦးနှစ်သစ်တိုင်း
ကျောပြင်တစ်ခုလုံး တူးခြစ်အောင်
မီးလောင်မြှိုက်ခံ
ကောက်ပဲသီးနှံဆန်စပါး
ပေါများဝေစေတနာဖက်
ခေတ်အဆက်ဆက်တူးဆွစေခဲ့
သဘာဝမိရိုးဖလာ
ရွေ့ပြောင်းတောင်ယာတဲ့…
အခုထိ
ရိုးရာထဲမှာ တိမ်းမူးနေတုန်း…။
တောင်တန်းကမွေး
တောင်တန်းသွေးနဲ့ လန်းဆန်း
နှစ်သက်တမ်းရာကျော်ခဲ့
မြို့လေးရဲ့လမ်းခရီး
ခူမီး ၊ မရာ ၊ ခေါင်စို
ယပန်း ၊ ကီမို ၊ တောင်စို ၊ သဇင်
သစ္စာရှင်အောက်ချင်းဌက်
အသွေးအသက် အကိုင်းအခက်
လက်ယှက်ထိုး ရောက်စုံအဆင်နဲ့
စိမ်းမြမြတောင်တန်း
အနောက်ခြမ်းအရပ်က
မြို့လေးရေ…
နှစ်ထောင်သောင်းမက
ထာဝရတည်စေ ဆုချွေခဲ့ပါရဲ့…။

မြကဗျာ

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger