ခူမီးအမျိုးသမီးများနဲ့ ပညာရေး

Thursday, November 08, 20121မှတ်ချက်



၂၁ ရာစုမှာ ခူမီးအမျိုးသမီး ပညာတတ်ဦးရေ တိုးတက်လာတာ ဝမ်းသာစရာဖြစ်ပေမယ့် ခူမီး အမျိုးသားများနဲ့ နှိုင်းယှဉ်လျှင် ခူမီးအမျိုးသမီးများ၏ ပညာတတ်မြောက်မှု ရာခိုင်နှုန်းမှာ များစွာကွာခြားနေပါတယ်။ ခူမီး အမျိုးသမီးများလဲ ခူမီးအမျိုးသားများလိုပဲ ပညာတတ် အမြော်အမြင်ကျယ်ကြပါတယ်။ အခု လက်ရှိ ပလက်ဝမြို့နယ်ရဲ့ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ် ဆာဆု ဟာ ခူမီးအမျိုးသမီး ဖြစ်ပါတယ်။ ထို့အတူပဲ ပညာရေးဝန်ထမ်းဘက်မှာ လယ်/အုပ်၊ ထက်/ပြ၊ လယ်/ပြ၊ မူ/အုပ်၊ မူလတန်းပြ ဆရာမများအဖြစ် အသီးသီး ပါဝင်လာကြပါတယ်။ ထို့ပြင် ကျန်းမာရေး ဘက်တွင်လဲ ဆရာဝန်၊ သူနာပြု၊ သားဖွားစသဖြင့် ပါဝင်ကြပြီး INGO, NGO နဲ့ အခြားလူမှုရေးအဖွဲ့ အစည်းဘက်မှာလဲ ခူမီးအမျိုးသမီးများ ပါဝင်နေကြပါတယ်။ ဘာသာရေးဆိုင်ရာဘက်တွေလဲ ဓမ္မပညာနဲ့ မဟာဘွဲ့ရတဲ့သူများ ရှိလာကြပြီး ကျမ်းစာကျောင်းများတွင် စာပို့ချသူ၊ အသင်းတော်တွေမှာလဲ နေရာယူလာကြတယ်။ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာက
ခူမီးအမျိုးသမီး အများစုဟာ ပညာမတတ်ဘဲ ရှိနေကြဆဲ။ မျက်ကွယ်ပြုခံရဆဲ။  ဤသို့ဖြစ်ရခြင်းမှာ ခူမီးအမျိုးသမီးများ ဥာဏ်ရည် မမီလို့မဟုတ်ပါ။ တချို့ ခူမီးအမျိုးသမီးများမှာ ခူမီးအမျိုးသားများနဲ့ တန်းတူ မိဘများက သားနဲ့ သမီးအပေါ် ခွဲခြားမှုရှိခြင်းကြောင့်ပဲဖြစ်ပါတယ်။ တချို့မိဘများတွေက သားနဲ့ သမီးကို ခွဲခြားရှိမရှိဘဲနဲ့ တန်းတူ အခွင့်အရေးပေးကြပေမယ့် တချို့ မိဘတွေက သားကိုပဲ ဦးစားပေးပြီး သမီးရဲ့ ပညာရေးကို မျက်ကွယ်ပြုတတ်ကြတယ်။ 

တချို့မိဘများက “သမီးကို ပညာတွေ သင်ပေးနေရင်လဲ သူများအတွက်ပဲ။ သူ အိမ်ထောင်ပြုသွားရင် ငါတို့အတွက်ဘာမှ မရှိတော့ဘူး။ သူများရဲ့ လူဖြစ်သွားမှာပဲ။ စာရေးတတ် ဖတ်တတ်အောင် သင်ပေးရင် တော်ပါပြီ။ သားကိုပဲ ပညာသင်ပေးမယ်” ဆိုတဲ့ စကားတွေကို ခူမီးလူကြီး မိဘတွေ ပြောတာကို မကြာခဏကြားဖူးတယ်။ စာရေးတတ်ဖတ်တတ်တဲ့ အဆင့်ဆိုတာကို တချို့မိဘတွေက မူလတန်းအဆင့် ပညာရေးလောက်ပဲ သိကြတယ်၊ တကယ်တမ်းတော့ မူလတန်းအဆင့် ပညာရေးလောက်ကို စာရေးတတ် ဖတ်တယ်ဆိုတဲ့ အဆင့်နဲ့ မသတ်မှတ်နိုင်ပါဘူး။ မြို့ပေါ်က ကျောင်းသား/သူတွေအတွက်တော့ မူလတန်းအဆင့်မှာ စာကောင်းကောင်း ဖတ်တတ်ရေးတတ်ပြီ ဖြစ်ပေမယ့် တောရွာက ကျောင်းသား/သူတွေက မူလတန်းမကလို့ အလယ်တန်းအဆင့် ကျောင်းသား/သူများ (တချို့ အထက်တန်း ကျောင်းသား/ သူများ) ပါ မြန်မာစာကိုပင် ဖြောင့်အောင် မဖတ်နိုင်ကြသေးပါ။ တချို့မိဘတွေရဲ့ အမြင် ကျဉ်းမြောင်းခြင်း ကြောင့် ခူမီးအမျိုးသမီးများရဲ့ ပညာရေးဟာ တိုးတက်လာခြင်း မရှိသေး သလောက်ဖြစ်တယ်၊ မိဘတွေရဲ့ စိတ်ထဲမှာ သမီးကို ပညာတွေ သင်ပေးရင်လဲ အိမ်ထောင်ပြုသွားရင် သူများအတွက်ပဲ ဆိုတဲ့ စိတ်ထားကရှိနေတော့ သမီးကို ပညာမသင်ပေးချင်တော့ဘူး၊ ဒီတော့ ဘယ်လိုလို့ ပညာတတ်တဲ့ အမျိုးသမီး၊ အများနဲ့ တန်းတူ ရင်ပေါင်တန်းနိုင်တဲ့ အမျိုးသမီးဆိုတာ ရှိမလာနိုင်တော့ဘူးပေါ့။ သူများအတွက်ပဲဆိုတာ စကားဟာ လုံးဝ မှားတဲ့ အတွေးအခေါ်ဖြစ်တယ်လို့ ပြောချင်တယ်၊ ကိုယ့်သားသမီးမှာတောင်မှ ခွဲခြားတဲ့ စိတ်ထားရှိတဲ့ မိဘတွေဟာ အင်မတန်မှ အမြင် သေးသိမ်လို့ပဲ ဖြစ်ပါလိမ့်မယ်။ မိဘဆိုတာ သားသမီးတွေရဲ့ အောင်မြင်မှုအပေါ် ပီတိ ဖြာတတ်ကြတဲ့ သူတွေဖြစ်ပါတယ်၊ ဒါပေမယ့် အခုလို သားကိုပဲ ပညာသင်စေပြီး သမီးရဲ့ ပညာရေးကို အားမပေးခြင်းဟာ သားသမီးချင်းကို ခွဲခြား ဆက်ဆံခြင်းတစ်မျိုးဖြစ်တယ်။ ကိုယ့်သားသမီးကို ခွဲခြားဆက်ဆံနေတဲ့ မိဘတွေဟာ အမြင်ကျဉ်းသေးလို့ပဲဖြစ်မယ်။ ကျွန်တော့်ဇာတိရွာမှာ အဲဒီတုန်းက ဆယ်တန်းရောက်တဲ့ အမျိုးသမီးဆိုလို့ တော်တော် ရှားပါးနေပါသေးတယ်။ အဲဒီခါ ကျွန်တော့် အစ်မက ဆယ်တန်း ရောက်တော့ ရွာက လူတွေက အဖေ့ကို အမျိုးအမျိုးပြောကြတယ် “ဆရာရေ…သမီးကို ပညာတွေ သင်ပေးနေရင်လဲ သမီး အိမ်ထောင်ပြုသွားရင် ဆရာ့အတွက် ဘာအကျိုးရှိမှာလဲ..သူများရဲ့ လူဖြစ်သွားမှာပဲ…ဆရာ့မှာ သားတွေ အများကြီးရှိတာပဲ သားတွေကိုပဲ ပညာသင်ပေးပေါ့”တဲ့။ ပြီးတော့ အစ်မက ဓမ္မတက္ကသိုလ် တက်ပြန်တော့ လူတွေက အဖေ့ကို ဝေဖန်ကြတာ အဆုံးနိုင်တော့ဘူး။ ကျွန်တော် သိရသလောက်ဆိုရင် တစ်ရွာလုံးမှာ အခုထိ ဆယ်တန်းရောက်တဲ့ အမျိုးသမီးတွေ မရှိသေးဘူး။ ဘာကြောင့်လဲဆိုရင် မိဘတွေက သမီးတွေကို မူလတန်းအောင်တာနဲ့ ကျောင်း ထွက်ခိုင်းလို့ပါပဲ။ သမီးပျိုအရွယ်ရောက်ရင် အိမ်ထောင်ပြုမယ်၊ အတွင်းဖိုး( vang) ရမယ်ဆိုတာပဲ လောက်ပဲ မိဘတွေက နားလည်ကြတယ်၊ တချို့ကြပြန်တော့လဲ မိဘတွေက ငွေကြေး အဆင်မပြေတဲ့ကြားက သားသမီးတွေ ပညာတတ်ဖြစ်ပါစေဆိုပြီး အတတ်နိုင်ဆုံး ကြိုးစားရှာဖွေပြီး ကျောင်းထားပေးကြတယ်၊ ဒါပေမယ့် အလယ်တန်း၊အထက်တန်းရောက်တာနဲ့ ရည်းစားထားပြီး ကျောင်းစာကို စိတ်မဝင်စားတော့ဘူး၊ ဆယ်တန်းအောင် အောင်ပင် စိတ်ကူးမရှိတော့ဘဲ အိမ်ထောင်ပြုဖို့ပဲ စိတ်ကူးတော့တယ်။ ဒီတော့ မိဘတွေက ကျောင်းထားပေးရတာလဲ အချည်းနှီး ဖြစ်သလိုဖြစ်သွားတာပေါ့။ ပညာသင်ပေးပေမယ့် ပညာမတတ်တဲ့ မိဘတွေလိုပဲ ဓါးကိုင်ပြီး တောင်ယာခုတ်၊ ပေါင်းရှင်း၊ ပေါက်တူးဆွဲရတဲ့ ဘဝကိုပြန်ရောက်ရတာပေါ့။ မိဘတွေက သားသမီးတွေကိုသူတို့လို နေပူမိုးရွာဒဏ် မခံစေချင်လို့ ကျောင်းထားပေးကြတယ်၊ မိဘရဲ့ စေတနာကို နားမလည်တဲ့ သားသမီးတွေက ဘာဖြစ်စေချင်လို့ ဘာရည်ရွယ်ချက်နဲ့ မိဘတွေက ကျောင်း ထားပေးတယ်ဆိုတာကိုလဲ မစဉ်းစားတော့ဘူး။ အဲဒီ အခြေအနေတွေကြောင့်     တချို့ မိဘတွေကလဲ သမီးကို ပညာမသင်ပေးဘူးဆိုတဲ့ အကြောင်းပြောဆိုနေကြတာကို ကြားဖူးတယ်။ လေ့လာရသလောက် ပြောမယ်ဆိုရင် မိဘတွေရဲ့ အတွေးထဲမှာ သမီးဆိုတာ သူများအတွက်ပဲ ကိုယ့်အတွက် မဟုတ်ဘူး၊ ကိုယ့်လူမဟုတ်ဘူးဆိုတဲ့ စိတ်ထားရှိကြလို့ သမီးတွေကို ပညာ မသင်ပေးချင်တာပါပဲ။ ဖြစ်သင့်တာက မိဘတွေကိုလဲ အမြင်ပွင့်လာအောင်ပြောပြပြီး မိဘက ကျောင်း ထားပေးတဲ့ မိဘတွေရဲ့ စေတနာကို နားလည်ပြီး မိမိတို့ အပိုင်းဘက်က ဘဝတိုးတက်ရေးကို ရှေ့ရှုပြီး ကြိုးစားဖို့လိုပါတယ်။ သို့မှသာ ခူမီးအမျိုးသမီးတွေရဲ့ ပညာရေးဟာ မြင့်တက်လာမှာဖြစ်တယ်။
 
                     စွမ်းထက်မောင် (သဇင်မြေ) ရေးသားသည်။

Share this article :

+ မှတ်ချက် + 1 မှတ်ချက်

Anonymous
8 November 2012 at 07:04

Achi khumi amh,m, ampo chi ly pathui keng veh cho. Hunai paleung awm nai deaungkho vainih pa,ri achi Khumi thodeaung,anglo deaungdi chi py cha kawp u y i, ami cheng chi maseaung lawnlawn veve nai ly. Angpo tameuh y ym khypkhyp nai ny y pui cho, arengtameuh i leusai ym khypkhyp nabyly nai kamta kadawn sai awm ai ny y nai ne.

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger