ထောပတ်တွေစားပြီး ချဉ်ပေါင်ဟင်းကို မမေ့စေချင်

Wednesday, July 11, 20120 မှတ်ချက်

ကျွန်တော်က ဘောလုံးပွဲကို အရူးအမှုးကြိုက်တဲ့အဆင့်အထိမဟုတ်ဘူးဆိုပေမယ့် တော်တော် ကြိုက်တဲ့သူတွေစာရင်းထဲမှာတော့ ပါဝင်မယ်ထင်ပါတယ်.. ဘောလုံးပွဲမှာဆိုရင် နိုင်ငံတကာက ပွဲတွေ၊ ပရီးမီးယားလိဝ်တွေ၊ တခြားပွဲတွေ အများကြီးပေါ့.. ဒါပေမယ့် များသောအားဖြင့် ကျွန်တော်ကြည့်ဖြစ်တာကတော့ ဥရောပဖလားပွဲ၊ ကမ္ဘာ့ဖလားပွဲ၊ အင်္ဂလိပ်ပရီးမီးယားလိစ် စသည်ပွဲတွေလောက်ဘဲ ကြည့်ဖြစ်တာများပါ။ ဒီလိုပွဲတွေကိုဘဲ ခဏခဏကြည့်တော့ သူတို့ရဲ့ ခြေစွမ်းကိုဘဲ ကြည့်ရမှ အားရသလိုလိုရှိတယ်၊ ဒါ့ကြောင့် အဲလိုနိုင်ငံတကာပွဲတွေကိုဘဲ ကြည့်ဖို့အားသန်လေ့ရှိတယ်။

ကိုယ့်နိုင်ငံကပွဲတွေကိုတော့ ရှင်းရှင်းပြောရရင် မကြည့်ဖြစ်သလောက်ပါဘဲ။
ရိုးရိုးသာမန်အဆင့်
လောက်ဘဲ မြင်မိပြီး ကြည့်ဖို့ အဲလောက်ထိ စိတ်ဝင်စားမှုမရှိဘူးဖြစ်နေတယ်။ ထစ်ခနဲ့ဆို
နိုင်ငံတကာခြေစွမ်းကို ပြေးပြေး မြင်မိတယ်။ မြန်မာပွဲက သူတို့လောက်မှ မကောင်းတာ၊ မကျွမ်းတာ၊ မကစားနိုင်တာ စသည်…စသည်ဖြင့်ပေါ့ .. ဒီအကျင့်ဆိုးကြီးက ကိုယ့်မြန်မာပွဲတွေကို လျစ်လျူရှုဖို့ အချိန်တိုင်းတိုင်းလိုလိုဘဲ တွန်းအားပေးနေတာ..။

ခုခေတ်မှာ ဒီလိုမျိုးပါဘဲ.. များသောအားဖြင့် လေ့လာသင်ယူရင်း လုပ်ဆောင်နေကြတဲ့လုပ်ဆောင် သူတွေအ ပေါ်မှာ လူတွေရဲ့အမြင်ဟာ တခါတလေကျရင် တကယ်ဘဲ နားလည်ရခက်ခဲတတ်ပါ တယ်။ အထူးသဖြင့် အတိုင်းအတာတစ်ခုအထိရောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တချို့လူတွေရဲ့ အမြင်ဟာ သူတို့အပေါ် ဖြစ်စေချင်တဲ့ ဆန္ဒကစောပြီးတော့ သူတိုအပေါ် အားမလို၊ အားမရ တာတွေ၊ မလုပ်တတ်ဘူးဆိုတဲ့ အမြင်တွေ၊ မင်းတို့လုပ်တာ ဘာမှ မဟုတ်ဘူး ဆိုတဲ့ ခံယူမှုတွေ .. စသည်…စသည်ဖြင့် အများကြီး ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာက တခြားကျွမ်းကျင်တဲ့လူတွေ၊ တက်နိုင်တဲ့လူတွေရဲ့ လုပ်ဆောင်ထားတဲ့အရာတွေ၊ စွမ်းရည်တွေနဲ့ ခုမှ တက်သစ်စ လူငယ်တွေကို အဲဒီ ပေတံအကြီးကြီးနဲ့ မှားယွင်းစွာ တိုင်းတာမိတတ်လို့ဖြစ် ပါတယ်။ ဒီတော့ ခုနက ပြောသလိုဘဲပေါ့.. လူတွေရဲ့ စိတ်ထဲမှာ နိုင်ငံတကာပွဲမှ နိုင်ငံတကာပွဲ .. မြန်မာ့ပွဲကို မကြည့်ချင်ဘူး ဖြစ်ကုန်ပါလေရော့လား .. 


ဒေသအဆင့်ကို ဆက်လက်ခရီးဆက်မယ်ဆိုရင် တချို့တွေက ဒေသခံကိုယ့်လူမျိုး အချင်းချင်းအပေါ် အထင်ကြီးလေ့မရှိတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အထင်သေးလေ့ရှိကြပါတယ်။ ဒါဟာ ဆိုးဝါးလှတဲ့ အမြင်ကြဉ်းတဲ့ စိတ်ဓါတ်လေးတွေလို့
မြင်မိပါတယ်။ ဥပမာ .. သူကဘယ်ရွာကကောင်ဘဲ .. တောသားဘဲ .. ဘာမှမဟုတ်ပါဘူး .. ငါကတော့ ဘယ်မှာနေလာခဲ့တာ … ဘယ်လောက်ထိတော်တာ .. ဘယ်နိုင်ငံမှာ ဘယ်နှစ်နှစ်နေခဲ့တာ .. စသည်.. စသည်ဖြင့် မိမိကိုယ်ကို မလိုလားအပ်ဘဲ မြင်မိတာတွေ …။ ဒါတွေကို သူများပြောတာ မကြာခဏ ကြားနေရပါ။ အဲဒီအမြင်တွေကြောင့် လူတစ်ဦးနဲ့ တစ်ဦးကြားမှာ ဘာလင်တံတိုင်းကြီးက ဆက်ခြားလျက် ရှိပါတယ်။ ဂျာမဏီက တကယ့် ဘာလင်တံတိုင်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ချိုးဖျက်သွားပြီဖြစ်ပေမယ့် ဒီရင်ထဲက မမြင်ရတဲ့ ဘာလင်တံတိုင်းက ဆက်လက်တည်ရှိနေတုန်းပါဘဲ။ လမ်းမှာတွေ့ရင်လည်း အချင်းချင်း နှုတ်မဆက်ကြ၊ မခေါ်မပြောဘဲ နေနေကြတာ .. တခါတလေကျရင် တွေးမိပါတယ်။ သြော်.. ခက်လှပါဘိ။ တနည်းအားဖြင့် ဒီအဖြစ်အပျက်ကို နေရာတိုင်းမှာ မထင်မရှားကလေးဖြစ်ပျက်နေတဲ့ ပြဿနာ (Hidden Case)လို့ ပြောမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။
တကယ်လို့ ဒီနေရာမှာ အချင်းချင်းတန်ဖိုးထားမှု၊ လေးစားသမှုကလေးတွေအပေါ်မှာ အခြေပြုပြီး အချင်းချင်း ပြုမူဆက်ဆံကြမယ်ဆိုရင် မလိုလားအပ်တဲ့ ခွဲခြားဆက်ဆံမှုတွေ (Discrimination) ကို အတိုင်းအတာတစ်ခု အထိ လျော့ချနိုင်သွားမယ်ဆိုတာ ယုံကြည်မိပါတယ်။ ကျွန်တော်တို့ ခဏခဏပြောလေ့ရှိတဲ့ စကားတခွန်းရှိပါတယ်။ “မိမိစိုက်တဲ့အတိုင်း ရိတ်ရလိမ့်မယ်” .. ဟုတ်ပါတယ်.. ကိုယ်က မိမိပတ်ဝန်းကျင်မှာ ဘယ်လိုမျိုးစေ့တွေ ကြဲထားလဲ။ အခြားသူအပေါ် လေးစားသမှုပြုတဲ့မျိုးစေ့လား၊ တန်ဖိုးထားတဲ့ မျိုးစေ့လား၊ ခွဲခြားဆက်ဆံလေ့ရှိတဲ့ မျိုးစေ့လား။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အခြားလူမျိုးတွေအပေါ်မှာ အထင်ကြီးတတ်ကြသလို ကိုယ့်လူမျိုးအချင်းချင်းအပေါ်မှာလည်း လေးစားမှုလေးတွေ၊ ရိုင်းပင်းကူညီမှုတွေ၊ မခွဲခြားတတ်တဲ့ စိတ်ကလေးတွေ၊ အမျိုးကို ချစ်တဲ့စိတ်နဲ့ အကောင်းဘက်ကို အမြဲပြုမှုလုပ်ဆောင်သွားမယ်ဆိုရင် နောင်မကြာခင် မှာ ကျွန်တော်တို့ရဲ့ ကြဲထားတဲ့မျိုးစေ့ (၀ါ) စိုက်ထားတဲ့အပင်ကနေ ဘယ်လိုအသီးအနှံတွေ ရိတ်သိမ်းရမလဲဆိုတာကို အခုအချိန်မှာ အတိအကျမပြောနိုင်သေးပေမယ့် မှန်းကြည့်လိုက်မယ်ဆိုရင်ဖြင့် ..။

စာဖတ်သူများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ..
အိုက်ဇက်
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger