ကုလားတန်ဟာ မြန်မာပြည်ရဲ့သမိုင်းတစ်ခုဖြစ်တယ်...။

Monday, July 09, 20120 မှတ်ချက်


ကုလားတန်မြစ်ရိုးတစ်လျှောက်က တိုင်းရင်းသားတွေဟာ ကုလားတန်ကို အမှီသဟဲပြုပြီး သူတို့ရဲ့ဘ၀ကို အေးချမ်းစွာ ဖြတ်သန်းခဲ့ကြတယ်။ ဆယ်စုနှစ်ပေါင်း မြောက်များစွာ၊ ရာစုနှစ်ပေါင်း မြောက်များစွာ...။ ဒီမြေမှာမွေး၊ ဒီရေကိုသောက်ပြီး၊ ဒီတော ဒီတောင်ရဲ့ ပြုစုယုယမှုအောက်မှာ သူတို့ပေါက်ဖွားရှင်သန်ခဲ့ကြတယ်...။ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက်ပေါ့။ ကုလားတန်ဟာ သူတို့ရဲ့ အသက်သွေးကြောမကြီးပေပဲ။ ကုလားတန်မြေဟာ သူတတ်နိုင်သလောက် လူတွေကို ကျွေးမွေးခဲ့တယ်။ အကောင်းဆုံးသော မြေဆီ မြေနှစ်တွေနဲ့၊
ကြည်လင်ချိုမြိန်သောမြစ်ရေနဲ့၊ အဟာရကြွယ်သော ရေချိုငါးမျိုးတွေနဲ့။

မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက်...။ လူတွေက ရောက်လာလိုက်၊ ထွက်သွားလိုက်...။ ပဒေသရာဇ် ဘုရင်တွေ၊ တောင်မင်းတွေနဲ့လည်း ကြုံဖူးပါရဲ့။ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ခဲ့တဲ့ မျိုးချစ်တွေရဲ့ တက်ခေါက်သံတွေကိုလဲ ကြားဖူးပါရဲ့။ ပါလီမန်ခေတ်၊ မဆလခေတ်၊ စစ်အစိုးရခေတ်၊ ဟော... အခု၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အုပ်ချုပ်တဲ့ခေတ်။ ခေတ်စနစ်တွေ ဘယ်လောက်ပြောင်းပြောင်း၊ ကုလားတန်ကတော့ စီးမြဲစီးဆဲ...။ ဘယ်တော့မှ မနားဘူး။ ဘယ်သူ့ကိုမှလဲ မျက်နှာမလိုက်၊ုဘယ်သူ့ကိုမှလဲ ပရောပရီ မလုပ်။ မကြောက်မရွှံ့ပေါ့။ သူညင်သာချင် ညင်သာလိုက်၊ ကြမ်းတမ်းခက်ထန်ချင် ခက်ထန်လိုက်...။ သူ့စိတ်ကြိုက် သူ့အလိုစရိုက်အတိုင်း အချိန်မှန်မှန် စီးဆင်းခဲ့တယ်။

ဒါပေမယ့် အခုတော့ ကုလားတန်ဟာ အမေ့ခံ နေရာတစ်ခုဖြစ်ခဲ့ပြီ။ မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု မရှိဆုံးနေရာတွေထဲမှာ ထိပ်ဆုံးကပါခဲ့ပြီ။ ကုလားတန်မြစ်ရိုး တစ်လျှောက်က မြို့နယ်တွေဟာလဲ မြန်မာပြည်ရဲ့ ဆင်းရဲနွမ်းပါးမှု အရှိဆုံးစာရင်းထဲမှာ ရောက်ခဲ့ပြီ။ ကုလားတန်မှာ ရေချိုငါးတွေ အရင်လို မကြွယ်ဝတော့ပြီ။ ကုလားတန်မြစ်ရိုးက သွေးသစ်လူငယ်များ တစ်ရပ်တကျေး အဝေးကိုသွားပြီး ပင်ပင်ပန်းပန်း၊ ဆင်းဆင်းရဲရဲနဲ့ ၀မ်းစာရှာရတာတွေ ပေါလှပြီ။

“ကုလားတန်မြစ်ဘက်စုံစီမံကိန်း“တဲ့...။ ဆင်းရဲတဲ့ မြစ်ရိုးက တိုင်းရင်းသားတွေအတွက် ဘာတွေများ တစ်ခုတ်တရ မျှော်လင့်စရာ ရှိမှာလဲ။ ဖြေနိုင်သူတွေ ဖြေပေးပါ။ မြစ်ထဲမှာ အိန္ဒိယကုန်တင်သဘောင်္တွေ စုန်ချည်ဆန်ချည်သွားလာလို့ ...တို့ကတော့ ဖုန်အလူးလူးနဲ့ စီးလိုက်တိုင်း မျောက်ဖြူကြီးဘ၀ရောက်ရတဲ့ ကားစီးသမားဘ၀က ကျွတ်မှာတဲ့လား။ ဖြေနိုင်သူတွေ ဖြေပေးပါ။ အိန္ဒိယကို ကုန်တင်ကားကြီးတွေ တစ်စီးပြီး တစ်စီးထွက်သွားကြချိန် ကမ်းနံဘေးစိုက်ခင်းမှာ ပေါင်းနုတ်ရသူတွေ မရေရာတဲ့ဘ၀က လွတ်ဖို့လမ်းစမြင်ရပါ့မလား။ ဖြေနိုင်သူတွေ ဖြေပေးပါ။ .... ဖြေနိုင်သူတွေ ဖြေပေးပါ။ .... ဖြေပေးပါ။

ကုလားတန်ရဲ့အလှနဲ့ဘ၀ဟာ အကျည်းတန်ခဲ့ပြီ ...။ ကုလားတန်ဟာ ဒါဏ်ရာတွေနဲ့ နာကျင်နေခဲ့ပြီ...။ ကုလားတန်ဟာ အရှက်ရခဲ့ပြီ...။
ကုလားတန်ရဲ့ မျက်ရည်ဟာ....။ ။

(၂၁.၀၁.၂၀၁၂)နေ့ ဆလိုင်းအိုက်ဇက်ခင် ရေးသားသည်။



Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger