ကုလားတန်စီမံကိန်းအပေါ် ဆရာဆလိုင်းအိုက်ဇက်ခင်နှင့် အနည်းငယ် စကားပြောခြင်း

Tuesday, August 21, 20120 မှတ်ချက်

Chin World Media
August 20, 2012
CW။ ။ ဆရာ့ရဲ့ မိဘ၊ မွေးရပ်ဇာတိအစရှိ သဖြင့်ပေါ့လေ နောက်ခံသမိုင်းလေး ဝေငှပေးပါဦး။
Issac Khen။ ။ မိဘတွေက Rev. Timothy Nang Khen နှင့် Daw Molly Ah-Hei ဖြစ်ပါတယ်။ ခူမီး စကားပြော ချင်းလူမျိုးဖြစ်ပါတယ်။ ပလက်ဝမြို့နယ်၊ ကြိုင်ထင်းဝ (TlengThang Vum) ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။

CW။ ။ ပညာရေးအနေနဲ့ ဆရာ့ ဖြတ်သန်းမှုကို သိပါရစေ။
Issac Khen။ ။ ၁၉၉၁ မှာ ဆယ်တန်းအောင်မြင်ပါတယ်။ ၁၉၉၆ မှာ မြစ်ကြီးနားတက္ကသိုလ်ကနေ B.Sc (Maths) ကို မဟာသိပ္ပံအဆင့်မီ Qualify နှင့်အောင်မြင်ပါတယ်။
၂၀၀၂ မှာ Holy Cross Theological College (Anglican Church of Myanmar) ကနေ အင်္ဂလီကန်ဘုန်းတော်ကြီးဖြစ် သင်တန်းအောင်မြင် ပြီး B.Th ဘွဲ့ ရရှိခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ Myanmar Institute of Theology (MIT) ကနေ Master of Theological Studies ဘွဲ့ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ Cambodia နိုင်ငံ Pannasastra University of Cambodia ကနေ Applied Conflict Transformation Studies နဲ့ M.A ဘွဲ့ ရရှိခဲ့ပါတယ်။

CW။ ။ အခုလက်ရှိ တာဝန်ယူလုပ်ကိုင်နေတာတွေကိုလည်း ဝေငှပေးပါဦး။
Issac Khen။ ။ Gender and Development Initiative-Myanmar ကို ၂၀၁၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ (၁၂)ရက် နေ့မှာ တည်ထောင်ခဲ့ပြီး၊ လက်ရှိ Gender and Development Initiative-Myanmar ရဲ့ Executive Director အဖြစ်သော်လည်းကောင်း၊ Gender and Peace Study Center ရဲ့ Senior Research Advisor အနေနဲ့ သော်လည်းကောင်း တာဝန်ထမ်းဆောင်လျှက်ရှိပါတယ်။

CW။ ။ ဆရာတို့ NGO အဖွဲ့ရဲ့ လုပ်ဆောင်နေမှုတွေကိုလည်း ပြောပြပါဦး။
Issac Khen။ ။ GDI ကတော့ နိုင်ငံတော်အစိုးရထံမှာ တရားဝင်မှတ်ပုံတင်ရရှိအောင် လျှောက်ထားဆဲ ဖြစ်ပြီး၊ အမျိုးသမီး၊ အမျိုးသားခွင့်တူညီမျှရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရာမှာ အရပ်ဘက် လူမှုအဖွဲ့ အစည်းများပါဝင် ဆောင်ရွက်နိုင်ရေး နှင့် လူနည်းစု တိုင်းရင်းသားများရဲ့ အခွင့်အရေး အတွက် ပညာပေး ခြင်းစတဲ့လုပ်ငန်း တွေကို နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။

CW။ ။ အစိုးရရဲ့ ကုလားတန်စီမံကိန်းအပေါ်မှာ ဆရာ့ရဲ့ အမြင်၊ သုံးသပ်ချက်ကို သိပါရစေ။ ဒီကိစ္စရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဝေဖန်ပေးပါ။
Issac Khen။ ။ ကုလားတန်စီမံကိန်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးများကိုသိချင်လျင် လောလောဆယ် ဒီစီမံကိန်းကို ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို သိဖို့လိုပါတယ်။ ကုလားတန်စီမံကိန်းနဲ့ပတ်သက် ပြီး ပြောရရင် -

၁) စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိပေးမှု တွေ ပုံမှန်ပြုလုပ်ဖို့လိုပါတယ်။ စီမံကိန်းဆိုင်ရာအကြောင်းအရာတွေကို ပြည်သူတွေက ရှင်းရှင်း လင်းလင်းသိ လေလေ သူတို့အနေနဲ့ အပြောင်းအလဲအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာကို ပြင်ဆင်နိုင် လေလေ ဖြစ်ပါမယ်။ ဒေသခံတွေရဲ့ သိပိုင်ခွင့် (right to information) ကို လေးစားအသိအမှတ်ပြုရာ လည်း ရောက်ပါတယ်။

၂) စီမံကိန်းကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ သက်ရောက်ထိခိုက်မှုတွေရှိလာနိုင်ခြေ လေ့လာတဲ့ Environmental and Social Impact Assessments တွေပြုလုပ်ပြီး ပြည်သူတွေကို ချပြ ရှင်းလင်းပေးရပါမယ်။ သို့သော် ဒီလေ့လာမှုတွေက ပြသနာရဲ့အဖြေ မဟုတ်ဘူး။ အဖြေရှာနိုင် ဖို့လမ်းစ သာ ဖြစ်ပါတယ်။

၃) စီမံကိန်းကြောင့် ထိခိုက်လာမယ့်အရာတွေအတွက် လျှော်ကြေးသတ်မှတ်တာ၊ ပေးတာတွေကို ဒေသ ခံတွေနဲ့ သေသေချာချာတိုင်ပင်ဆွေးနွေးပြီး၊ ဒေသခံတွေ ကျေနပ်မှုရရှိတဲ့အခြေအနေဖြစ် အောင်လုပ် ဖို့လိုပါတယ်။ ပေးတာယူ၊ ယူချင်ယူ၊ မယူချင်နေ ပုံစံမျိုးလုပ်လို့ မရပါ။

၎) ကုလားတန်ဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အညံ့ဆုံး၊ မြန်မာပြည်မှာ ဆင်းရဲနွမ်းပါး မှုအရှိ ဆုံးဒေသထဲမှာ ပါဝင်နေတာကြောင့် India အစိုးရအနေနဲ့ ကုလားတန်ဒေသမြှိုနယ်များရဲ့ ဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်မယ့်အစီအစဉ်တွေကို စီမံကိန်းပြီးစီးတဲ့နေ့မှာ ဒေသခံတွေကို ပေးအပ်သင့်ပါ တယ်။

CW။ ။ Chin World Media ကနေ တဆင့် ဆရာ့ရဲ့ အနာဂတ်ချင်းပြည် မျှော်လင့်ချက်ကို ပြည်တွင်း ပြည်ပ ချင်းလူငယ်တွေဆီကို ပြောပြပါဦး။
Issac Khen။ ။ ချင်းတွေရဲ့ လက်ရှိနဲ့ အနာဂတ်အတွက် ချင်းတွေကိုယ်တိုင်ကပဲ လုပ်ဆောင်နိုင်တယ်။ ဘယ်သူကမှ လာမလုပ်ပေးနိုင်ဘူးဆိုတာကို လူငယ်တွေ သိစေချင်တယ်။ တစ်ယောက်ယောက်က လာလုပ်ပေးလိမ့်မယ် လို့ထင်နေရင် မှားပါလိမ့်မယ်။ သင် မလုပ်ရင် ဘယ်သူ လုပ်မှာလဲ။ အခု မလုပ်ရင် ကော ဘယ်တော့ လုပ်မှာလဲဆိုတာ ပြောချင်ပါတယ်။ ချင်းတွေကြား diversity ရှိတာကိုပဲ ပြသနာ မရှာ စေချင်ပါ။ ချင်းတွေ တစ်စုတစ်စည်းတည်း မရှိသေးဘူးဆိုရင်လည်း အဲဒါကို ယိုးမယ်ဖွဲ့ အပြစ်ရှာ မနေစေ ချင်ပါ။ မတူတဲ့ကြားမှာ တူတာတွေ စုစည်းပြီး စိတ်ညီတာတွေ လုပ်ရင်တောင် အများကြီးလုပ်လို့ရတယ် လို့ ပြောချင်ပါတယ်။ အိုက်စောမြရေးပြီး၊ ဆရာမချင်းချင်းတို့ ထုတ်ဝေထားတဲ့ “ချင်း” ကဗျာစာအုပ်ကို တော့ ချင်းလူငယ်တွေ ဖတ်ကြည့်စေချင်ပါတယ်။
................................................................................................................................
Source : ChinWorld Media
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger