ခူမီးနယ် နဲ့ ခူမီးလူမျိုး အကြောင်းကို စဉ်းစားမိသော်....

Tuesday, August 28, 20120 မှတ်ချက်

ခူမီးနယ်သည် ယခင်တုန်းက ကိုယ့်လူမျိုးများက အုပ်ချုပ်ခဲ့သော ကိုယ်ပိုင်နယ်မြေဖြစ်တယ်။ ဘေးရန် ကင်းရှင်းတယ်။ သဘာဝ မြေသြဇာ ကောင်းပြီး သီးနှံ အထွက်ကောင်းတယ်။ စိုက်ပျိုးရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုကြတယ်။

ခူမီးလူမျိုးဟာ ချင်းလူမျိုး အုပ်စုကြီး ၅ စု အနက်တစ်ခု အပါအဝင်ဖြစ်တယ်။( ချင်းသမိုင်း)။ ယခု လက်ရှိချင်းပြည်နယ် တောင်ပေါ်ပိုင်းမှာ အရင်ဆုံးအခြေချနေထိုင်ကြတဲ့ ချင်းမျိုးနွယ်စု ဖြစ်တယ်။ (ချင်းသမိုင်း)။ ကိုယ်ပိုင် ယဉ်ကျေးမှု ဓလေ့ရိုးရာရှိတယ်၊ ခရစ်ယာန်ဘာသာရေး ထွန်းကားလာတဲ့ အခါ သာသနာပြုဆရာကြီးများနဲ့ ရှေးခူမီးလူကြီးတွေက ခူမီးစာကို တီထွင်ပေးခဲ့တယ်။

သို့သော်...ခူမီးလူမျိုးများ အခြားချင်းအုပ်စုများကဲ့သို့ မတိုးတက်နိုင်သေး၊ ချင်းအုပ်စု (၅)စု တွင် မတိုးတက်ဆုံး၊ ၊ ပညာရေး...အားအနည်းဆုံးအဖြစ်တွေ့နေရ။ ပြီးတော့ မစည်းလုံးနိုင်ခြင်းက အဓိက ပြသနာ၊ ဘယ်လို စည်းလုံးအောင်နေပြီး ဘယ်အရာတွေကို အားကောင်း အောင်၊ တိုးတက်အောင် စုပေါင်းလုပ်ဆောင်ကြမယ်ဆိုတာမျိုးကို မစဉ်းစားဘဲ တစ်ဦးနဲ့ တစ်ဦး စိတ်ဝမ်းကွဲအောင်နေကြတယ်၊ တိုင်ပင်ခြင်း အားနည်း၊ အသိတရား အားနည်းတော့ ကြောက်တတ်တဲ့ စိတ်တွေက လွှမ်းမိုးပြန်၊ ကိုယ့် ခူမီးတွေကို ဘာမှ တန်ဖိုးထား မလေးစားကြပေမယ့် ခူမီးမဟုတ်တဲ့သူတွေကို တော့ အလိုအပ်တာထက် အထင်ကြီး လေးစားတတ်ကြပြန်တယ်။ ဒါလဲ ရောဂါ တစ်မျိုးပါပဲ။ တခြားလူမျိုးတွေကြားမှာ စကားမပြောရဲကြဘူး။

ဒါတွေ အားလုံးကို ပြုပြင်ဖို့ အတွက် ဘာတွေကို အရင်လုပ်ရမလဲ ဆိုတာမျိုး စဉ်းစားရမယ်။
ကိုယ့်နယ်မြေကို ကိုယ့်ခူမီးလူမျိုးတွေက အုပ်ချုပ်ပြီး အဘက်ဘက်ကနေ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ လိုတယ်။ ခူမီးနယ်မှာရှိတဲ့ အစိုးရ ဌာနတွေမှာ ခူမီးလူမျိုးတွေ ဦးစီး ဦးဆောင်နိုင်ရမယ်၊ အခု လက်ရှိ အခြေအနေတွေမှာ ခူမီးတွေ ဦးဆောင်တဲ့ အစိုးရဌာန က နည်းလွန်းလှတယ်။ လူမျိုးခြားတွေကပဲ ခူမီးနယ်မှာ ကြီးစိုးနေကြတယ်၊ ခူမီးတွေ နေရာ မရကြဘူး။ အရေးကြုံရင် သူတပါးကိုပဲ အားကိုးရမယ့် အခြေအနေဖြစ်နေတယ်။ ကိုယ့်နယ်မှာ ကိုယ်က အိမ်ထောင် ဦးစီး မလုပ်နိုင်ရင် သူများ ပိုင်နက်မှာ ကိုယ် အစေခံဘဝပဲ ဖြစ်သွားမှာသေချာတယ်။ အစိုးရ ဌာနတွေမှာပဲ ဖြစ်ဖြစ်၊ ဘာသာရေးမှာပဲ ဖြစ်ဖြစ် ခူမီးနယ်မှာ ခူမီးလူမျိုးတွေက ဦးစီး ဦးဆောင်သင့်တယ်။ ခူမီးနယ်မှာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး တွေ အားလုံးမှာ ခူမီးတွေက ဦးဆောင်မှု မပြုနိုင်ရင် သူတပါးလက်အောက် အနုနည်းနဲ့ ကျရောက်တာပါပဲ။ တဖြေးဖြေးနဲ့ ဝါးမျိုခြင်းခံရတာပါ။ အစိုးရ ဌာနတွေမှာပဲ ဖြစ်ဖြစ်၊ ဘာသာရေးမှာပဲ ဖြစ်ဖြစ် ခူမီးနယ်မှာ ဘယ်သူတွေက ခေါင်းဆောင်တွေ ဖြစ်နေကြလဲ၊ ဘယ်သူတွေက အုပ်ချုပ်နေကြလဲ...ဆိုတာ သိပ် အရေးကြီးတယ်။

ပိုခက်တာက မိမိတို့ အထွတ်အမြတ်ထားကြတဲ့ ဘာသာတရားပါပဲ။ ဘာသာရေးပိုင်းခေါင်းဆောင်ပိုင်းမှာ ခူမီးလူမျိုးပဲဖြစ်သင့်တယ်၊ သူတပါးရဲ့ သြဇာလွှမ်းမိုးတာမျိုးလဲ မရှိသင့်ဘူး။ ဘာသာရေးကြောင့် မလိုလားအပ်တဲ့ ပြသနာတွေရှိခဲ့ဖူးတယ်၊ ရှိလာအုံးမှာပါပဲ။ ဒါကို ခူမီးတွေ အနေနဲ့ ကြိုတင် မြင်နိုင်အောင်ကြိုးစားပြီး လုပ်ဆောင်သင့်တယ်။ ဒီနေရာမှာ ဘယ်ဘာသာက ကောင်းတယ် မကောင်းဘူးဆိုတာ မဟုတ်ပါဘူး၊ ဘယ်ဘာသာမဆို လွတ်လပ်စွာကိုးကွယ်ပါ။ အစိုးရကလဲ ဘာသာရေးကို လွတ်လပ်ခွင့်ပေးထားတယ်။ ဘယ်အသင်းမှာ မဆို ပါဝင်လုပ်ဆောင်ပါ။ ဒါပေမယ့် ကိုယ့်ခူမီးနယ်မှာ ခူမီးလူမျိုးကပဲ ဦးဆောင်နိုင်အောင် ကြိုးစားကြရမယ်။ မိမိ နယ်မြေဒေသနဲ့ မိမိတို့ လူမျိုး အပေါ် မိမိတို့ လောက်ပဲ စေတနာရှိကြတာအမှန်ပါ။ ခူမီးလူမျိုးတိုင်း ဒီအချက်လေးတွေကို အလေးအနက် စဉ်းစားစေချင်ပါတယ်။

မှားတာရှိရင် ထောက်ပြပြီး အပြုသဘောနဲ့ ဆွေးနွေးပေးပါလို့ တောင်းဆိုပါရစေ...
စွမ်းထက်မောင် (သဇင်မြေ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger