ဗိုလ်လောင်းဝင်ခွင့် ဖြေဆိုခြင်း အမှတ်စဉ် (၁၁၆) မှာ ခူမီးလူငယ်တစ်ဦး ၀င်ခွင့်အောင်မြင်

Sunday, July 08, 20121မှတ်ချက်


မြန်မာနိုင်ငံဗိုလ်ရွေးအဖွဲ့၏နှစ်စဉ်ကျင်းပလျက်ရှိသော ဗိုလ်လောင်းဝင်ခွင့်စာမေးပွဲကို 2012 ခုနှစ်၊ ဇွန်လ 16 ရက်မှ 20 ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ၄င်းဝင်ခွင့်စာမေးပွဲတွင် ဖြေဆို သူပေါင်း (800) ကျော်ခန့်ရှိပြီး စုစုပေါင်း ဦးရေ (300) ဦးကို ရွေးချယ်ခဲ့ကြောင်း သတင်းရရှိပါသည်။


အဆိုပါ ဗိုလ်လောင်းဝင်ခွင့် စာမေးပွဲ အပတ်စဉ် (116) တွင် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ပိနဲတပင်ကျေးရွာမှ အိုက်ကျော်အောင်သည် (ခုံအမှတ်) ကသအမှတ် (၃၇)၊ အနီဘုတ် ဖြင့် (၅) ရက်ကြာ ၀င်ခွင့်ဖြေဆိုပြီး ယခုအခါ ဗိုလ်လောင်းဝင်ခွင့်ကို
အောင်မြင်စွာရရှိခဲ့ပြီ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ထို့ကြောင့် သူသည် ဗိုလ်လောင်းသင်တန်းကို ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ရှိ ဗိုလ်သင်တန်းကျောင်းတွင် ယခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် စတင် တက်ရောက်ရမည်ဖြစ်ပြီး 2013 ခုနှစ်၊ ဧပြီလ (8) နေ့ခန့်တွင် ဗိုလ်သင်တန်း ဆင်းဖြစ်မည်ဖြစ်ကြောင်း ယမန်နေ့က ၀င်ခွင့်အောင်မြင်သူ အိုက်ကျော်အောင်၏ ကိုယ်တိုင်ပြောကြားချက်အရ သိရှိရပါသည်။

ဗိုလ်လောင်းဝင်ခွင့်စာမေးပွဲနဲ့ပတ်သက် အတွေ့အကြုံကို မေးမြန်းကြည့်ရာ “အခု ဒီဗိုလ်လောင်းစားမေး ပွဲဖြေမယ်ဆိုရင် အထွေထွေ ဗဟုသုတတွေ တော်တော်လေ့လာထားဖို့လိုတယ်။ သူတို့က နိုင်ငံတကာနဲ့ ပတ်သက်တဲ့အကြောင်း၊ အာဆီယံအကြောင်း၊ ဥာဏ်စမ်းမေးခွန်းတွေ၊ စကားပုံတွေ၊ ပုံတူရွေးတာတွေ၊ မိုင်းတွင်းနယ်မြေကိုဖြတ်ကျော်တာတွေကို လက်တွေ့တကျ အချိန်တိုတွင်းဖြေကြားခိုင်းတယ်။ ပြီးတော့ တစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်တဲ့အရည်အချင်း၊ ကြံ့ခိုင်မှုတွေကို စမ်းသပ်တယ်။ တချို့တွေမေးခွန်းတွေက
 ဖြေရတာ နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သတ်မှတ်ပေးထားတဲ့အချိန်က အရမ်းတိုတောင်း တယ်” ဟု ဖြေကြားသွားခဲ့ပါသည်။

ဆက်လက် သူ၏ခံစားချက်ကိုမေးမြန်းရာ “ဒီဝင်ခွင့်အောင်မြင်ဖို့ဆိုတာ နည်းနည်းခက်တော့ ကျွန်တော် နည်းနည်းတော့ စိတ်လှုပ်ရှားမိတယ်။ ပြီးတော့ ရထားတဲ့စာတွေ မေ့ကုန်မှာလည်း စိုးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဒီတစ်ကြိမ်က ကျွန်တော့်အတွက် ပထမဆုံးအတွေ့အကြုံ  ဖြစ်လို့ပါ။ တချို့လူတွေဆိုရင် ဗိုလ်လောင်းဖြေတာ (၃-၄)ကြိမ်လောက်ရှိနေပြီ။ သူတို့က မအောင်မချင်း ဆက်ဖြေနေတာ။ ဒါ့ကြောင့် သူတို့ကဘယ်လိုဖြေရမယ်ဆိုတာသိနေကြပြီ။ နောက်တစ်ခုက အခုဒီဝင်ခွင့်မှာ အယောက်(၃၀၀) ဘဲရွေး မှာဘဲဆိုတော့ ပိုကြိုးစားရတာပေါ့။ ဘာဘဲဖြစ်ဖြစ် ကျွန်တော့်အနေနဲ့ အောင်မယ်ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်တယ်။ ဘုရားသခင်ဆီမှာလည်း ခဏခဏ ဆုတောင်းတယ်” ပြောကြားခဲ့ပါသည်။

နောက်ဖြေ မည့်သူတွေကို ဘယ်လိုအကြံပေးချင်ပါသလဲ လို့မေးကြည့်တဲ့အခါမှာတော့ “ဒီဝင်ခွင့်ကို 
ဖြေမယ်ဆိုရင် တော်တော်ကြိုးစားမှရမယ်။ ပြီးတော့ ဗဟုသုတနဲ့ဆိုင်တဲ့စာအုပ်တွေ များများဖတ် ဖို့လိုပါမယ်။ မိမိဒေသအကြောင်းတွေကိုလည်း သိရှိထားအောင်ကြိုးစားဖို့လိုအပ်တယ်၊ ဥပမာ - ချင်းပြည်နယ်က အထင်ကရအကြောင်းတွေပေါ့။ နေက်ဆုံးတစ်ခုကတော့ စာမေးပွဲဖြေတဲ့အခါမှာတော့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုအပြည့်နဲ့ဖြေဖို့၊ အောင်မြင်ရမည်ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူထားဖို့၊ အဲဒါတွေလိုအပ်ပါတယ်။” ဟု ဖြေကြားပေးခဲ့ပါသည်။ 

ယခုဗိုလ်လောင်းဝင်ခွင့် အောင်မြင်သွားသော အိုက်ကျော်အောင်သည် တကသိုလ်ဝင်ခွင့်အောင်မြင်ပြီး အဝေးသင်တက်နေသောအချိန်တွင် သာမန်တပ်သားတစ်ဦးအနေဖြင့် တပ်မတော်သို့ဝင်ရောက်ခဲ့ သူ
 ဖြစ်ပြီး  အဝေးသင်စာမေးပွဲကို စစ်မှုထမ်းရင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် နှစ်စဉ် ပုံမှန်ဖြေကြားကာ တက်လမ်းကို အစဉ်တစိုက်ရှာဖွေနေသူဖြစ်သည်။ လွန်ခဲ့သောနှစ် ဘွဲ့ရပြီးသောအခါတွင် ယခုကဲ့သို့ ဗိုလ်လောင်းဝင်ခွင့်ကို အောင်မြင်စွာ ဖြေကြားနိုင်ခဲ့ခြင်းဖြစ်ပါသည်။

အိုက်ဇက်
Share this article :

+ မှတ်ချက် + 1 မှတ်ချက်

ဒီသတင်းအတွက် များစွာ ဂုဏ်ယူပါတယ်..။ ခူမီးလူမျိုး နေရာတိုင်း၊ ကဏ္ဍတိုင်းမှာ ကျရာနေရာကနေ တာဝန်ကျေပွန်စွာ အမှုထမ်းနိုင်စေကြောင်း.....။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger