ရိက္ခာ အ.ထ.က ကျောင်းခွဲ စတင်ဆောက်လုပ်တော့မည်

Wednesday, September 19, 20120 မှတ်ချက်



ထင်းသေရေအား စီမံကိန်းရုံး


ရန်ကုန်၊ စက်တင်ဘာ ၂၀----ပလက်ဝမြို့၊ရိက္ခာ အ.ထ.က ကျောင်းခွဲကို ထင်းသေချောင်းရေတံခွန် ရေအားပေးဝေရေး စခန်းနှင့်မျက်စောင်းထိုးတွင် တည်ဆောက်မည်ဟု သတင်းရရှိသည်။

ယခုနှစ်တွင်  ကျောင်းခွဲအဖြင့် သတ်မှတ်လိုက်ပြီဖြစ်သည့် ရိက္ခာ အ.ထ.က ကျောင်းခွဲအတွက် အမှတ်(၂) ပညာရေးဌာနချုပ်မှ အ.ထ.က အဆောက်အဦး အလျား ပေ ၁၃၀၊ အနံ ပေ ၂၀၊ အမြင့် ၁၂ တည်ဆောက်ရန်အတွက် ကျပ်သိန်းပေါင်း (၄၃၀)ကို နိုင်ငံတော်မှ တရားဝင်ချမှတ်ပေးပြီဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ငယ်ငယ်က တက်ခဲ့ဖူးတဲ့ကျောင်းပါ။ သူငယ်တန်းကနေ၊
၈တန်းအထိ ပညာသင်ခဲ့ဖူးတယ်။ အခုလို အစိုးရက အ.ထ.က ကျောင်းခွဲအဖြစ် သတ်မှတ်ပေးလိုက်ပြီလို့ သတင်းကြားတော့ အဝေးကနေ ၀မ်းသာမိပါတယ်” ဟု ရန်ကုန်တွင် အလုပ်လုပ်နေသူ ကျောင်းသားဟောင်းတစ်ဦးမှ ပြောသည်။
ယခင် အ.လ.က ကျောင်းမှာ ၂ ထပ်တိုက်ဖြစ်ပြီး ယခုဆောက်လုပ်မည့် အဆောက်အဦးမှာ တစ်ထပ်တိုက်၊ ခြောက်ခန်းတွဲ ဆောက်လုပ်သွားမည်ဖြစ်သည်။ ဆောက်လုပ်မည့်နေရာမှာ ယခင် ကျောင်းဧရိယာနေမြေအဖြစ် သတ်မှတ်ထားသော ပေတစ်ရာပတ်လည် ကျော်ခန့်ကျယ်ဝန်းသော ထင်းသေချောင်းရေတံခွန်သို့သွားရာ တံတားအနားတွင် ဖြစ်သည်ဟု သတင်းရရှိသည်။

“ပလက်ဝမြို့နယ်မှာ အထက်တန်းကျောင်း ၃ ကျောင်းရှိပါတယ်။ ပလက်ဝ၊ မီးဇာ နှင့် ဆမီး မှာပါ။ ကျောင်းတွေလည်း ပိုမိုတိုးချဲ့ပေးပါတယ်။ ပလက်ဝဒေသခံတွေ အဓိကလိုအပ်တာ ပညာရေးပါ။ ပညာတတ်တွေ များလာရင် ဆင်းရဲတာလည်း တဖြေးဖြေး လျော့နည်းသွားမှာပါ။ အရင်က ကျောင်းဆရာမလုံလောက်မှုတွေကြောင့် ပညာကောင်းကောင်းမသင်ရတာတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ ပက္ခုက္ကူ နှင့် မုံရွာ ဆရာအတတ်သင်ကျောင်းဆင်း ဆရာ/မတွေ ဒီနှစ်မှာ များများရောက်လာတဲ့အတွက် ပလက်ဝနယ်အတွက် ပညာရေးကို တိုးမြှင့်နိုင်တော့မှာပါ” ဟု ပလက်ဝမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဆာဆုမှ ကေအမ်ဂျီသို့ ပြောသည်။

ရိက္ခာ အ.ထ.က ကျောင်းခွဲအပေါ် အမ်ဂျီအို ၀န်ထမ်းတစ်ဦးမှ သုံးသပ်သည်မှာ “ကျွန်မအမြင်ကတော့ကျောင်းသား ကျောင်းဝင်ရေး ကိစ္စ တွေတော့ ပ.လ.၀ အ.ထ.က နဲ့တော့ညှိနှိုင်းရလိမ့်မယ်။ ညှိနှိုင်းရင်တောင်မှ ကျောင်းသားမိဘတွေက အ.ထ.က.ပ.လ.၀ မှာ ဘဲပို့ချင်ကြမှာလေ။ ဆိုတော့ ရိက္ခာ အ.ထ.က မှာ ဆရာ ကောင်းကောင်း ရှိဖို့ နဲ့ စည်းကမ်းချက်တွေ ကောင်းကောင်းပြင်ဆင်ရမယ်လို့မြင်တယ်။ အခုလဲရိက္ခာ ကျောင်းက စည်းကမ်းရှိပါတယ်” ဟုပြောသည်။

လက်ရှိ ရိက္ခာ အ.ထ.က ကျောင်းခွဲ၏ ကျောင်းအုပ်မှာ ဆရာမောင်မောင်သိန်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၁-၂၀၁၂ ပညာသင်နှစ် ချင်းပြည်နယ် ဆယ်တန်းအောင်ချက်ထွက်ပေါ်ချက် အဖြေအရ ပလက်ဝနယ်၏ အောင်ချက်မှာ ၄%သာရှိပြီး ချင်းပြည်နယ်၏ အောင်ချက် အနည်းဆုံးမြို့နယ်အဖြစ်မှတ်တမ်း ၀င်ခဲ့လေသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger