ခူမီးလူမျိုးများနဲ့ အနာဂတ် ပေါ် ဆရာမောင်ညို၏ဝေဖန်သုံးသပ်ချက်

Saturday, June 30, 20120 မှတ်ချက်

အနာဂတ်အကြောင်း ပြောမည်ဆိုပါက နောက်ကြောင်း သမိုင်းအကြောင်းကို မပြောဘဲ ထားခဲ့ရန် မဖြစ်နိုင်ပါ။လူမျိုးတိုင်းလူမျိုးတိုင်းမှာ သမိုင်းကိုယ်စီရှိကြသလို မရောက်လာသေးတဲ့ အနာဂတ် မျှော်မှန်းချက် အနာဂတ်သည်လည်း ရှိကြပါသည်။ သမိုင်းဆိုတာ အတိတ်က ဖြစ်ပျက်၊ တည်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို နောင်လာနောက်သားများ သိစေဖို့ မှတ်တမ်း တင်ထားတဲ့ အရာတစ်ခုဖြစ်သည်။ စာပေ မထွန်းကား သေးခင်က သမိုင်းရာဇဝင်များကို နုတ်ရာဇဝင်ဖြင့် ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ခံယူကြလေ့ရှိပါတယ်။ သမိုင်းတိုင်းလဲ ဖတ်မှတ်စရာ  တော့ကောင်းမည်မဟုတ်၊ သို့သော် လူတိုင်း မိမိတို့၏ နောက်ကြောင်း သမိုင်းကိုသိသင့်ပါသည်။ မိမိတို့၏ သမိုင်းကို မသိပါက မိမိသည် လူအ တစ်ယောက်ပင်ဖြစ်ပေသည်။ သမိုင်းသည် အတိတ်က ဖြစ်ရပ် အကြောင်းအရာ ဖြစ်သဖြင့် အတိတ်တွင် ထားရစ်ခဲ့ရန် မဟုတ်ပါ။ အတိတ်ကို အတိတ်မှာ ထားခဲ့ပါ ဆိုသောစကားသည် ရာနှုန်းပြည့် မမှန်နိုင်ပါ။ အတိတ်က
အကြောင်းအရာများကို အခြေခံပြီး လက်ရှိအခြေအနေတွင် အတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားမှသာ အနာဂတ်မှာ အများသူနဲ့ ရင်ပေါင်တန်း နိုင်မည်ဖြစ်သည်။ အတိတ်ကို သင်ခန်းစာ ယူရမည်သာဖြစ်သည်။ အတိတ်သမိုင်းမသိပါက အတိတ်မေ့သူဟုပင် ခေါ်စေကာမူ မှားမည် မထင်ပါ။ အတိတ်သမိုင်း တစ်ခုသည် လူ့ဘဝ တိုးတက်ရေး တိုင်းတာရန် အတွက် အကောင်းဆုံး တိုင်းတာရေး ကိရိယာ တစ်ခုပင်ဖြစ်ပေသည်။ ကုန်လွန်ခဲ့သော အတိတ်တွင် မိမိလူမျိုးများ၊ ဘိုးဘွား ဘေဘင်များမည်သို့ မည်ပုံ နေထိုင်ပြုမူ ကြသည်များ၊ မည်သို့ စည်းလုံးညီညွတ်စွာ နေထိုင် ခဲ့ကြသည်များကို လေ့လာခြင်းအားဖြင့် အခုခေတ်တွင် မိမိတို့ ဘိုးဘွားတို့ထက် လူနေမှု အဆင့်အတန်း မြင့်မားအောင် ကြိုးစားရန်အတွက် သင်ခန်းစာ တစ်ခုဖြစ်နေသော ကြောင့်ဖြစ်သည်။
           ၂၀ ရာစု ခူမီးတွင် ဖြစ်ပျက်သော ခူမီးသမိုင်းကို လေ့လာရသည်မှာ ခူမီးလူကြီးများ၏ လှုပ်ရှားမှုများ ကိုတွေ့ရသဖြင့် ကျေနပ်ဝမ်းသာ အားရမိပါသည်။ ရှေးခူမီး လူမျိုးများသည် မျိုးချစ်လူမျိုး၊ ရိုးသား ကြိုးစားသောလူမျိုး၊ ရဲရင့်သောလူမျိုး များအဖြစ် မြင်တွေ့ရသဖြင့် မိမိသည် ခူမီးလူမျိုး ဖြစ်ရသည်ကို ဂုဏ်ယူသည်မှန် အမှန်ပင်ဖြစ်သည်။ ခူမီးလူကြီးတို့တွင် ဘာသာရေး ခေါင်းဆောင်ကြီးများ၊ အစိုးရ အကြီးအကဲများ၊ အစိုးရ ဝန်ထမ်းများ၊ ပညာရေးဌာနများတွင် မူလတန်းပြမှ အလယ်တန်းပြ၊ အထက်တန်းပြ၊ လယ/်အုပ် ၊ ထက/်အုပ်၊ မြို့နယ်ပညာရေးမှူး၊ ကထိက အဆင့်ထိ၊ စစ်မှုထမ်းဘက်တွင်လည်း ရိုးရိုးတပ်သားမှ ဗိုလ်ကြီး၊ဒု-ဗိုလ်မှူးကြီး အဆင့်များ အထိသော်လည်းကောင်း၊ ဥပဒေရေးရာ ဘက်တွင်လည်း မြို့နယ်တရားသူကြီး၊ ပြည်နယ်တရားသူကြီး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ကြ၊ ထမ်းဆောင်နေကြဆဲ ဖြစ်သည်ကို သိရသဖြင့် အထူးဂုဏ်ယူမိပါသည်။ ထိုမျှမက ခူမီးလူမျိုးအထဲမှ မြန်မာပြည်၏ အမြင့်ဆုံး သူရဲကောင်းဘွဲ့တံဆိပ်ဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ဗိုလ်ကြီးတိုက်ချွန်း(မတူပီမြို့နယ်၊ ဘွေရိန်းရွာဇာတိ) က အရှင်လတ်လတ်ဖြင့် ဆွတ်ခူးနိုင်ခဲ့သည်။ မြန်မာပြည် တစ်ပြည်လုံးတွင် အောင်ဆန်းသူရိယဘွဲ့ ရသောသူ ၆ ဦးသာ ရှိသည့်အနက်မှ ဗိုလ်ကြီးတိုက်ချွန်း တစ်ယောက်သာလျင် သက်ရှိ ထင်ရှားဖြင့် အောင်ဆန်းသူရိယဘွဲ့ သူရဲကောင်းအမြင့်ဆုံးတံဆိပ်ကို ဆွတ်ခူးခဲ့သည်။ နောက်ထပ် ခူမီးလူမျိုးထဲမှ ပလက်ဝမြို့ကို ရခိုင်ပြည်သူ့ရဲဘော် တို့သိမ်းပိုက်စဉ်က မကြောက်မရွံ့ ရန်သူများ၏ လက်ထက်မှ ပလက်ဝမြို့ကို ပြန်ပြီးအရယူပေးခဲ့ သူမှာ အဘ ဦးထပ်လှိုင်း( သီရိပျံချီ သူရဲကောင်းဘွဲ့တံဆိပ်ရ) ပင်ဖြစ်သည်။ သီရီပျံချီ အဘဦးထပ်လှိုင်း ဦးဆောင်မှုဖြင့် ခူမီးပြည်သူများပူးပေါင်းကာ ခူမီးတို့၏ အချက်အခြာကျသော ပလက်ဝမြို့ကို ရန်သူများလက်ထဲမှ ပြန်ကယ်တင်နိုင်ခဲ့ကြသည်ကို ခူမီးသမိုင်းတွင်သိရပါသည်။ ခူမီးလူမျိုးများသည် ထိုကဲ့သို့သော သူရဲကောင်း မျိုးနွယ်များ ဖြစ်ကြသည်ကို မမေ့အပ်ပါ။ တချို့သောခူမီးလူငယ်များမှာ မိမိတို့သည် ချင်းအုပ်စုတွင် လူမျိုးအုပ်စု ကြီးတစ်ခု အပါအဝင်ဖြစ်သည်ကို မသိဘဲ အုပ်စုငယ်တစ်ခု အဖြစ်မျှသာ သိကြပါသည်။ ယခု လက်ရှိ ချင်းပြည်နယ်တွင် အဦးဆုံး အခြေချနေထိုင်သူများသည်လည်း ခူမီးလူမျိုးများ ဖြစ်ကြသည်ကို ချင်းလူမျိုးသမိုင်း များတွင်တွေ့ရပါသည်။ ယခုလက်ရှိ အခြေအနေတွင်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင် ရပ်ရွာ၊ရပ်ကွက် အဆင့်မှ မြို့နယ်၊ ပြည်နယ် အဆင့်များအထိ ရာထူးအဆင့်ဆင့်များတွင် ခူမီးလူမျိုးများတာဝန်ထမ်းဆောင်နေကြသည်ကို အထူးပင်လေးစားဂုဏ်ယူမိပါသည်။ ယခုတွင် ခူမီးလူမျိုးများထဲမှာ လေးစားထိုက်သော သူများမှာ ယခင်က လူငယ်ဘဝတွင်ကြိုးစားအားထုတ်သောသူများဖြစ်ကြပါသည်။
           ထိုသို့သော ခူမီးလူမျိုးများ အကြောင်းကို သိရှိလေ့ရာရန် တတ်နိုင်သမျှ ချင်းသမိုင်းများနှင့် ခူမီးသမိုင်းများကို ဖတ်ရှုလေ့လာသင့်ပါသည်။ လူငယ်များအနေဖြင့် အနာဂတ်ကို မျှော်လင့်နေကြသကဲ့သို့ပင် မိမိတို့၏ သမိုင်းကိုလည်း သိထားသင့်ပါသည်။ သမိုင်းများကိုလေ့လာ မှတ်သားနေရုံဖြင့်လည်း မည်သို့မျှ ထူးခြားလာမည်မဟုတ်ပါ…သမိုင်းများအထက်မှ ကောင်းသောအရာများကို သင်ခန်းစာယူပြီး ကြိုးစားလုပ်ဆောင်မှုသာ အကျိုးထူးလာပါမည်။ လက်ရှိအခြေအနေအထိ ခူမီးသမိုင်းမှာ ကောင်းနေပြီး ရှေးခူမီးလူကြီးတို့၏ လုပ်ဆောင်မှုများသည် အားကျစရာကောင်းပါသည်။ နောက်နောင်လည်း ခူမီးသမိုင်း ယခုကဲ့သို အမြဲလှနေမည်က မသိနိုင်ပါ။ နောင် ခူမီးသမိုင်းလှဖို့ မလှဖို့သည် ၂၁ ရာစုတွင်နေထိုင်ကြသော ခူမီးလူမျိုးများ အပေါ်၌သာမူတည်ပါသည်။ အရင်က ခူမီးသမိုင်းကို ခူမီးလူကြီးများက ကောင်းမွန်စွာ ရေးသားခဲ့ကြသော်လည်း ၂၁ ရာစုတွင် ခူမီးလူကြီးများက ကောင်မွန်စွာ အဖုအထစ်မရှိ ရေးသားထားသော ခူမီးသမိုင်းကို ဆက်လက် မထိန်းသိမ်းနိုင်ဘဲ သမိုင်းအရုပ်ဆိုး အကျည်းတန်သွားမည်ကို စိုးရိမ်မိပါသည်။ သမိုင်းလှဖို့သည် တစ်ဦးတစ်ယောက်တည်းဖြင့် လုပ်ဆောင်၍မရပါ။ ခူမီးလူမျိုး လူငယ်တိုင်းလုပ်ဆောင်မှ ခူမီးသမိုင်းလှပလာပါမည်။
ခူမီးလူငယ်များကို စိန်ခေါ်နေသော အနာဂတ်
      ၂၁ ရာစု ခူမီးလူငယ်များကို လေ့လာရသည်မှာ စိတ်လှုပ်ရှားစရာကောင်းပါသည်။ ခေတ်ရေစီးကြောင်း အလိုက် မျှောနေကြသည်ကိုလဲ တွေ့ ရပါသည်။ ပညာတတ်ဘွဲ့ရဦးရေလည်း သိသိသာသာတိုးတက်လာပါသည်။ ခူမီးလူငယ်များကို နေရာနှံ့တွင်တွေ့နိုင်ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခု ခူမီးလူမျိုးများ၏ အခြေအနေများနဲ့ နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက်နေသည်ကို တွေ့နိုင်ပါသည်။ တိုးတက်သည်ဆိုရာတွင် မည်သည့်ဘက်တွင် တိုးတက် လာသည်ကိုလည်း သိရှိရန်လိုပါသည်။ အဆိုးဘက် (သို့) အကောင်းဘက်တွင် တိုးတက်နေသလား ဆိုသည်ကို သတိပြုဆင်ခြင် ရပါမည်။ နိုင်ငံ အနှံ့တွင် ခူမီးလူငယ်များ အခြေချ နေထိုင် လာကြခြင်းသည်လည်း ခူမီးလူမျိုးတိုး၏ တိုးတက်ခြင်း တစ်ခုဟုဆိုနိုင်ပေသည်။ သို့ရာတွင် လူငယ်တိုင်းလိုလိုက ပညာသင်ယူကြရန် စိတ်မဝင်စားတော့ဘဲ နိုင်ငံထွက်ပြီး အလုပ်လုပ် ငွေရှာရန်သာ စိတ်ဝင်စားကြသည်က ခူမီးလူမျိုးများ၏ အနာဂတ်အတွက် စိတ်မအေးစရာ အကြောင်းရပ် တစ်ခုဖြစ်လာပါသည်။ မလေးရှားတွင် ခူမီးလူငယ်များ ၈၀၀ ကျော်ရှိကြောင်းကို မလေးရှားရှိ Khumi community ကို ဦးဆောင်သူ ခူမီးဆရာ တစ်ယောက်ကပြောပြသဖြင့် မိမိတို့ ခူမီးလူငယ်များလဲ ပြည်ပရောက်သောသူများမနည်းလှတော့ပြီဟူ၍ အစတွင် ဝမ်းသာ ပီတိဖြစ်မိသော်လည်း ခူမီးလူမျိုးများ၏ အနာဂတ်ကို ပြန်စဉ်းစားကြည့်သော အခါ ပြည်ပသို့ ခူမီးလူမျိုးများစွာ ထွက်ခွါကြသည်ကို ဝမ်းမသာနိုင်ခဲ့ပါ။ စာရေးသူသည် မိမိတို့ ခူမီးလူမျိုးကို ချစ်သည့် အလျောက် ခူမီးလူမျိုး၏ အနာဂတ်ကို စဉ်းစားတိုင်း စိုးရိမ်တုန်လှုပ်မိပါသည်။ မိမိ စိုးရိမ်သည့် အလျောက် အောက်ပါ အချက်များကို ကြိမ်ဖန်များစွာ စဉ်းစားမိပါသည်။ အွန်လိုင်းပေါ်တွေ့တဲ့ ခူမီးလူငယ်တိုင်းကိုလည်း ပြောဖြစ်ပါသည်။ လူငယ်များ ပြည်ပသွားပြီး ပြန်မလာနိုင်ကြလျှင် နောင်တွင် ခူမီးလူမျိုးများကို မည်သူတို့က ဦးဆောင်တော့မည်နည်း။ ကျောင်းတက်ရန် စိတ်မဝင်စား ကြတော့လျှင် နောင်တွင် ခူမီးပညာတတ် ဘယ်မှာ ရှိတော့မည်နည်း၊ ပညာတတ်မရှိလျှင် မည်သူတို့က ခူမီးနယ်မြေဒေသ နှင့် ခူမီးလူမျိုးတို့၏ တိုးတက်ဖွံ့ဖြိုးရေးကို တာဝန်ယူ လုပ်ဆောင် တော့မည်နည်း။ ဒီမိုကရေစီ စနစ်တွင် မိမိတို့ပြည်နယ် မြို့နယ် အလိုက် ကိုယ်ပိုင် အုပ်ချုပ်ကြရာ မိမိတို့ ခူမီးလူမျိုးတို့တွင် ပြောတတ်ဆိုတတ်ကြသော ပညာတတ်များမရှိပါက ခူမီးလူမျိုးမဟုတ်သော တခြားသူများက ခူမီးနယ်မြေကို အုပ်ချုပ်ပေတော့မည်၊ ထိုသို့သူတပါး၏ အုပ်ချုပ်မှုအောက်တွင် နေရပါက ခူမီးလူမျိုးတို့ ရသင့်သော အခွင့်အရေးများကို အပြည့်အဝ ရနိုင်မည်မဟုတ်သည့် အပြင် ခူမီးလူမျိုးနှင့် ခူမီးနယ်မြေသည် သူတပါး၏ ဝါးမျိုခြင်းခံရမည်..စသဖြင့်။
     စာရေးသူ လေ့လာ သုံးသပ်ချက်အရ…ခူမီးလူငယ်များသည် စာဖတ်ခြင်းနဲ့ ကျောင်းစာများအပေါ် စိတ်ဝင်စားသူများ နည်းသထက်နည်းလာပါသည်။ အထက်တန်းကျောင်းရှိသောနေရာတွင် ဗွီဒီယိုရုံရှိခြင်းက ပိုဆိုသည်ဟုဆိုရပါမည်။ ညနေထမင်းစားပြီးတိုင်း သူငယ်ချင်းများနဲ့ ဗွီဒီယိုရုံသို့သာ တစိုက်မတ်မတ် သွားလေ့ရှိကြပြီး ကျောင်းစာကိုမူ အရေးမလုပ်ပါ။ တစ်နှစ်တစ်တန်း အောင်လျှင် ပြီးရော့…ဆိုသည့်သဘောဖြင့် စာကို မဖတ်ကြသည်က များပါသည်။ ထိုသို့သော ကျောင်းသားကျောင်းသူများမှာ ဆယ်တန်းရောက်သောအခါ အခက်ခဲကြုံရပြီး စာမေးပွဲကို မသမာမှုဖြင့်အောင်မြင်ရန် ကြိုးစားကြပါသည်။ တချို့မှာ ကံကောင်းထောက်မစွာ ဆယ်တန်းကို မသမာမှုဖြင့် အောင်မြင်ခဲ့ကြသော်လည်း အဆင့်မြင့် ပညာသင်ယူသော အခါ အခက်ခဲကြုံရပြန်သည်။ တချို့ လူငယ်များမှာ ဆယ်တန်းပင်အောင် အောင်မဖြေချင်တော့ဘဲ ပြည်ပသွားပြီး အလုပ်လုပ် ရန်သာ စိတ်ဝင်စားသည်။ မိမိ ကျောင်းမတက်လိုသဖြင့် ပြည်ပတွင် အလုပ်လုပ်ပါက မိမိ၏ ညီကိုမောင်နှမ များကို ကျောင်းစရိတ်များထောက်ပံ့နိုင်အောင်ကြိုးစားသင့်ပါသည်။ တချို့မှာ အခက်ခဲရှိပြီး ကျောင်းမတက်နိုင်ကြသော ဆွေမျိုးများကို ကျောင်းထားပေးမည့်အစား ပြည်ပတွင်သွားပြီး အလုပ်လုပ်ရန် ငွေစိုက်ပြီးခေါ်လိုက်သေးသည်။ ထိုသို့ လုပ်ခြင်းအားဖြင့် နောင်တွင် ခူမီးလူမျိုး ပညာတတ်များ ပပျောက်ပြီး ခူမီးလူမျိုးများ မိမိတို့နယ်မြေကို သူတပါးလက်ထဲသို့ ရောက်သွားစေနိုင်ပါသည်။ ငွေကြေးတစ်ခုတည်းဖြင့် မိမိတို့လူမျိုးနဲ့ နယ်မြေဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည် မဟုတ်သည်ကို သတိပြုသင့်ပါသည်။ လူအင်အား၊ ပညာ၊ ငွေကြေး တို့ ပူးပေါင်းပြီးမှ သာ အဆင်ပြေနိုင်ပါသည်။ ထို့ကြောင့် ငွေကြေးကို ရှာဖွေကြသကဲ့သို့ပင် ပညာကိုလည်း သင်ယူကြရန် အရေးကြီးပါသည်။
       မီးများမီးနိုင်၊ ရေများရေနိုင်၊ ငွေများ တရားနိုင်၊ အင်အားကြီးအုပ်စုက အင်အား နည်းသောအုပ်စုကို နိုင်လေ့ရှိသည်မှာ လူတိုင်းသိကြပါသည်။ ယခုလက်ရှိအခြေအနေတွင် ခူမီးလူမျိုးများသည် စိုးရိမ်စရာ အခြေအနေသို့ ဆိုက်ရောက်နေသည်ကို တချို့ခူမီးလူမျိုးများမှာ တုတ်တုတ်မလှုပ်၊ မိမိနဲ့ မဆိုင်သကဲ့သို့ နေကြသည်များလည်း များစွာကြသိရပါသည်။ ခေတ်အဆက်ဆက် ခူမီးများသည် (နယ်ချဲ့အင်္ဂလိပ်တို့လက်အောက်မှလွဲပြီး) မည်သည့် လူများမျိုးများ၏ အုပ်ချုပ်မှုအောက်သို့မျှ မကျရောက်ခဲ့ဖူးပါ။ သို့သော် ခူမီးလူမျိုးနှင့် ခူမီးနယ်မြေ သူတပါး၏ အုပ်ချုပ်မှု လက်အောက်သို့ မကျရောက်နိုင်ဟု မပြောနိုင်ပါ။ ၂၀၁၅ တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲ ပင် စိုးရိမ်စရာ တစ်ခုဖြစ်လာပါသည်။ ထိုရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ၊ ရာထူများတွင် ခူမီးလူမျိုးများမရပါက ပလက်ဝမြို့နယ်သည် အလိုလို သူတပါးလက်အောက်သို့ ရောက်သွားမည်သာဖြစ်သည်။ အင်အားမကြီးလှသော်လည်း စည်းလုံးမှုရှိသော လူမျိုးများက ပလက်ဝနယ်ကို အုပ်ချုပ်သွားနိုင်သည်။ ကိုလိုနီခေတ်တွင် အကြမ်းဖက်နည်းဖြင့် နယ်မြေကို ချဲ့ခဲ့ကြပြီး ဒီမိုကရေစီ ခေတ်တွင် အနုနည်းအားဖြင့် နယ်ချဲ့ကြမည်ကို သတိပြုရပါမည်။ စိန်ခေါ်နေသော အနာဂတ်ကို ကို အောင်မြင်စွာ ရင်ဆိုင်နိုင်ဖို့ လက်တွဲ့ပြီး အားလုံးကြိုးစားကြပါစို့လို့…။
          မှတ်ချက်။ မည်သူတစ်ဦး တစ်ယောက်ကို အဆိုးဆိုချင်သဖြင့် ရေးသားချင်း မဟုတ်ကြောင်းနှင့် အမှားရှိလျှင် အပြုသဘောဖြင့် ဝေဖန်သုံးသပ်ပေးကြပါလို့ တောင်းပန်အပ်ပါသည်။

                               စွမ်းထက်မောင် (သဇင်မြေ) မေလ ၁၊ ၂၀၁၂ တွင် ရေးသားပါသည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger