စာပေနှင့် မီဒီယာ

Wednesday, October 03, 20120 မှတ်ချက်



မောင်ပြည့်စုံ (အညတရ)
ယနေ့ လူထုဆက်သွယ်ရေး (မီဒီယာ) လောကတွင် တင်ဆက်မှုမီဒီယာ (Presentation Media)၊ ပုံနှိပ် မီဒီယာ (Printing Media) နှင့် နည်းပညာအသုံးချမီဒီယာ (Mechanical Media) ဟူ၍ မီဒီယာ အမျိုးအစား သုံးမျိုးရှိသည်ဟု John Fiske ကတင်ပြထားရာ၊ အဆိုပါသုံးမျိုးစလုံးတွင် စာပေသည် အဓိကအခန်းကဏ္ဌမှ ပါဝင်လျက်ရှိကြောင်း ဖွင့်ဆိုထားပါသည်။ ထို့ပြင် လူသားတို့ တွေးခေါ်မျှော်မြင်မှုနှင့် အသိဥာဏ်မြင့်မားရေးအတွက် ဖန်တီးလုပ်ဆောင်ပေးမှုတွင် စာပေသည် သော့ချက်တစ်ခုဖြစ်သည်ဟု စာရေးဆရာတက္ကသိုလ်စန်းကလည်း ရေးသားခဲ့ဖူးပါသည်။

သို့ဖြစ်လျှင် လူမျိုးအသီးသီးတို့၏ စာပေကို လူ့ဘောင်အဖွဲ့အစည်းတစ်ခုအတွက် အကျိုးပြုစာပေတစ်ခုဖြစ်စေရန် မည်သို့ပြုရပါမည်နည်း။ စာပေလောက ၌ စာအကြောင်းပေအကြောင်း ပြောဆိုဆွေးနွေးကြာရာဝယ်၊ လူမျိုးအသီးသီးတို့သည် စာပေကိုယ်စီရှိကြသော်လည်း အချို့ စာပေများမှာ
အကျိုးပြုစာပေအဆင့်သို့ရောက်သင့်သည်အတိုင်း မရောက်နိုင်ဘဲ ရှိနေရသည်ကို လေ့လာတွေ့ရှိရပေမည်။ ထိုသို့သောစာပေများမှာ တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်း ၏ စိန်ခေါ်မှုအရ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဟု မီးမောင်းထိုးပြနေသကဲ့သို့ဖြစ်သည်။

မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးတို့ ၏ စာပေကမျှ အစဉ်ထာဝရပြည့်စုံလုံလောက်ပြီ ဟူ၍ မဆိုနိုင်ပါ။ အချိန်အခါသင့်လျှင် ပြုပြင်ရသည်ချည်းပင်ဖြစ်၏။ သို့သော် စာပေတစ်ခုကို ပြုပြင်ရာတွင် စာ၊ စကားနှင့် စကားလုံးတို့၏ ဆက်နွယ်မှုနှင့် ကွဲပြားခြားနားပုံတို့ကို လေ့လာ သိရှိပြီးမှသာ ပြုပြင်သင့်သည်။ ယေဘုယျအားဖြင့် စာဟုဆိုရာ၌ အက္ခရာ၊ အသုံးအနှုန်းနှင့် အရေးအသားစသည်တို့ပါဝင်၏ ။ စကားဟုဆိုလျှင် ကိုယ်စားပြုသောမိခင်ဘာသာစကားနှင့် တိုက်ရိုက် သက်ဆိုင်သည်။ စကားလုံးဟုဆိုသော် မွေးစားစကားလုံး၊ ဘာသာရပ်ဆိုင်ရာစကားလုံးနှင့် ပထ၀ီဝင် ဆိုင်ရာစကားလုံးဟူ၍ဖြစ်သည်။ ထို့ပြင် စာပေတစ်ခုကို ပြုပြင်ရာတွင် စာပေပညာကျွမ်းကျင်မှု၊ ဘာသာစကားကျွမ်းကျင်မှုနှင့် စကားလုံးကြွယ်ဝမှုတို့သည် မရှိမဖြစ်လိုအပ်သကဲ့သို့ မည်သည့်အရာကို မည်သူက မည်သို့ပြုပြင်ဖြည့်စွက်သင့်ကြောင်း တာဝန်ခွဲဝေတတ်ရန်လည်း အထူးလိုအပ်ပေသည်။ ဤတွင် ဘာသာစကားကျွမ်းကျင်ရုံမျှနှင့် စာပေကိုပြုပြင်၍ အားနည်းချက်များစွာရှိနိုင်သည်ကို သတိမူသင့်ပေသည်။

တစ်ဖန်စာပေကို ပြုပြင်ရုံနှင့်လည်း မပြီးသေးချေ။ ယင်းစာပေကို ထိန်းသိမ်းတတ်ရန် လည်း လိုသေး၏။ ထိုသို့ထိန်းသိမ်းရာတွင် စာရေးဆရာ၊ စာပြင်ဆရာ၊ စာတည်းနှင့် စာတည်းချုပ် တို့သည် အထူးတာဝန်ရှိသောသူများဖြစ်ကြသည်။ ဤတွင် စာရေးခြင်းအတတ်ပညာနှင့် စာကို တည်းဖြတ်ခြင်းအတတ်ပညာတို့သည် လွန်စွာကွဲပြားခြားနားပေသည်။ လှေလှော်တတ်သူနှင့် ပဲ့ကိုင်တတ်သူကဲ့သို့ဖြစ်၏။ သင်ယူဆည်းဖူး၍မရသော ဗီဇပါရမီဟုလည်း ဆိုကြသည်။ စာရေးဆရာ၌ မိမိ၏အတွေးအမြင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီကုံးရေးသားတတ်ရန် လိုအပ်သကဲ့သို့ စာတည်းအနေဖြင့် လည်း တာဝန်သိတတ်မှုနှင့် စာပေအမျိုးအစားကို အကဲဖြတ်ရာ၌ ကျွမ်းကျင်လိမ္မာရန် အထူးလိုအပ် ပေသည်။ အကယ်၍ စာနယ်ဇင်းတို့၏ကွဲပြားပုံနှင့် ၀တ္ထု၊ ၊ ဆောင်းပါး၊ ကဗျာ၊ စာညွှန့်စသည်တို့၏ ခြားနားပုံတို့ကို ဂဃနဏ မသိခဲ့ပါမူ စာဖတ်ပရိတ်သတ်များ၏ စာအုပ်စင်ပေါ်တွင် နေရာမရရှိရုံ သာမကဘဲ၊ လူမှုအသိုက်အ၀န်းကိုလည်း ပြုစုပျိုးထောင်ပေးနိုင်မည်မဟုတ်ချေ။

ကမ္ဘာပေါ်ရှိ စာကြီးပေကြီးများသည် ရေမြေသဘာဝနှင့် လူမျိုး၊ ဘာသာစကားကြောင့် ဖြစ်လာရသည်မဟုတ်။ မိမိတို့၏စာပေကို ပြုပြင်ထိန်းသိမ်းရာ၌ တာဝန်သိတတ်သူတို့၏ စွမ်းပကားကြောင့်သာ ဖြစ်လာရသည်ဟု ပညာရှင်များက ဆိုကြလေသည်။ လူအချို့တို့သည် မိမိတို့၏စာပေကို အလွန်ချစ်မြတ်နိုးကြပေသည်။ သို့သော်ပြုပြင်ထိန်းသိမ်းရန် မတွေးမိကြချေ။ ထို့သို့လျှင် ကောက်ရိုးပုံစောင့်ခွေးပမာဖြစ်ရချေမည်။ အချို့ကလည်း မိမိတို့၏အရည်အချင်းနှင့်ဘွဲ့၊ ဒီဂရီ အပေါ် အားကိုးတကြီးဖြင့် စာပေကို ဝေဖန်ရေးသားပြုပြင် လိုကြပေသည်။ ကောင်းပေ၏။ ပန်းချီ ပညာရှင်တစ်ဦးသည် နွားတစ်ကောင်ကို ပုံတူရေးဆွဲနိုင်မည်ဖြစ်သော်လည်း အဘယ်ပန်းချီဆရာမျှ နွားကျောင်းသားတစ်ဦးလောက် နွားအကြောင်းကို သိရှိနားလည်နိုင်မည်မဟုတ်ကြောင်း သတိပြုသင့်သည်။

အချုပ်ဆိုရသော် စာပေနှင့်မီဒီယာသည် လက်ဖ၀ါးနှင့် လက်ဖမိုးပမာ ခွဲခြား၍မရနိုင်သော ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်၏။ တိုင်းနိုင်ငံ (သို့မဟုတ်) လူမျိုးတစ်မျိုး၏လူနေမှုအဆင့်အတန်းကို တိုင်းတာရာ၌ ပေတံအလား အသုံးပြုရသော ကိရိယာတစ်ခုလည်း ဖြစ်ပါပေသည်။ သို့ဖြစ်ရာ မိမိတို့လူမျိုး၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားစေရန် အလို့ငှါ အကျိုးပြုစာအုပ်စာပေများ မြောက်မြားစွာပေါ်ထွက်လာနိုင်ရေးအတွက် ၀ိုင်းဝန်းကြိုးစားအားထုတ်ရင်း စာပေနှင့်မီဒီယာ လောကကို မြှင့်တင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger