အိန္ဒိယပါလီမန်များနှင့် KMTTP စီမံကိန်းဒေသအတွင်းရှိ ဒေသခံများရန်ကုန်တွင်တွေ့ဆုံ

Tuesday, September 25, 20120 မှတ်ချက်



ရန်ကုန်၊စက်တင်ဘာ ၂၆------ ၂၀၀၈ခုနှစ် ဧပြီလတွင် အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုးခဲ့သော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ Local NGO အဖွဲ့အစည်းတစ်ခုဖြစ်သော Gender and development initiative အဖွဲ့၏ အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံ အနောက်ဘက်ပြည်နယ်လွတ်တော် ကိုယ်စားလှယ်များနှင့် ၄င်းစုံစီမံကိန်း ဒေသတွင်းရှိ ဒေသခံကိုယ်စားလှယ်များနှင့် ဆွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၁၄ ည ၇း၃၀ တွင် ကုန်သည်ကြီးများဟိုတယ်တွင် ပြုလုပ်သည်ဟု သတင်းရရှိသည်။


အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို အိန္ဒိယနိုင်ငံမှလာသော အိန္ဒိယပါလီမန်လွတ်တော်ကိုယ်စားလှယ် ၃ ဦးတို့တက်ရောက်ခဲ့ပြီး စီမံကိန်းဒေသတွင်းရှိ မြို့နယ် ၃ မြို့နယ်မှ ကိုယ်စားလှယ်တော်တစ်ဦးစီ နှင့် PC- ECLOF, BCD, BCD,CNP,RLCA, S.V.S,ACRD-Sittway,Environmental Conservation and Development Committee- Kyauk Taw), Mizzima Media  စသော အဖွဲ့အစည်းများမှ သက်ဆိုင်ရာလူကြီးများ စုစုပေါင်း ၁၆ ဦးတက်ရောက်ခဲ့သည်။

Gender And Development Initiative ၏ Executive Director ဖြစ်သော ဆလိုင်းအိုက်ဇက်ခင်မှ “ယခုတွေ့ဆုံပွဲဟာ ဒီစီမံကိန်းဒေသအတွင်းက ဒေသခံတွေရဲ့ ခံစားချက်တွေ၊ နားလည်မှုတွေ၊ စီမံကိန်းအပေါ်ထားတဲ့ သဘောထားတွေကို ဝေမျှခံစားဖို့အတွက်ပါပဲ။ ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းအောင်၊ တားဆီးဖို့လုပ်ဆောင်နေတဲ့ တွေ့ဆုံဆွေးနွေးပွဲ မဟုတ်ပါဘူး။ စီမံကိန်းကို ကြိုတင်အသိပေးမှုမရှိခြင်း၊ ဒေသခံတွေနဲ့ ညိုနှိုင်းမှုမလုပ်ပေးခြင်းတို့ကြောင့် နစ်နာမှု အများအပြားခံစားရမဲ့ ဒေသက ဒေသခံတွေရဲ့ နားလည်မှုလွဲမှားမှုတွေကနေ လွတ်မြောက်သွားရအောင် ဆိုတဲ့အစီအစဉ်နဲ့ ပြုလုပ်ခဲ့တာပါ။” ဟုပြောသည်။

စစ်တွေဒေသခံများသည် ယခင်ကစီမံကိန်းအား ကြိုဆိုခဲ့ကြသော်လည်း စီမံကိန်းဆောက်လုပ်နေသောကာလအတွင်း ဒေသခံများကြုံတွေ့ရသော အခက်အခဲပြဿနာများ တစ်စတစ်စများပြားလာခြင်းကြောင်း ရေရှည်တွင် ၄င်းစီမံကိန်းကြောင်း ထိခိုက်နစ်နာမှုအရှိန်မြင့်တက်လာဖွယ်အခြေအနေများကို သုံးသပ်ခြင်းဖြင့် ဒေသခံများ စိတ်မအေးနိုင်ဖြစ်ရလေသည်။
စစ်တွေမြို့ဒေသခံ ကိုသန်းလှိုင်က “စစ်တွေဆိပ်ကမ်းဆောက်လုပ်နေပါတယ်။ စီမံကိန်းက ဆေးရုံနားမှာပါ။ နေ့ညမနားတမ်းဆောက်လုပ်နေကြတယ်။ အခုလို အခြေအနေမျိုးမှာ စစ်တွေမှာ ညမထွက်ရအမိန့်တွေထုတ်တယ်။ ဒါပေမဲ့ ဒီစိမံကိန်းလုပ်တဲ့လူတွေက မနားတမ်းကို ဆောက်လုပ်နေတယ်။ လူတွေရဲ့နားထဲမှာ ကြားရတဲ့ဆူညံသံတွေက ခံစားလို့မကောင်းဘူး။ နောက်ပြီး နှလုံးရောဂါ ဝေဒနာရှင်တွေဆို ပိုဆိုးတာပေါ့။ ဒီလိုမဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီစီမံကိန်းမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ လုပ်အားခက အရမ်းနည်းလို့ လုပ်ခတိုးပေးဖို့တောင်းဆိုတယ်။ ဒါပေမဲ့ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ တိုးပေးပြီး ဘာမှမသိသလိုနေလိုက်ကြတယ်။ စသည်ဖြင့်ဒုက္ခတွေကြုံတွေ့နေရတယ်။” ဟု ပြောသွားသည်။

ကျောက်တော်မြို့ဒေသခံ ကိုကျော်ကျော်ကလည်း ကျောက်တော်မြို့နယ်ဒေသခံများ၏ အခြေအနေအပေါ် သုံးသပ်ပြောဆိုသွားသည်။ “ ဒီစီမံကိန်းကိုတော့ ကြိုဆိုပါတယ်။ လောလောဆယ်မှာတော့ ဒီစီမံကိန်းက ကျောက်တော်မြို့နယ်မှာ မစတင်သေးပါဘူး။ ဒါပေမဲ့ ဒေသခံတွေစိုးရီမ်နေကြတယ်။ ဒီစီမံကိန်းသာ လုပ်လာရင် ကုလားတန်မြစ်ကြောတလျှောက်မှာရှိတဲ့ သီးနှံခင်းတွေ၊ သဘာဝတွေ ပျက်စီးလာတော့မယ်။ နောက်ပြီး သဘာဝမဟုတ်တဲ့ အညစ်အကြေးတွေကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှုရှိလာမယ်။ ဒါတွေကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေကို ကြိုတင်ပြုလုပ်ထားပေးသင့်တယ်။” 

စီမံကိန်းနှင့်ပတ်သက်၍ သိနားလည်မှု အနည်းဆုံးဟု သတ်မှတ်နိုင်သော ပလက်ဝဒေသခံမှ တွေ့ဆုံပွဲသို့ တက်ရောက်သူ အိုက်ပီတာလွယ်လူးမှလည်း ဒေသခံများ၏ အခြေအနေကို တင်ပြသည်မှာ “ကျွန်တော်တို့ ပလက်ဝဒေသခံတွေက ဒီစီမံကိန်းအကြောင်းကို ၂၀၀၈ ကတည်းက လက်မှတ်ထိုးထားခဲ့တယ်ဆိုတာ သိတာတောင်မကြာသေးဘူး၊ ပလက်ဝအရှေ့ဘက်ကမ်းမှာ သဘောင်္ဆိမ်ခံဆောက်ဖို့ ၀ုန်းဒိုင်းကြီးရောက်လာမှ ဒေသခံတွေ မျက်လုံးအကြောင်သားနဲ့ကြည့်နေကြတာပါ။ ဘာမှလည်းမမေးရဲ။ မတောင်းဆိုရဲကြဘူး။ အဓိက အဆိုးဆုံးက ပလက်ဝဒေသက လူတွေဟာ နစ်နာကြေးတောင်းဖို့တောင် ကောင်းကောင်းနားမလည်ကြတာပါ။ ဒီလိုရိုးသားတဲ့ ဒေသခံတွေအတွက် ထိခိုက်နစ်နာမှု အဆိုးဆုံး ခံစားရမှာ စိုးရိမ်မိတာ အမှန်ပါပဲ။” ဟုပြောသည်။

ထိုသို့ဆွေးနွေးချက်များအပေါ် အိန္ဒိယမှလာသော ဧည့်သည်တော်များမှလည်း ဤသို့တွေ့ဆုံခြင်း အလွန်ကောင်းကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးမှုများကို ကြားသိရသည့်အတွက် များစွာ ကြိုဆိုကြောင်း၊ စီမံကိန်းအောင်မြင်ရန် အိန္ဒိယအစိုးရမှ ထောက်ပံ့ပေးပြီဖြစ်သောကြောင့် စီမံကိန်းဒေသအတွင်း ဖြစ်လာနိုင်သော ထိခိုက်နစ်နာမှုများ ရှိခဲ့ပါက အိန္ဒိယအစိုးရမှာ မြန်မာအစိုးရမှတဆင့်သာ ပြန်လည်လျှော်ပေးရသည်သာ ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင်ကျင့်သုံးသောမူအရဆိုလျှင် စီမံကိန်းနှင့်ပတ်သက်၍ မိမိတို့ဒေသအတွင်း ဆောက်လုပ်ရေး Essar company  နှင့် ပြဿနာများ ပေါ်ပေါက်လာပါက ဒေသခံပြည်နယ်အစိုးရမှသတ်မှတ်ထားသော ပြည်နယ်အက်ဥပဒေအတိုင်း  Essar company သည်လိုက်လျောရမည်သာဖြစ်ကြောင်း စသည်ဖြင့်ပြန်လည်ဆွေးနွေးသွားခဲ့သည်။

 “စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်း အသိပေးမှု တွေပုံမှန်ပြုလုပ်ဖို့လိုပါတယ်။ စီမံကိန်းဆိုင်ရာအကြောင်းအရာတွေကို ပြည်သူတွေက ရှင်းရှင်း လင်းလင်းသိလေလေ သူတို့အနေနဲ့ အပြောင်းအလဲအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ရမယ် ဆိုတာကို ပြင်ဆင်နိုင်လေလေ ဖြစ်ပါမယ်။ ဒေသခံတွေရဲ့ သိပိုင်ခွင့် (right to information) ကို လေးစားအသိအမှတ်ပြုရာလည်း ရောက်ပါတယ်။” ဟုဆလိုင်းအိုက်ခင်မှ သြဂုတ်လ ၁၆ ရက်နေ့တွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

     သြဂုတ်လ ၁၅ရက်နေ့တွင် ချင်းအမျိုးသားပါတီ၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး သံအမတ်ကြီးထံပေးပို့သော စာတမ်းတွင်ပါဝင်ဖော်ပြထားသော အချက်အလက်များတွင်  ပလက်ဝမြို့နယ်သို့ ပင်လယ်ရေလှိုင်းများ ၀င်ရောက်တတ်သည်ဖြစ်၍ သောင်တူးခြင်းကြောင့် မြောက် ဘက်ပိုင်းသို့ ပင်လယ်ဆားငန်ရေများ ၀င်ရောက်စေနိုင်ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူ များ၏ လယ်ယာမြေဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ လယ်ယာမြေများသည် စစ်တွေနှင့် ပလက်ဝ မြို့နယ်အကြား ၇၅မိုင်ခန့် ကျယ်ဝန်းလျှက်ရှိကြောင်း၊ ပြည်သူအများစုသည် လယ်ယာမြေများ၊ ငါးဖမ်းရန်နေရာ၊ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ မြစ်ရေအား အထွေထွေ အသုံးချရမှုစသည်များ ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်ရကြောင်းများ ဖော်ပြထားသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ဝေသော ဖေဖော်ဝါရီ ၂၀ ရက်နေ့ထုတ် အတွဲ ၂၊ အမှတ်စဉ် ၄။ The Transport News Journal တွင် ဖော်ပြသော သတင်းစာရှင်းလင်းပွဲမှ သတင်းများကို သုံးသပ်မိသော်၊ လက်တွေ့တွင် ကိုက်ညီမှုမရှိသေးကြောင်း လေ့လာသိရှိရသည်။

ကုလားတန်ဘက်စုံစီမံကိန်းကို လွန်ခဲ့သော ၂၀၁၀ ခုနှစ် အောက်တိုဘာလ မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းအပိုင်းအားလုံး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးရမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင်ပြီးစီးရန် ပြောင်းလဲသတ်မှတ်လိုက်ပြီးဖြစ်သည်။ ယခုအခါ စီမံကိန်းကို ၂၀၁၆ မှသာ ပြီးဆုံးရန်ပြန်လည်သတ်မှတ်လိုက်ကြောင်း သိရှိရသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger