မျိုးဆက်သစ်ခူမီးလူငယ်များစိတ်ဓါတ်ရေးရာ ပြုပြင်ရေး (အပိုင်း-၄)

Wednesday, September 19, 20120 မှတ်ချက်



အခုလိုဆက်ပြီး ရေးသားသွားမဲ့အခန်းဆက်တွေထဲမှာ အကောင်းမြင်ဖော်ပြချက်တွေ အားနည်းပြီး တစ်ဘက်စောင်းအဆိုးမြင် ရေးသားတင်ဆက်နေတာကိုကြည့်ပြီး အဆိုးမြင်ဝါဒီသမားလို့ စွက်ချက်တင် မောင်းထုကြေငြာချင်ရင်လည်းခံရတော့မှာပါ။ ဒါပေမဲ့ စာဖတ်သူအနေနဲ့ အမြင်ကလေးတစ်ခုပွင့်သွားမယ်ဆိုရင်ဖြင့် အဘိုးမဖြတ်နိုင်တဲ့ ရလဒ်လိုပဲခံယူသွားမှာပါဗျာ..။ ထင်ချင်သလိုထင် အပိုင်း (၄)ကိုတော့ စလိုက်တော့မယ်..။

အသေးအမွှလေးလို့ထင်ရတဲ့ အကြောင်းအရာတစ်ခုကိုပုံကြီးချဲ့သုံးသပ်ချင်တယ်။ တစ်ချို့က ပွဲလမ်းသဘင် ဒါမှမဟုတ် လူစုဝေးတဲ့အရပ်မှာ နေရာယူတဲ့အခါ ရှေးဆုံးမှာထိုင်ချင်တယ်။ ကိုယ်တိုင်ကအစတော်တော်များများ ပလက်ဝနယ်က လူငယ်၊လူကြီးတွေကတော့ နောက်ဆုံးမဟုတ်ရင်တောင်၊ နောက်ဆုံးနဲ့မဝေးတော့တဲ့ အလယ်တန်းလောက်မှာထိုင်ချင်ကြတယ်လို့ ကျွန်တော်ကိုယ်တိုင်ရဲ့ အာဘော်နဲ့ သုံးသပ်မိတယ်။ ဒါက ဒီအစည်းဝေးပွဲကို စိတ်ပါမ၀င်စားလို့လား။ လွတ်လွတ်လပ်လပ် သက်တောင့် သက်သာပိုရှိလို့လားမသိ။ငါတော့ မထင်။ ကိုယ့်လူကငိုက်ခွင့်ရအောင်များ  နေရာကောင်းကောင်းရွေးထားတာပဲနေမှာ။

နေသလိုဖြစ်တဲ့ဘ၀မှာ ဖြစ်သလိုမနေပါနဲ့ ဆိုတဲ့စကားကို မြဲမြဲမှတ်သားရမယ်ဆိုရင်ဖြင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့လိုတယ်။ ကိုယ်တိုင်ကတန်ဖိုးဖြတ်တာမှားနေရင် လူတွေဖြတ်မဲ့ တန်ဖိုးကပိုဆိုးရောပေါ့ဗျာ။ဟုတ်တယ်မလား။ ဒီစည်းဝေးပွဲကိုလာတက်တာ ငါ့အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။ အားနေလို့ တက်ရတာ။ ငါ့ကိုဘယ်သူမှ ဂရုစိုက်မှာမဟုတ်ပါဘူးဆိုပြီးအစကတည်းကတွေးထားတော့ အဆုံးသတ်မကောင်းတာ တခြားလူတွေရဲ့ အပြစ်မဟုတ်။ ကိုယ့်ကိုယ်ပေါ် မူတည်နေလေရဲ့ဗျာ..။

တစ်ချို့ကျတော့ နေရာရူးရူးနေကြပြန်တယ်။ အဖွဲ့အစည်းတစ်ခုမှာ ငါ့ကိုဒီနေရာပေးမှ၊ ငါကပဲဒီနေရာနဲ့ ထိုက်တန်တယ်။ ဘာလေးညာလေးပြောတယ်။ ဆန္ဒထုတ်ဖော်တယ်။ အဖွဲ့အစည်းတော်တော်များများမအောင်မြင်တာဒီအကြောင်းအရင်းကြောင့်ပဲ။ အားနာလို့ သူကိုတာဝန်ပေးလိုက်မှ ငါးပါးတော့မှောက်ပြီ။ တကယ်..အဟုတ်။့  သူ့ကိုဒီနေရာပေးလိုက်တော့မှ သူလုပ်ရမယ့်အလုပ်ကိုပီပီပြင်ပြင်မလုပ်။ အကြောင်းပြချက်အမျိုးမျိုးနဲ့ ခေါင်းရှောင်ပြီ။ လူတိုင်းကမစုံလင်တာသိပေမဲ့ ကြာလာတော့ ရုပ်လုံးကထင်းကနဲ့ပေါ်လာတော့တာပဲ။ ဟေး..ရှက်လိုက်တာ..လို့တော့ သွားဖြီးပြီးပြောနေရင်လည်းမရတော့ဘူးလေ..။ ဒီလိုလုပ်လိုက်လို့ အသင်းအဖွဲ့ အနေနဲ့ ဘယ်လောက်နစ်နာတယ် ဆိုတာကို လုံးဝ စဉ်းစားမိမယ်မထင်။ ဒီလိုမျိုးလုပ်တဲ့လူဘယ်သူ့ကိုမဆိုအားမနာနဲ့။ အစကတည်းကဇာတ်လမ်းဖြတ်ထားရမယ်။

ခူမီးလူမျိုးအများစုရဲ့ အဆိုးရွားဆုံးအားနည်းချက် တစ်ခုရှိတယ်။ ဒါကသူတစ်ပါးကိုအားကိုးလွန်ခြင်း။ သူတစ်ပါးခေါင်းကိုအမှီသဟဲ ပြုလွန်းတာပါ။ အားလုံးထဲကပြောရဲဆိုရဲရှိတဲ့သူကဒါဆို..ဟုတ်ကဲ့။ ဆိုတာမမေးခင်ကတည်းကအဖြေထွက်ပြီးသား။ 

ဒီအကြောင်းနဲ့ ပတ်သက်ပြီးဟိုတစ်ခါ ကိုအောင်မိုးလင်းရေးတဲ့ ဆောင်းပါးကတော်တော်ကိုကောင်းတယ်။ ထိရောက်တယ်။ သူတစ်ပါးပြောတိုင်း Yes လို့ပြောတဲ့အဆင့်ကနေကိုယ်တိုင်တွေးခေါ်ပြီး၊ ဝေဖန်ပိုင်းခြားဖို့အကြောင်း။ သိပ်မှန်တာပေါ့။ Yes ကြီးကအားနာလို့ပဲ ဖြစ်ဖြစ်။ အားမနာလို့ပဲဖြစ်ဖြစ်။ အခြေအနေ၊ အချိန်အခါကြောင်းပဲဖြစ်ဖြစ် Yes ကိုလွယ်လွယ်ပြောရာကနေတဆင့် ကိုယ်ပိုင်ဆိုင်ထားတဲ့ စဉ်းစားဥာဏ်ကလေးကိုခဏလောက်တော့ အသုံးပြုရမယ်။ အသုံးပြုသင့်ပါပြီ။

အေး..။ နောက်တစ်ခုဗျ..။ အဲဒီလိုတခြားတစ်ယောက်က No လို့ဖြေလိုက်တာနဲ့ စောနကထပြောတဲ့လူကအခဲမကြေတော့ဘူး။ အာခံတယ်လို့ ထင်တဲ့အမြင်မျိုးနဲ့ မျက်စိဒေါက်ထောက် ကြည့်ပြီးမိတ်ပျက်ရတော့မဲ့ အခြေအနေမျိုးကိုဦးတည်လာတာတွေ တွေ့နိုင်တာအမှန်ပေါ့။ ဒါကလွတ်လပ်စွာဆွေးနွေးမှု သဘောတရားကိုနားမလည်လို့ပါ။ အကြိတ်အနယ် ဆွေးနွေးရမယ်။ အတိုက်အခံတွေနဲ့ အငြင်းပွားရင်းအဖြေတွေ ထွက်လာမယ်။ KhumiSaleaungအဖွဲ့အီးမေးလ်မှာတစ်ခါတလေဒီလိုဆွေးနွေးတာတွေ့ ရတယ်။ ဆွေးနွေးရင်းအရမ်းကောင်းတဲ့ သိအပ်၊ မှတ်သားအပ်တဲ့ အရာတွေကိုပေါ်လွင်စေခဲ့တယ်။ ပြောချင်တာကဒေါသကိုတော့ ရှေးတန်းမတင်ရဘူးပေါ့ဗျာ။

ဆွေးနွေးတိုင်ပင်မှုလည်းမရှိ။ တစ်သီးပုဂ္ဂလစီမံတာထက် ဦးခေါင်းများများနဲ့ စီမံတာကပိုမိုကောင်းမွန်တဲ့ ရလဒ်ကိုပေးမှာသေချာတယ်။ အခုဟာဖြင့် တိုင်ပင်ခြင်းအလျဉ်းမရှိ။ ဆွေးနွေးမှုမပြု။ အခွင့်အလမ်းတွေေ၀၀ါးပြီ။ ခလုတ်ထိမှ အမိတ။ အဲဒီလိုတော့ မလုပ်ပါနဲ့။ 

ဆွေးနွေးတဲ့အခါလည်းကိုယ့်အချင်းချင်းအခွင့်အလမ်းတွေ၊ အမြင်တွေ ဖလှယ်ရတယ်။ ငါပဲဒီဟာကိုသိတာ။ သိသူဖော်စားမသိသူကျော်သွားတဲ့။ ငါပဲဗိုက်ဝရင် ပြီးတာပဲဆိုပြီးတစ်ကိုယ်ကောင်းဆန်နေလို့ ငါတို့တွေ တိုးတက်သင့်သလောက်မတိုးတက်။ အောင်မြင်သင့်သလောက် မအောင်မြင်နိုင်တော့တာမျက်မြင်ပဲလေ။ ..လို့ သုံးသပ်ရင်းအပိုင်း(၄)ကိုအဆုံးသတ် ရပ်နားပါရစေခင်ဗျာ..။

ပီတာလွယ်လူး (Lu Len) ၂၀၁၂ စက်တင်ဘာ ၁၃ ရက် ည ၈း၄၅နာရီတွင် ရေးသားသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger