စိတ်ကူး ကမ္ဘာထဲက ခူမီးဓမ္မတက္ကသိုလ်ကြီး

Wednesday, July 04, 20120 မှတ်ချက်


 စိတ်ကူးယဉ်ဟူသည် အိပ်မက်တစ်ခုကဲ့သို့ပင် မသေချာ မရေရာသော်လည်း တစ်ခါတရံ ၄င်းစိတ်ကူးယဉ် အမှန်တကယ် ဖြစ်လာတတ်သည် များလည်းရှိတတ်ပါသည်။ စိတ်ကူးယဉ်ခြင်းကို ရူးသွပ်ခြင်းတစ်မျိုးဟုဆိုကြသော်လည်း စိတ်ကူးမယဉ်သောသူဟူ၍ရှိမည်မထင်ပါ။ စိတ်ကူးယဉ်ခြင်း သက်သက် အားဖြင့် ဘာတစ်ခုမှ မဖြစ်မလာနိုင်သော်လည်း ၄င်း စိတ်ကူးယဉ်ကို အကောင်အထည်ဖော် နိုင်ဖို့ ကြိုးစားအားထုတ်နေမည်ဆိုလျှင် မသေချာသော ၄င်းစိတ်ကူးယဉ် လက်တွေ့ဖြစ်တတ်ပြန်သည်။ စိတ်ကူးကို စိတ်ကူးအဖြစ်သာ သိမ်းထားပါက စိတ်ကူးအဖြစ်သာ ကျန်ခဲ့ပြီး ကာလကြာလာသောအခါ ၄င်းစိတ်ကူးသည် လွင့်ပြယ်သွားမည်သာဖြစ်သည်။             လွန်ခဲ့သော အနှစ် ၁၅ နှစ်ခန့်မှ ရန်ကုန်မြို့တွင် အခြေချနေထိုင် အမှုတော်ဆောင်ကြသော ခူမီးလူဦးရေမှာ သိသိသာ များပြားလာသည်မှာ ဝမ်းသာစရာ ဖြစ်ပါသည်။ ခူမီးလူမျိုးတို့ တိုးတက်မှု ပြယုဂ်တစ်ခုဟုလည်း  ဆိုနိုင်မည်ထင်ပါသည်။ ရန်ကုန်မြို့တွင် ခူမီး အမှုတော်ဆောင်ဆရာ/ မများ တိုးပွားများပြား လာသည်နှင့်အမျှ  အသင်းတော် တည်ထောင်သူများ၊ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးကျောင်းများ၊ မူကြိုကျောင်း တည်ထောင်သောသူများ၊ ဓမ္မပညာရေးကျောင်း တည်ထောင်သောသူများ ခူမီးလူမျိုးများတွင် ပေါ်ထွန်းလာသည်ကို တွေ့ရသည်မှာ ဝမ်းသာ ဂုဏ်ယူစရာဖြစ်ပါသည်။ လွန်ခဲ့သော ၁၀နှစ်ခန့်ကာလတွင် ခူမီးလူမျိုးက ဦးစီးတည်ထောင်သော  ဓမ္မတက္ကသိုလ်ဟူ၍ တစ်ကျောင်းတည်းသာ ရှိသေးသော်လည်း ယခုအခါတွင် ကျောင်းအရေအတွက် များပြာလာသည်ကို တွေ့ရပါသည်။ သို့သော် ခူမီးလူမျိုးများ အသီးသီးတည်ထောင်ကြသော ဓမ္မ ပညာရေးကျောင်းများမှာ အင်အား တောင့်လှသည်တော မဟုတ်သေးပေ။  ငွေကြေးအင်အား အားနည်းနေသေးသကဲ့သို့ ပညာရေးဘက်တွင်လည်း မိမိတို့ မျှော်မှန်းထားသလောက် အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်သည်။
ယခင်က ခူမီးလူမျိုးများထဲမှ ဓမ္မတက္ကသိုလ်များတွင် စာပို့ချနိုင်သော ဓမ္မပညာရေး အဆင့်မြင့်ဘွဲ့ရ လူဦးရေးနည်းပါး လှသော်လည်း ယခု အခါတွင် ပြည်တွင်းပြည်ပမှ B.Th, M.A, M.Div, M.Th, D.Min ဘွဲ့ရသောသူ များစွာရှိနေပြီဖြစ်သည်။ နောင် ၁၀ ခန့်တွင် ခူမီးလူမျိုးများတွင်လည်း ဓမ္မပညာဖြင့် Ph.D ဘွဲ့ရ များလည်း ပေါ်ထွန်လာတော့မည်ဟု မျှော်လင့်ပါသည်။ ထိုသို့ ခူမီး ဓမ္မပညာရေး အဆင့်မြင့်ဘွဲ့ရ လူဦးရေ များပြားလာခြင်းသည် ခူမီးလူမျိုး ဓမ္မပညာရေး ကျောင်းဖွင့်လှစ် ကြသောသူများ အတွက်များစွာ အထောက်အကူ ဖြစ်စေမည်မှာ ဧကန်မုချပင်။ထိုထက်မက ပို၍ သည်မှာ ခူမီးလူမျိုးခရစ်ယာန်များ  အတွက်ဓမ္မတက္ကသိုလ် တစ်ခုစုပေါင်း ဖွဲ့စည်း တည်ထောင်နိုင်ကြမည်ဆိုလျှင် အသိအမှတ်ပြုကျောင်း၊ အဆင့်မီသော ကျောင်းတွင် ခူမီးလူငယ်များ  ဓမ္မပညာကို ဆည်းဖူးနိုင်မည်ဖြစ်သည်။ ခူမီးဓမ္မတက္ကသိုလ် ခူမီးပညာတတ်ဆရာ/မများမှ ပို့ချ၍ ဓမ္မပညာ ဆည်းပူးကြသော ခူမီးလူမျိုးများ အနေဖြင့်လည်း တန်းတူ အခွင့်အရေးများ ရရှိကြမည်ဖြစ်သည့် အပြင် သူတပါး၏ အထင်အမြင်သေးခံခြင်းမှလည်း ကင်းလွတ်နိုင်ကြမည်ဟု ယုံကြည်ပါသည်။ ရန်ကုန်မြို့ရှိ ဓမ္မပညာရေးကျောင်းတိုင်းလိုလို၌ ခူမီးလူမျိုးများ ဓမ္မပညာရေး ဆည်းဖူးနေကြသည် များကိုတွေ့နိုင်ပါသည်။ ထို့သို့ တခြားတပါးသူတို့ တည်ထောင်ကြသော ဓမ္မပညာရေးကျောင်းများတွင် ခူမီးလူမျိုးများသည် အဖိနှိပ်ခံဘဝ၊ ထူးချွန်သော်လည်း ထူးချွန်သည့် အလျောက် အခွင့်အရေးများမရခြင်း၊ စာမလိုက်နိုင်ပါက စာညံ့သောလူမျိုးအဖြစ် သတ်မှတ်ခံရခြင်း စသဖြင့် ခူမီးလူငယ်များ မျက်နှာငယ်ရသည်မှာ ဓမ္မပညာရေးကျောင်းတွင် တက်ရောက်ဖူးသော ခူမီးလူမျိုးတိုင်း မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ မည်သည့်လူမျိုးမှ စာညံ့သောလူမျိုးဟူ၍ သတ်မှတ်ထားခြင်းလည်းမရှိပါ။ မည်သို့ပင် မိမိတို့ တက်ရောက်နေသော အတန်းထဲတွင် ထူးချွန်နေသော်လည်း မိမိတို့သည် ကျောင်းသား/သူများသာ   ဖြစ်ကြသဖြင့် တခြားလူမျိုးဆရာများ၏ ခွဲခြားဆက်ဆံခြင်း၊ မျက်ကွယ်ပြုခြင်း၊ ပြုသမျှနုရသော အခြေအနေသို့သာ ဆိုက်ရောက်ရသော အချိန်များစွာ ကြုံတွေ့နေတတ်ကြသည်။
အကယ်၍ စိတ်ကူး ကမ္ဘာထဲက ခူမီးဓမ္မတက္ကသိုလ်ကြီး လက်တွေ့တွင် တည်ရှိနေပါလျှင် ဓမ္မပညာဆည်းပူး နေကြသောခူမီးလူငယ်များ ဆင်းရဲခြင်းများစွာထဲက လွတ်မြောက်နိုင်ကြမည်ဟု မျှော်လင့်မိပါသည်။ယခုလက်ရှိ ခူမီးဓမ္မပညာတတ် ဆရာကြီးများ၊ ဆရာ/မများ ပူးပေါင်းကာ ဓမ္မပညာရေး ကျောင်းတော်ကြီး တစ်ခုကို တည်ထောင်ဖွဲ့စည်းကြပါလျှင် နိုင်တကာ က အသိအမှတ်မပြုပေး နိုင်ငြားသော်လည်း (Asian Theological Association, ATA) အသိအမှတ်ပြု နိုင်လောက်သော ကျောင်းတော်တစ်ခု ဖြစ်လာနိုင်မည်ဟုယုံကြည်ပါသည်။
ထိုသို့သော ကျောင်းတော်ကြီး တစ်ခုဖြစ်တည်လာရန်မှာ လွယ်ကူလှသည် မဟုတ်သော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ အားလုံး ဝိုင်းဝန်း ကြိုးစားကြမည်ဆိုပါက ဖြစ်နိုင်ပါသည်။ ကျောင်းတော် အတွက်လိုအပ်သောငွေကြေးများကို ပြည်တွင်းပြည်ပ ဓမ္မမိတ်ဆွေများ၊ အလှူရှင်များ၊ ပြည်တွင်းပြည်ပရှိ မျိုးချစ်ခူမီး အလှူရှင်များကလည်း မိမိတို့ တတ်နိုင်သလောက် ပါဝင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပါ။
…ဆက်လက်ဖတ်ရှုပေးကြပါရန်…ကျောင်းတော်၏ ဖွဲ့စည်းပုံနဲ့ ရှိသင့်ရှိထိုက်သော ကျောင်းအင်္ဂါရပ်များအကြောင်းကို ဆက်လက် ရေးသားတင်ပြသွားပါမည်။

အားလုံးကို အစဉ်လေးစားလျက်
                              စွမ်းထက်မောင် (သဇင်မြေ) ရေးသားခြယ်မှုန်းသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger