နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ခူမီးလူမျိုး ကွယ်ပျောက်နိုင်။ (သုံးသပ်ခြင်း)

Wednesday, July 04, 20123မှတ်ချက်

khumi dresses

ဤဆောင်းပါး၏နိဂုံးကို ဟောကိန်းထုတ်ခြင်းမဟုတ်ပဲ သုံးသပ်ခြင်းဖြင့်အဆုံးသတ်ထားသည့်အတွက် မိမိနှစ်သက်သလို ထင်မြင်ချက် ပေးနိုင်ပါသည်။

မကြာသေးခင်က အစည်းအဝေးတစ်ခုတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တိုးတက်ရေးအတွက် ဆွေးနွေးပွဲအပြီး အချင်းချင်းစကားစမြည်ပြောခဲ့သည်။ အသက်ကြီးကြီး အဘတစ်ယောက်လည်းပါသည်။ သူ့မှာတစ်ဦးတည်းသော သားတစ်ယောက်နှင့် လူမျိုးခြားချွေးမနှင့်ရသော မြေးနှစ်ယောက်လည်းရှိသေးသည်။ စကားပြောရင်း ကျွန်တော့ရင်ထဲ နာကျင်စေခဲ့သော စကားတစ်ခွန်းကိုကြားခဲ့ရသည်။ အဘိုးကြီးပြောလိုက်သည်မှာ..”ကျွန်တော့်မြေးတွေက ခူမီးစကားမပြောတတ်ဘူး၊ နားလည်းမလည်ဘူး၊ သူတို့ကြီးလာရင်လည်း သူ့တို့အမေလူမျိုးစရင်းထဲကိုပဲ သွင်းလိုက်တော့မယ်..။” ကျွန်တော့နှလုံးသားကို အပ်နှင့်အထိုးခံရသည်အမျှနာကျင်စေခဲ့သည့်စကားတစ်ခွန်းဖြစ်ခဲ့သည်။ သည်အဘိုးကြီးကို ပြန်ပြောချင်ခဲ့သည်။ သို့သော်မသင့်တော်။ မိမိကသူ့ထက် အသက်များစွာကွာခြားသည်။ မိမိပြောပြခဲ့လျှင်လည်း အဘိုးကြီး လက်ခံနိုင်ဘွယ်မရှိမဟုတ်ပါလား။
စာဖတ်သူလည်းနားလည်မည်ထင်သည်။ အဘိုးကြီး၏မျိုးဆက်မှာ သူ့မြေးတို့ခေတ်တင် ပျောက်ကွယ်သွားတော့မည်။ အလားတူပင် ခူမီးချင်းတိုင်းရင်းသားလူမျိုးအတွက် လူဦးရေ အလိုလိုလျော့သွားရတော့မည်။ ဤသည်မှာ လူမျိုးခြားများကြောင့် ဖြစ်လာရသည်မဟုတ်ပဲ။ အတွေးအခေါ်မလေးနက်သော ကိုယ့်လူမျိုးများ၏ အားနည်းချက်သာဖြစ်သည်ဟု မှတ်ယူမိသည်။ မည်သို့ပင်ဆိုစေ သားသမီးသည်ဖခင်မျိုးရိုးယူရသည့် ခူမီးချင်းလူမျိုး၏ရှေ့ဥပဒေကိုလည်း မထီလေးစားရာကျလွန်းပါသည်။

ရန်ကုန်တွင်အနေကြာပြီဖြစ်သော ခူမီးမိဘ စစ်စစ်မှမွေးခဲ့ကြသော ကလေးတချို့သည်လည်း ခူမီးချင်းတိုင်းရင်းသားစကားကိုမသိ၊နားမလည်ကြတော့ပါ။ ယခုလက်ရှိတွင် မိဘများသက်ရှိထင်ရှားသေး၍ မိမိတို့ခူမီးလူမျိုးကိုချစ်ကောင်းချစ်လိမ့်မည်။ သို့သော်မိဘများမရှိတော့၍ နှစ်တွေကြာလာသည်နှင့်အမျှ မိမိတို့ခူမီးလူမျိုးထက် လူမျိုးခြားအတိုင်းအ၀ိုင်းတွင်ပိုမိုအနေကျလာပြီး နောက်ဆုံးခူမီးလူမျိုးလူဦးရေ လျော့နည်းရပြန်တော့မည်ဟု ကောက်ချက်ချမိသည်။
ယခုလက်ရှိတွင်ပင် ခူမီးချင်းတိုင်းရင်းသားဟူသောအမည်နာမကို လူသိနည်းလှသည်။ လူမျိုးခြားများနှင့်စကားပြောသည့်အခါ မိမိမှာခူမီးချင်းလူမျိုးဖြစ်ကြောင်းကိုပြောသော်လည်း မြန်မာနိုင်ငံတွင်နေထိုင်သောလူမျိုးနွယ်စုတစ်ခုကော တကယ်ဟုတ်ရဲ့လားဟု ပြန်လည်မေးမြန်းခြင်းကို ခံရတတ်သည်။ ချင်းလူမျိုးဖြစ်ကြောင်း ပြောပြသောအခါကျမှ သဘောပေါက်သွားတတ်ကြသည်။ ထို့အတူပင် မြောက်ပိုင်းချင်းညီအစ်ကိုများနှင့် တွေ့သောအခါ ခူမီးဟုမိတ်ဆက်လျှင် အများစုက မသိကြပေ။ ပလက်ဝလူမျိုးဖြစ်သည်ဟု ပြောသောအခါမှသာ သိသွားကြလေသည်။ ဘာကြောင့်ဤသို့လူသိနည်းရသနည်း။ မိမိတို့မိတ်ဆက်သောအခါ ခူမီးချင်းတိုင်းရင်းသားဟုပြောလျှင် လူတိုင်းသိသောအဖြစ်သို့ရောက်စေချင်သည့်ဆန္ဒများ စာရေးသူ၏စိတ်တွင် တဘွားဘွားဖြစ်နေမိသည်။
တချို့က မိမိခူမီးချင်းတိုင်းရင်းသားဖြစ်သည်ကိုရှက်ကြသည်။ လူအများရှေ့တွင် ခူမီးဟုပြောရမည့်အစား Ar Tlen Bu ဟုပြောသူများလည်းရှိသည်ကို စာရေးသူကိုယ်တိုင်ကိုယ်ကျမြင်တွေ့ဖူးသည်။ ထိုသူအား ငရုပ်ဆုံထဲ ထည့်ပြီးထုထောင်းချင်စိတ်များဖြစ်ပေါ်မိခဲ့သော်လည်း အများသူ၏ အားနည်းချက်အား ဤမျှအလျင်အပြစ်တင်ခြင်းကိုမပြုမိခဲ့ပါ။

ခူမီးချင်းတိုင်းရင်းသားများ၏မြို့တော် ပလက်ဝရှိ လ၀က ရုံးတွင် မှတ်ပုံတင်လျှောက်ထားသောအခါ နယ်မှကျွန်တော်တို့၏ မိဘများစာမတတ်သောကြောင့် ခူမီးမှန်းမသိ၊ ခမီးမှန်းမသိ မှတ်ပုံတင်ပေါ်တွင် ရေးတတ်သည်။ ခမီးသည်ရခိုင်ပြည်နယ်အတွင်းရှိ တချို့သောချင်းမျိုးနွယ်စုများဖြစ်သည်။ ထိုသို့ခမီးဟု မှားရေးခြင်းကြောင်းလည်း ခူမီးဟူသောလူမျိုး၏လူဦးရေ လျော့သွားပေလိမ့်မည်။ ထို့ကြောင့် လ၀က ကဲ့သို့သောရုံးများတွင် မိမိတို့ခူမီးလူမျိုးများ ၀န်ထမ်းများများရှိသင့်လေပြီမဟုတ်ပါလား.။
ဤသို့ဤသို့ အကြောင်းရင်းများကြောင့် ခူမီးလူမျိုးတဖြည်းဖြည်းပျောက်ကွယ်သွားမည်လား။

ကျွန်တော်ပေးထားသည့်ခေါင်းစဉ်အတိုင်း နောင်လာမည့် ဆယ်စုနှစ်အနည်းငယ်အတွင်း ခူမီးလူမျိုး ကွယ်ပျောက်နိုင်၊မနိုင်ကို မည်သည့်အထောက်အထားများဖြင့် ဖော်ပြပေးနိုင်သနည်း။ နောင်လာမည့်ဆယ်စုနှစ်များစွာကို မပိုင်ဆိုင်ရခြင်းသည် ခူမီးလူမျိုးအတွက် ရင်လေးစရာဖြစ်နေခဲ့သည်။ စာပေလွမ်းမိုးမှု၊ ဘာသာစကားလွမ်းမိုးမှု၊ ယဉ်ကျေးမှုလွမ်းမိုးမှု အကြီးမားဆုံးမရောက်မီ် ခူမီးလူမျိုးတိုင်း နားလည်သဘောပေါက်စေရန်ဆောင်ရွက်ရမည့် အဓိက တာဝန်ရှိသူမှာ မည်သူနည်း။ မိဘများလား၊ သို့မဟုတ် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီများလား၊ သို့မဟုတ် မိမိကိုယ်တိုင်ပဲလား ဆိုသည်အား လူတိုင်းစဉ်စားအဖြေရှာသင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
အမှားရှိလျှင် မေတ္တာဖြင့်ခွင့်လွတ်ပြီး ခူမီးလူမျိုးတိုးတက်ရေး လက်တွဲဆောင်ရွက်ကြပါစို့။

ပီတာလွယ်လူး (Little Sparrow)
Share this article :

+ မှတ်ချက် + 3 မှတ်ချက်

Anonymous
20 August 2012 at 02:04

မီဇို တော်လှန်ရေးခေတ်မှာတုန်းက ခူမီးကို ခန့်မှန်းထားတာ ၅၀၀၀၀၀ လောက်ရှိမယ်တဲ့။ မြိုခေါ်ခူမီးအပါအ၀င်ပေါ့နော်။ ပြီးခဲ့ တဲ့ ၂၀၀၆ မှာ မြန်မာအစိုးရ စာရင်းပြထားတာက ခူမီး ၄၀၀၀၀ အ၀ ခူမီး ၄၀၀၀၀ လို့ ပြထားပါတယ်။ ခူမီးဒေသကို သွားလာ ဖူးတဲ့ လူတစ်ဦး အနေနဲ့ ခန့်မှန်းကြည့်တာက ခူမီးကတော့ ရခိုင် ထဲမှာ တော်တော် ပျောက်မယ့်ပုံပါ။ ရခိုင်ဘာသာ ရခိုင်ယဉ်ကျေး မှုက တော်တော် လွမ်းမိုးသွားတာကို သတိပြုမိပါတယ်။ ချင်း လူမျိုးစုတွေထဲမှာ လူဦးရေ အများဆုံးဖြစ်မယ်လို့ ယုံကြည်ထားရ တဲ့ ခူမီးတွေက တတိယ လောက်မှာပဲ နေရာယူထားတာ ... တော်တော် အံ့အား စရာ ကောင်းပါတယ်၊ .. မျိုးချစ်စိတ်ဆိုတာ ရိုးရိုးလေး စဉ်းစားပါ... မိသားစုကနေ စပါတယ်...

23 September 2012 at 21:31

ကိုယ့်လူမျိုးကိုမြင့်တင်ပါ ခူမီးစကားနဲ့ စာပေယဉ်ကျေးမှူကိုတန်ဖိုးပါ ကိုယ်ခူမီးဆိုတာကို ရှက်ကြတာလဲရှိသေးတယ် ဘယ်နေရာရောက်ရောက် ကိုယ့်လူမျိုးကိုမမေ့ပါနဲ့

23 September 2012 at 21:33

ဘယ်နေရာရောက်ရောက် မိမိလူမျိုးကို တန်ဖိုးထားပါ ငါခူမီးဆိုတာကို မရှက်ပါနဲ့ ကိုယ့်ခူမီးဘာသာစကားနဲ့ စာပေ ယဉ်ကျေးမှူကို တန်ဖိုးထားပါ

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger