ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအတွက် နည်းဥပဒေများကို ပြည်ထဲရေးဝန်ကြီးဌာနမှထုတ်ပြန် ဆန္ဒဖော်ထုတ်ခွင့် ရရှိလိုသူသည် ဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်၍ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်

Thursday, July 12, 20120 မှတ်ချက်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအတွက် နည်းဥပဒေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကာ ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာနသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၂၄၊ ပုဒ်မခွဲ(က)အရ အပ်နှင်းသော လုပ်ပိုင်ခွင့်ကိုသုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


နည်းဥပဒေတွင် 'ငြိမ်းချမ်းစွာ စုဝေးခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကိုဖြစ်စေ ရရှိလိုသူသည် မိမိဆောင်ရွက်လိုသည့် ကိစ္စအတွက် သက်ဆိုင်ရာ အချက်အလက်များကို ဖော်ပြ၍ မိမိဆောင်ရွက်လိုသည့် နေ့ရက်မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်၍ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ လျှောက်ထားရမည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးသည် ခွင့်ပြုမိန့် တောင်းခံသည့် လျှောက်လွှာကို မိမိ၏ သဘောထား မှတ်ချက်နှင့်အတူ မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြရမည်။

မြို့နယ်အုပ်ချုပ်ရေးမှူး(သို့မဟုတ်) မြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်လွှဲအပ်ခံထားရသူက အဆိုပါလျောက်လွှာနှင့် စပ်လျဉ်း၍ အတည်ပြုရန် သင့်၊ မသင့် စောလျင်စွာ အဆုံးအဖြတ်ပေးရမည်။
နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်မဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုရ'ဟု ပါရှိသည်။
ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခံရသူသည် ယင်းသို့ငြင်းပယ်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ အယူခံဝင်နိုင်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းအတွက် ခွင့်ပြုမိန့်လျှောက်ထားရာတွင် ဦးဆောင်လျှောက်ထားသည့် ပုဂ္ဂိုလ်၏  အဘအမည်၊ မှတ်ပုံတင်၊ ဆန္ဒဖော်ထုတ်မည့် နေ့ရက်၊ နေရာ၊ အချိန်၊ စတင်လှည့်မည့် နေရာ၊ လှည့်လည်ရမည့် လမ်းကြောင်း၊ ပြီးဆုံးရမည့်နေရာများ၊ အချိန်အပိုင်းအခြား၊ ပါဝင်မည့် ခန့်မှန်းခြေလူဦးရေ၊ ဟောပြောမည့် ပုဂ္ဂိုလ်အမည်များ၊ ဟောပြောမည့် အကြောင်းအရာ၊ ခွင့်ပြုသည့် ကြွေးကြော်သံများ၊ ခွင့်ပြုသည့် ပိုစတာ၊ ဆိုင်းဘုတ်ပါစာသားနှင့် ရုပ်ပုံများကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။  

Ref: EMG
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger