ပလက်ဝ NLD ဥက္ကဌ ဦးထွီးအောင်နှင့်စကားပြောခြင်း

Tuesday, October 09, 20120 မှတ်ချက်

http://www.facebook.com/khumimediagroup

KMG - အဘရဲ့မွေးရပ်ဇာတိနှင့် မိဘအကြောင်းကို မိတ်ဆက်ပေးပါဦး။
ဦးထွီးအောင် - ဖရုံချောင်းရွာ၊ ဇဉ်ဘောင်းပြင်အုပ်စု၊ ပလက်ဝမြို့နယ်ပါ။ အဘဦးခင်တလိ၊ အမေဒေါ်ကိန်လုံးမှ ဖွားမြင်ပါတယ်။

KMG -  မကြားသေးခင်ကပဲ ပလက်ဝမြို့မှာ NLD ရုံးဖွင့်လိုက်ပြီလို့ကြားရပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ဖွင့်ရတယ်ဆိုတာကို ပြောပြပေးပါဦး။

ဦးထွီးအောင် - ၂၀၁၂-ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှာ ရုံးဖွင့်ပါတယ်။ တစ်တိုင်းပြည်လုံး၊ စစ်မှန်သော ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေးအတွက်ပါ။ အထူးသဖြင့် တရားဥပဒေစိုးမိုးရေး၊ တန်းတူအခွင့်အရေးရရှိရေးကြောင့်ပါဘဲ။

KMG -  အခု ပလက်ဝ NLD မှ အသင်းဝင်အင်အား ဘယ်နှစ်ယောက်လောက်ရှိပြီလဲ။ လက်ရှိရပ်တည်မှုအခြေအနေ ကို ပြောပြပေးပါဦး။


ဦးထွီးအောင် - လက်ရှိပါတီဝင်အင်အား(၅၀၀)ကျော်ရှိပါတယ်။ ပါတီရပ်တည်မှုကတော့ ငွေကြေးရံပုံငွေ အားနည်းနေတယ်။ စည်းရုံးရေးမှာ ထင်သလောက် ခရီးမရောက်နိုင်ဘူး။

KMG -  ပလက်ဝ NLD မှာ အဘရဲ့ လက်ရှိတာဝန်နှင့် အမှုဆောင်တွေ ဖွဲ့စည်းပုံကို သိခွင့်ရမလား။

ဦးထွီးအောင် - လက်ရှိတာဝန်က မြို့နယ်ကော်မရှင် ဥက္ကဌတာဝန်ယူရပါတယ်။ အုပ်စုရှိကျေးရွာတိုင်းသို့ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက်သွားရောက်စည်းရုံးဖွဲ့စည်းပေးပါတယ်။

KMG -  အဘအရင်က ထမ်းဆောင်ခဲ့ဖူးတဲ့ လုပ်ငန်းတာဝန်တွေနဲ့ နိုင်ငံရေးအတွေ့အကြုံတွေ ကိုလည်း ဝေငှပေးပါဦး။

ဦးထွီးအောင် - အလယ်တန်းပြဆရာအဖြစ် အ.ထ.က-ပလက်ဝမှာ ကျောင်းဆရာအဖြစ် ပညာရေးဌာနမှာ လုပ်ပါတယ်။ မြို့နယ်ပြည်သူ့ကောင်စီမှာ လုပ်ငန်းစစ်ဆေးရေး အဖွဲ့အဖွဲ့ဝင်၊ မြို့နယ်ကောင်စီအတွင်းရေးမှူး၊ ၁၉၉၀ ပြည့်နှစ် NLD အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံရပါတယ်။

KMG -  ပြုပြင်ပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရေးအခြေအနေပေါ် ဘယ်လိုမြင်သလဲ။

ဦးထွီးအောင် - တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုကို အပြုသဘောနှင့် အကောင်းမြင်ဝါဒဟာ အသင့်တော်ဆုံးဖြစ်တယ်။ နိုင်ငံခေါင်းဆောင်တွေဟာ သဘောထားပြည့်ဝသူတွေလို့ သုံးသပ်မိပါတယ်။

KMG -  နိုင်ငံရေးရှုထောင့်ကနေ အဘအနေနဲ့သုံးသပ်မယ်ဆိုရင် ခူမီးလူမျိုးတွေရဲ့ အလိုအပ်ဆုံးက ဘာများဖြစ်နိုင်သလဲ။

ဦးထွီးအောင် - လူတိုင်းလူမျိုးတိုင်းဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုလားကြပါတယ်။ ဓမ္မာတာပါဘဲ။ ဒါကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ စာပေ၊ ဘာသာရေးလွတ်လပ်မှု ရရှိရန်နှင့် ဒီမိုကရေစီ ရရန် လိုမယ်။

KMG -  လက်ရှိ ပလက်ဝလွှတ်တော်ကိုယ်စားလှယ်တွေကို အားရကျေနပ်မှုရှိရဲ့လား။ ဘယ်လိုသုံးသပ်ချင်ပါသလဲ။

ဦးထွီးအောင် - လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေဟာ သူ့နေရာနှင့်သူ အရည်အချင်းပြည့်ဝပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့် ဘောင်ကျော်လွန်မှု အားနည်းမှု ထောက်ပြစရာ မတွေ့ရသေးပါဘူး။

KMG -  နိုင်ငံရေးသမားကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အင်္ဂါရပ်တွေကိုလည်း သိသလောက်ဝေငှ ပေးပါဦး။

ဦးထွီးအောင် - လူ့ကျင့်ဝတ်သိက္ခာနှင့်အညီ နေနိုင်ရင် ပိုကောင်းပါမယ်လို့ ယူဆပါတယ်။ ဥပမာ- နုတ်ချိုခြင်း၊ အသောက်အစားကင်းခြင်း၊ အဂတိလိုက်စားမှုကင်းခြင်း၊ ဖြောင့်မတ်တည်ကြည်ခြင်း၊ စိတ်ရှည် သည်းခံခြင်း၊ ခွင့်လွတ်သင့်လျှင် ခွင့်လွတ်ခြင်း၊ သနားတတ်ခြင်း၊ ဝေဖန်သုံးသပ်မှုရှိခြင်း စသည်ဖြင့်ပေါ့။

KMG -  ဘာဖြစ်လို့ ချင်းပါတီမှာ မ၀င်ဘဲ၊ NLD မှာ ပါဝင်ရတာလဲ ပြောပြပါဦး။

ဦးထွီးအောင် - ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေပါပြီ၊ မိမိလူမျိုး ကွက်ကွက်လေးကို ကြည့်ပြီး ကောင်းစားရေးကို လုပ်ဆောင်တာထက်၊ ကမ္ဘာ့လူမျိုးပေါင်းစုံ ပါဝင်လက်ခံနိုင်တဲ့ ပါဝင်နိုင်တဲ့ ပါတီစုံဒီမိုကရေစီစနစ်သာ ဖြစ်သင့်တယ်လို့ အဘထင်မြင်ယူဆပါတယ်။

KMG -  ပလက်ဝမှာ နိုင်ငံရေးပါတီ တရားဝင် ဘယ်နှစ်ပါတီရှိပြီလဲ။

ဦးထွီးအောင် - ၁။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၂။ ချင်းအမျိုးသားတိုးတက်ရေးပါတီ၊ ၃။  မြို(ခေါ်) ခမီးပါတီ၊ ၄။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊  ၆။ တိုင်းရင်းသား စည်းရုံးညီညွတ်ရေးပါတီ၊ ၇။ ဒီမိုကရက်တစ်ပါတီ တို့ရှိတယ်။

KMG -  ပလက်ဝ NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိပါသလား။ ပလက်ဝနယ်အတွက် ဘယ်လိုအစီအစဉ်တွေ ဆောင်ရွက်ဖို့ရှိပါသလဲ။

ဦးထွီးအောင် - ရွေးကောက်ပွဲဝင်ဖို့ အစီအစဉ်ရှိပါတယ်။  တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်နိုင်မယ့် မြို့နယ်အတွင်း စည်းလုံးညီညွတ်မှုကို ဦးစားပေးဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။

KMG -  ခူမီးနိုင်ငံရေးပါတီဖွဲ့စည်းဖို့ တချို့တလေရဲ့ ပြောဆိုမှုသံတွေအပေါ် ဘာပြောစရာများ ရှိပါသလဲ။

ဦးထွီးအောင် - လူမျိုးရေးကို ဦးတည်ပြီး နိုင်ငံရေးပါတီထောင်တာဟာ လူမျိုးတစ်မျိုးအတွက် အကောင်းဆုံးပါ။ ဒါပေမဲ့ တစ်ခြားလူမျိုးတွေ ပါဝင်ခွင့်မရတော့သဖြင့် နောင်တွင် အထီးကျန်ဖြစ်တတ်ပါတယ်လို့ သုံးသပ်မိပါတယ်။

KMG -  ပလက်ဝနယ်ရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည်တို့ကို ဘယ်လိုမြင်သလဲ၊ သုံးသပ်ပေးပါဦး။

ဦးထွီးအောင် - လူမှုရေး၊ နိုင်ငံရေး စီးပွားရေးမှာ စီးပွားရှာဖွေရေးကို ဦးစားပေးလွန်းတယ်။ နိုင်ငံရေး၊ လူမှုရေးမှာ စိတ်ဝင်စားမှုအားနည်းနေတယ်လို့ ခံစားမိပါတယ်။

KMG -  ဘာများဖြည့်စွက်စရာ ရှိပါသလဲ။

ဦးထွီးအောင် - လူတွေသတောတရားပြည့်ဝဖို့အတွက် မိမိတို့ကို သွန်သင်ဆုံးမသြ၀ါဒပေးတဲ့ အနီးကပ်လက်ဦးဆရာ တွေရဲ့ သဘောထားအပေါ်မှာ မှီတည်နေတယ်လို့ ယူဆပါတယ်။ အမှားအမှန်ဆိုတာ ယနေ့လူငယ်တွေခွဲခွဲခြားခြား သိနိုင်အောင် စာအုပ်များများဖတ်ပါ လို့ အဘတိုက်တွန်းပါရစေ။

KMG -  ခူမီးလူမျိုးနှင့် ပလက်ဝနယ်အတွက် အနာဂတ်မျှော်လင့်ချက်ကို ပြေပြပါဦး။

ဦးထွီးအောင် - သည်းခံခွင့်လွှတ်စိတ်သဘောထားကြီးမှု ၊ဗဟုသုတပြည့်စုံမှု၊ အမှားအမှန်ဝေဖန်ပိုင်းခြားတတ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုရှိတဲ့ ခေါင်းဆောင်ကောင်းကို ရွေးတတ်မှုအပေါ် မူတည်ပြီး တိုးတက်မှု၊ ပြောင်းလဲမှုရလာဒ် ကောင်းရနိုင်ပါတယ်လို့ အဘယူဆပါတယ်။

KMG -  ဆက်သွယ်ရမယ့် လိပ်စာနဲ့ ဖုန်းနံပါတ်တွေက။

ဦးထွီးအောင် - ဦးထွီးအောင်၊ မြို့မရပ်ကွက်၊ ပလက်ဝမြို့ ပါ။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger