ခူမီးတို့ ဌာနေမှ အပြန်

Tuesday, July 17, 20120 မှတ်ချက်


ခူမီးရိုးရာဝတ်စုံလေးနဲ့ ချစ်စရာ့ကလေးသူငယ်။
ကျွန်တော်ဟာ ဧည့်သည်တစ်ယောက်ပါ… ဧည့်သည်ဆိုတာ ဧည့်သည်လို နေရမယ်… ဧည့်သည်တို့ တာဝန်ကို ကျေပွန်ဖို့ လိုအပ်သလို မိမိ အလည်အပတ်ရောက်နေတဲ့ အိမ်ရှင်တို့အတွက်လည်း အတတ်နိုင်ဆုံး ကူညီဖို့ ဖေးမဖို့ အကြံဥာဏ်ပေးဖို့ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ အညာသားတွေက ခံယူထားကြပါတယ်… အထူးသဖြင့် မိမိလာရောက်လည်ပတ်နေတဲ့ အိမ်ရှင်တွေကိုမစော်ကားမိဖို့ကလည်း ပိုပြီး အရေးကြီးပါတယ်… အခု ကျွန်တော် အလည်အပတ်ရောက်ခဲ့တဲ့ နေရာဒေသဟာ ခူမီးတို့ရဲ့ ဘိုးစဉ်ဘောင်ဆက် အခြေချ နေထိုင်ခဲ့ကြတဲ့ ဘူမိနက်သန် ခူမီးဒေသဆိုလည်း မမှားဘူးလို ထင်ပါတယ်.. ဒါပေမယ့် ယခုအခါမှာ ခူမီးလူမျိုးတွေအပြင် အခြားလူမျိုးများလည်း ၀င်ရောက်ပျံ့နှံ့နေထိုင်လျက် ရှိကြပါတယ်.. အိမ်ရှင် ခူမီးတွေဟာ အိမ်ရှင်တာဝန်ကျေပွန်ကြပါတယ်… အထူးသဖြင့် ရွာတိုင်းရွာတိုင်းကို အလည်သွားတိုင်း ကျွန်တော်တို့ စကားကို သူတို့နားမလည်သလို သူတို့ စကားကို ကျွန်တော်တို့လည်း နားမလည်ကြပေမယ့် သူတို့အပြုံးကို သူတို့စေတနာကို ကျွန်တော်တို့ ရင်ထဲကနေ ခံစားလို့ရပါတယ်… ကျွန်တော်တို့ ရောက်သွားတဲ့ ရွာတိုင်း ရွာတိုင်းဟာ မရှိမဲ့ ရှိမဲ့ထဲကနေ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြုစုကြပါတယ်… တင်ဘုန်းဆိုတဲ့ ရွာက ဦးလေးကြီးဆို ကျွန်တော်တို့လာတာမြင်ရင် ပလိုင်းတစ်လုံးကို ကျောမှာ လွယ်ပြီး တောထဲကို တက်သွားတယ်… ပြန်လာရင် ဟင်းချက်စရာ တခုခုတော့ ပါလာစမြဲပဲ… သူ့ပလိုင်းထဲမှာ ပါလာတာတွေဟာ သိပ်ထူးထူးခြားခြားတွေ မဟုတ်ပါဘူး……….၀ါးမျှစ် (၀ါးတုတ်)နည်းနည်းနဲ့ တခါတရံ ခရု..တခါတရံ ဘာမှန်းမသိတဲ့ အရွက်အနည်းငယ်တွေပါ…. ဒါပေမယ့် သူရဲ့ စေတနာကို ခံစားရ.. နားလည်မိတဲ့ အတွက် ၀မ်းသာမိပါတယ်…. အဲဒီဦးလေးကြီးကို မြင်ရတော့ ကျွန်တော်တို့ ငယ်ငယ်က တွေ့ဖူးတဲ့ အညာက ဦးကြီးတွေကို မြင်ယောင်မိပါတယ်….
ဒါပေမယ့် အခုအချိန်အခါမှာဆို အညာမှာ အဲလိုဦးကြီးတွေ ပျောက်ကွယ်သွားပါပြီ….. နည်းနည်းပဲ ကျန်ပါတော့တယ်…. အလွန်အင်မတန် ရိုးသားတဲ့ ဘာမှ ခွဲခြားမှု မရှိတဲ့ လူကို လူလိုမြင်တတ်တဲ့ တိုင်းရင်းသား ဦးလေးကြီးရဲ့ ပုံရိပ်ကို အဲဒီရွာက ပြန်လာကတည်းက စိတ်ထဲမှာ ပါလာခဲ့ပါတယ်… အဲလို ဖြစ်စဉ်မျိုး အဲလို ပုံရိပ်မျိုး အဲလို စေတနာမျိုးကို မြို့ကြီးပြကြီးနဲ့မှာ ဘယ်လိုမှ ရှာမတွေ့နိုင်တဲ့ ရှာလို့မရနိုင်တဲ့ ပုံရိပ်မျိုးပါ…. ဓါတ်ပုံရိုက်မထားပေမယ့် ရင်ထဲမှာစွဲနေပါတယ်…
နောက်တရွာကတော့ ယောင်ဝဆိုတဲ့ ရွာလေးပါ…. ရွာက လူလတ်ပိုင်း ခေါင်းဆောင်တစ်ယောက်ပါ..  နာမည်ကတော့ ဦးပြေမင်းပါ…ဆရာရယ်… ရွာမှ အရင်က ဦးစီးဦးဆောင်လုပ်တဲ့သူတွေက အမြင်မကျယ်ဘူးလေဒီတော့ တခြားရွာ.. တခြားလူမျိုးထဲက အမြင်ကျယ်တဲ့ လူတွေက လွမ်းမိုးကြတယ်..တခြားသူတွေရဲ့ လွမ်းမိုးမှုကို ခံနေရတယ်… ဒီတော့ ရွာကလူတွေဟာ 

……..ကိုယ့်ဒေသမှာ ကိုယ်နေထိုင်ရင်း တခြားသူတွေရဲ့ ဖိနှိပ်မှုအောက်ကို အလိုလို ရောက်လာတယ်… ခေတ်သစ်လူမျိုးရေးနယ်ချဲ့မှုကို ခံနေရတယ်…. ဒါကြောင့် ရန်ကုန်မှာ ကျမ်းစာကျောင်းတက်ပြီးတာနဲ့ ရွာကိုပြန်လာပြီး ဦးဆောင်မှုတာဝန်ယူ ဆက်ယူနေရတယ်…………
ထိုကဲ့သို့သော ခေါင်းဆောင်လူငယ်/လတ်များကိုလည်း ကြုံဆုံခဲ့ရပါသေးသည်။ သို့သော် ထိုကဲ့သို့သော ခေါင်းဆောင်များ၏ အရေအတွက်က အနည်းငယ်သာ…ဆရာမောင်ညို၏ ဝေဖန်ချက်လေးကို သတိရမိပါသေးသည်…
နိုင်ငံ အနှံ့တွင် ခူမီးလူငယ်များ အခြေချ နေထိုင် လာကြခြင်းသည်လည်း ခူမီးလူမျိုးတိုး၏ တိုးတက်ခြင်း တစ်ခုဟုဆိုနိုင်ပေသည်။ သို့ရာတွင် လူငယ်တိုင်းလိုလိုက ပညာသင်ယူကြရန် စိတ်မဝင်စားတော့ဘဲ နိုင်ငံထွက်ပြီး အလုပ်လုပ် ငွေရှာရန်သာ စိတ်ဝင်စားကြသည်က ခူမီးလူမျိုးများ၏ အနာဂတ်အတွက် စိတ်မအေးစရာ အကြောင်းရပ် တစ်ခုဖြစ်လာပါသည်။……..

အရည်အချင်းပြည့်ဝသော ခူမီးလူငယ်များစွာ ရှိပါသည်..သို့သော် ထိုလူငယ်များသည် နိုင်ငံရပ်ခြားတွင် ရေကြည်ရာ မြက်နုရာ သွားရောက်လုပ်ကိုင်ကြရင်း အိမ်ပြန်နောက်ကျနေကြပါသည်။ မိမိတို့၏ ဘိုးဘွားနေမြေကို ချစ်ကြပါသည်။ မြတ်နိုးကြပါသည်။ သို့သော် အိမ်အရောက်ပြန်ချင်ကြပေမယ့်…. အိမ်အပြန်နောက်ကျနေကြပါသည်……….မိမိဒေသ မိမိဘ၀အတွက် မျှော်လင့်ချက်များကို ထုတ်ပိုးရင်း ပြန်ဆင်ရင်းဖြင့် …
မည်သူတို့က ခူမီးနယ်မြေဒေသ နှင့် ခူမီးလူမျိုးတို့၏ တိုးတက်ဖွံ့ဖြိုးရေးကို တာဝန်ယူ လုပ်ဆောင် တော့မည်နည်း။
ဆိုသော မေးခွန်းကို ဖြေဆိုရန် အချိန်ရောက်ရှိလာပါတော့သည်။ ထို့ပြင် ခေတ်ရေစီးသည် တစစ ပြောင်းလဲလာပါသည်။ ယခုအချိန်တွင် ခူမီးဒေသဖွံ့ဖြိုးရေးအတွက် အလုပ်လုပ်ဆောင်ရွက်နေသော အိုင်အာစီ (အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့)၊ UNDP ။ WFP ၊ ACF ၊ MCC ၊ Kurna (Myanmar ) စသည့် အဖွဲ့အစည်းများစွာသည် ဒေသအတွင်း ၀င်ရောက်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ ဒေသရှိ ပညာတတ်လူငယ်များအတွက် အလုပ်အကိုင်အနည်းငယ် ရရှိခဲ့သလို ဒေသနေ ပြည်သူများအနေဖြင့် အသိပညာအနည်းငယ်မျှ တိုးတက်လာပါသည်။ ဘာပြောပြော ကောင်းသော ပြောင်းလဲမှုဟုပင် ဆိုလို့ရပါသည်။ သို့သော် ခူမီးဒေသ ဖွံ့ဖြိုးရေးကား ရွှေပြည်တော် မျှော်တိုင်းဝေးမြဲ….

…………..ဒီမိုကရေစီ စနစ်တွင် မိမိတို့ပြည်နယ် မြို့နယ် အလိုက် ကိုယ်ပိုင် အုပ်ချုပ်ကြရာ မိမိတို့ ခူမီးလူမျိုးတို့တွင် ပြောတတ်ဆိုတတ်ကြသော ပညာတတ်များမရှိပါက ခူမီးလူမျိုးမဟုတ်သော တခြားသူများက ခူမီးနယ်မြေကို အုပ်ချုပ်ပေတော့မည်၊ ထိုသို့သူတပါး၏ အုပ်ချုပ်မှုအောက်တွင် နေရပါက ခူမီးလူမျိုးတို့ ရသင့်သော အခွင့်အရေးများကို အပြည့်အဝ ရနိုင်မည်မဟုတ်သည့် အပြင် ခူမီးလူမျိုးနှင့် ခူမီးနယ်မြေသည် သူတပါး၏ ဝါးမျိုခြင်းခံရမည်…………

အဖြေကား ဆရာမောင်ညိုထောက်ပြသလို ရှင်းနေပါသည်။ ထိုသို့ အကောင်အထည်ဖော်ပေးသော အဖွဲ့အစည်းများတွင် ၀န်ထမ်းအဖြစ် ဒေသခံလူမျိုးများကို အောက်ခြေအဆင့်မှ အရာရှိ၊ မန်နေဂျာ အဆင့်အထိရောက်အောင် ရေရှည်မဟာဗျူဟာ ချမထားသောကြောင့် ဖြစ်သည်။ အများအားဖြင့် အတွေ့အကြုံ၊ အသိပညာ များသည်ဆိုသော အကြောင်းပြချက်များဖြင့် အဖွဲ့အစည်းအတွင်း အုပ်ချုပ်မှုပိုင်းတွင် တခြားဒေသမှ လူများသာ တာဝန်ယူမြဲ ယူဆဲသာလျှင် ဖြစ်ပါသည်။ ၄င်းတို့ ထောက်ပြသည့် အဓိက အကြောင်းပြချက်မှာ ကွန်ပြူတာကျွမ်းကျင်မှုနှင့် အင်္ဂလိပ်စာ အရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံတို့ကို ထောက်ပြကြပါသည်။ သို့သော် လိုအပ်နေသည်ဆိုသော်လည်း လုပ်ငန်းခွင်အတွင်း တိုးတက်မှုရအောင် သင်ကြားပေးသည့် အစီအစဉ်လည်း လုံးဝမရှိပါ…အဘယ်ကြောင့်ပါနည်း။ ……

….လူတိုင်းကိုယ့်ကံကြမ္မာကို ကိုယ်လွတ်လပ်စွာ ဖန်တီးနိုင်ခွင့် ရှိရမည်။….
ကြွေးကြော်နေကြသည့် စကားလုံးကတော့ မက်လောက်စရာ…ဖန်တီးနိုင်ခွင့်ရှိရန် ရေခံမြေခံကို ဖန်တီးပေးမထားပဲနှင့် ၄င်းစကားသည် အဆန်မပါ..အသံသာ ပါသည့် သင်္ကြန်အမြောက်သာ ဖြစ်နေပေလိမ့်မည်။ ထို့သို့ အခြေအနေများတွင် ဒေသဖွံ့ဖြိုးရေးဟူသော သကာဖုံးပြီး ပေါ်ပေါက်လာသည့် အမေရိကန် ဒေါ်လာ သန်း ၁၂၀ တန်း ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ပို့ဆောင်ရေး စီမံကိန်း…. ၄င်းစီမံကိန်း၏ အဓိက ရည်ရွယ်ချက်မှာ အိန္ဒိယနိုင်ငံ၏ အကျိုးအမြက်အတွက် ဖြစ်သည်။ ဒေသခံများအတွက်မှု အလုပ်အကိုင်အခွင့်အလမ်းများ ပေးမည်ဟု ဆိုသော်လည်း INGO, UN အဖွဲ့အစည်းများကဲ့သို့ပင် အောက်ခြေ၀န်ထမ်းအဆင့်မျှသာ ဖန်တီးပေးကြမည်ဟု ယူဆမိပါသည်။ ၄င်းစီမံကိန်း အကောင်အထည်ပေါ်ပေါက်လာပါက လူတန်းစား အလွှာသုံးလွှာ ပေါ်ပေါက်လာပါလိမ့်မည်။ ပထမ အလွှာမှာ နိုင်ငံခြားသား အရင်းရှင်များ၊ အလုပ်ရှင်များ၊ ကျွမ်းကျင်သူများဖြစ်သည်။ ဒုတိယ အလွှာမှာ ရခိုင်၊ဗမာ အစရှိသည့် တိုင်းရင်းသား အရင်းရှင်းများ၊ ၀န်ထမ်းများဖြစ်ပြီး တတိယ အလွှာမှာ ဒေသခံ တိုင်းရင်းသား ခူမီး အလုပ်သမားများ၊ အလုပ်လက်မဲ့များ ဖြစ်ပါလိမ့်မည်။ ၄င်းသည် ကြီးမားသောလူမှုရေး ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပါသည်။ ၄င်း social change မှ social crisis ပေါ်ပေါက်လာမည်ကို စိုးရိမ်မိပါသည်။ အကျိုးဆက် အနေဖြင့် ထိုလူမှုရေး မကျေနပ်မှုများ ပဋိပက္ခများသည် ကြီးမားသော လူမှုရေး ပေါက်ကွဲမှုများ ဖြစ်လာပါလိမ့်မည်။ ကျွန်တော် အနေဖြင့် အဆိုးမြင်တာလည်း ဖြစ်နိုင်ပါသည်။
၎င်းကို ဘယ်လို ကာကွယ်ရမလဲ။ ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ။ အထူးသဖြင့် ကျွန်တော်တို့ လူမှုရေးလုပ်နေသူ များအနေဖြင့် ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။ ကွယ်လွန်သွားသော ဒေါက်တာနေ၀င်းမောင်၏ စကားလေးကို ကိုးကွယ် ချင်ပါသည်။
….အရာရာတိုင်းကို ၀န်ကြီးချုပ်လို စဉ်းစား… သူ့နေရမှာ ကိုယ်သာဆိုလျှင် ဘာလုပ်မလဲ… နောက်ပြီး အရာရာတိုင်းကို ကိုယ်နဲ့ ဆိုင်တယ်လို့ သဘောထား…..

အလွန်ပဲ မှတ်သားစရာ ကောင်းလှပါသည်။ ထို့ကြောင့် ပလက်ဝ ခူမီးဒေသမှာ ရောက်ရှိနေတဲ့ ဧည့်သည်တစ်ယောက်အနေနဲ့ ရောက်တုန်းရောက်ခိုက် အိမ်ရှင်ခူမီးတိုင်းရင်းသားများအတွက် စိတ်ပူမိပါသည်။ ရင်လည်း လေးမိပါသည်။ ယခုအချိန်သည် အချိန်ကောင်းပင် ဖြစ်ပါသည်။ ယခုအချိန်ကတည်းက ၄င်းကိစ္စအတွက် ပြင်ဆင်သင့်သည့် ကိစ္စများကို ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်သည်ဟု ယူဆမိပါသည်။
Social Institutional Development
ပထမ ပြင်ဆင်ရမည့် ကိစ္စမှာ ဒေသတွင်း social institution များ အားကောင်းလာအောင် လုပ်ရမည်ဖြစ်ပါသည်။ ခူမီးဒေသ၏ အားသာချက်မှာ ဒေသအတွင် social institution များ ရှိနေခြင်းပင် ဖြစ်ပါသည်။ ဘာသာရေးကို အခြေခံပြီး သော်လည်းကောင်း၊ လူမှုရေးကို အခြေခံပြီးသော်လည်းကောင်း အဖွဲ့အစည်းများ စုစည်းမှုများ အားကောင်းနေပါသည်။ သို့သော် တချို့ အဖွဲ့အစည်းများသည် လူငယ်များ၏ ဦးဆောင်မှုကို ငြင်းဆန်တတ်ကြသည်။ power ၏ သဘောတရားအရ နေရာတခုတွင် အစဉ်အမြဲ တာဝန်ယူနေကြသော တာဝန်ယူခဲ့ကြသော လူများသည် ပြောင်းလဲလာသော ခေတ်၏ ပြောင်းလဲမှုကို ငြင်းဆန်းတတ်ကြသည်။ power အပေါ်တွင် သာယာတတ်ကြသည်။ ထို့ကြောင့် လူထု၏ သဘောထားခံယူချက်နှင့် တဖြည်းဖြည်း ကင်းကွာလာပြီး social institution များသည် တဖြည်းဖြည်း အားနည်းလာသည်ဟု ထင်မြင်မိပါသည်။ ထို့ကြောင့် ဒေသအတွင်းရှိ အဖွဲ့အစည်းအားလုံး တိုးတက်မှုအတွက် Social Institutional Development ကို အထူးအလေးဂရုပြု လုပ်ဆောင်စေလိုပါသည်။ ဥပမာအားဖြင့် အဖွဲ့အစည်းတိုင်း စနစ်တကျ တိုးတက်စေရန် Organizational Capacity Assessment/Appraisal လုပ်ပြီး Organizational Capacity Development များကို လုပ်ပေးစေချင်ပါသည်။ ထို့အပြင် အဖွဲ့အစည်းအချင်းချင်းအတွက်လည်း မတူတာများကို ခဏထားပြီး အားလုံးသဘောတူညီသည့် ခူမီးဒေသ ဖွံ့ဖြိုးရေး ဆိုသည့် ရည်မှန်းချက်အတွက် အလုပ်တာဝန်များကို ခွဲဝေပြီး လုပ်သင့်သည်ဟု ယူဆမိပါသည်။  

Social Defense Mechanism
ကျွန်တော်သည် လူငယ်ဘ၀ကတည်းက လူမှုရေးလုပ်ငန်းများတွင် ၀င်ရောက်လာခဲ့သူပီပီ လူငယ်များ၏ ဦးဆောင်မှု စွမ်းဆောင်ရည်ကို အထူး အလေးပြု တန်ဖိုးထားပါသည်။ ယခု ပလက်ဝတွင် ရှိသော လူငယ်များကိုလည်း ခူမီးဒေသ ဖွံ့ဖြိုးရေး အတွက် အထူးအလေးထားပါသည်။ လူငယ်များ ဦးဆောင်မှသာ ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းလူငယ်များကို လေ့ကျင့်ပေးသည့် ပြုစုပျိုးထောင်ပေးသည့် နေရာတစ်ခု ပလက်ဝမြို့တွင် ရှိသင့်သည်ဟု ယူဆမိပါသည်။ ၄င်းနေရာတွင် လူငယ်များကို ကွန်ပြူတာ၊ အင်္ဂလိပ်စာ၊ ခူမီးစာပေနှင့် ယဉ်ကျေးမှုများအပြင် လူငယ်အမြင်ဖွင့်သင်တန်းများ၊ လူငယ်များစုဝေးပြီး စုပေါင်းအလုပ်လုပ်တတ်သည့် အလေ့အထများအပြင် ခေတ်နှင့် အထူးလိုအပ်လျှက်ရှိသည့် အီးမေးလ်၊ စီမံခန့်ခွဲမှု သာသာရပ်စသည်တို့ကို လေ့ကျင့်သင်ကြားပေးစေချင်ပါသည်။ ထို့ပြင် ထူးချွန်သည့် လူငယ်များကို ရန်ကုန်ရှိ တခြားအဖွဲ့အစည်းများသို့ လည်းကောင်း၊ အနယ်နယ် အရပ်ရပ်ရှိ တခြားအဖွဲ့အစည်းများသို့လည်းကောင်း ၊ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများရှိ တလသင်တန်းများ သုံးလသင်တန်းများကို စေလွှတ်ပေးခြင်းအားဖြင့် ၄င်းတို့၏ အသိအမြင်များ ပိုပြီး တိုးတက်လာမည်ဟု ယူဆမိပါသည်။ 

Local Media Development
ယခုဆိုလျှင် ခူမီးလူငယ်များ ဦးဆောင်ပြီး Khumi Media Group ဆိုပြီး လုပ်ငန်းများကို လုပ်ဆောင်နေပါသည်။ ၄င်းအချက်ကိုလည်း ဒေသအတွင်း ပိုမိုအားကောင်းလာစေရန် printed media ကို အသုံးပြုစေချင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဒေသအတွင်း လူများအတွက် အွန်လိုင်းမီဒီယာကို အသုံးပြုနိင်လျှင်တောင်မှ တနာရီလျှင် တထောင်ကျပ်မျှ ပေးချေရသော အင်တာနက် ကုန်ကျစရိတ်များ၊ အွန်လိုင်းချိတ်ဆက်မှုများကြောင့် မျှော်လင့်ထားသလောက် ခရီးမပေါက်သေးဟု ယူဆမိပါသည်။ ထို့ကြောင့် အွန်လိုင်းတွင် တင်ပြဆွေးနွေးထားသော သတင်းများ ဆောင်းပါးများကို တလတခါ စာစောင်အနေဖြင့် စုဝေးထုတ်ဝေးပြီး ကျေးလက်ဒေသရှိ ခူမီးလူမျိုးထံ အရောက် ဖြန့်ဝေပေးသင့်ပါသည်။
ဧည်သည့်တစ်ယောက် အနေဖြင့် ထင်မြင်ယူဆချက်များသာ ဖြစ်ပါသည်။ နောက်လည်း ဆွေးနွေးစရာအချက်များ ရှိပါသေးသည်။

လေးစားစွာဖြင့် 

ချင်းတောင် မောင်ထွန်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger