ပလက်ဝမြို့နယ်သားများ စုပေါင်းအလှူငွေဖြင့် ၀ယ်ယူခဲ့သော ပလက်ဝမြို့နယ်ကြားစခန်းဖြစ်စဉ်အကျဉ်း

Wednesday, August 22, 20120 မှတ်ချက်


         ဤဖြစ်စဉ်အချက်အလက်များကိုရရှိနိုင်ရန်စုံစမ်းရှာဖွေသောအခါ ၁၉၈၃ခုနှစ်တွင် ပလက်ဝမြို့နယ် သမ၀ါယမအသင်း ဥက္ကဌတာဝန်ထမ်းဆောင်စဉ်၊ တတိယအကြိမ်မြို့နယ်ြ ပည်သူ့ကောင်စီဝင်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူဖြစ်သော တပ်မတော်အငြိမ်းစား ဦးသန်းထွဋ်နှင့်ပလက်ဝမြို့နယ်လူမှုရေးအသင်း၏ အကူအညီဖြင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ၄င်း၏ပြောပြချက်အတိုင်း ခူမီးတစ်မျိုးသားလုံးသိနားလည်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ထပ်ဆင့်ရေးသားဖော်ပြလိုက်ပါသည်။

          ထိုစဉ်က မြို့နယ်ပြည်သူ့ကောင်စီဥက္ကဌ ဦးကျော်ထွန်းမှ ဦးဆောင်၍မြို့နယ်အတွင်းရှိ ကျေးရွာလူကြီးများ၊ မြို့ပေါ်ရပ်ကွက်လူကြီးများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖိတ်ကြား၍ ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင်ပါဝင်သော မြို့နယ်တစ်နယ်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေးအရ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပညာရေး၊ကျန်းမာရေး၊စီးပွားရေးလူမှုရေးကိစ္စအ၀၀ကို ဆက်သွယ်ဆောင်ရွက်နေရသဖြင့် စစ်တွေမြို့တွင်တည်းခို နေထိုင်ဆောင်ရွက်ရန်ကြားစခန်းအဆောက်အဦးတစ်ခု လိုအပ်နေကြောင်း၊ ကြားစခန်းအဆောက်အဦးတစ်ခု ရရှိနိုင်ရေးအတွက် ဆောင်ရွက်ရန်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။

          ကြားစခန်းဖြစ်မြှောက်ရေးကော်မတီကို ပလက်ဝမြို့နယ်ပြည်သူ့ကောင်စီမှ ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာလူကြီးများ မြို့ပေါ်မှလူကြီးများပါဝင်သော ပလက်ဝမြို့နယ်ကြားစခန်းဖြစ်မြောက်ရေးကော်မတီကိုဖွဲ့စည်းပြီး အဆောက်အဦးတစ်ခု ၀ယ်ယူရန်လိုအပ်သော ငွေကြေးရရှိရေးအတွက် အလှူငွေရရှိရန် နယ်မြေဒေသခွဲခြားသတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။

          ကြားစခန်းဖြစ်မြောက်ရေးကော်မတီမှ မြို့နယ်အတွင်းရှိကျေးရွာအုပ်စု၊ မြို့ပေါ်ရပ်ကွက်မှစေတနာရှင်ပုဂ္ဂိုလ်များထံ အလှူငွေကောက်ခံခဲ့ရာ ရရှိသောအလှူငွေဖြင့် စစ်တွေမြို့ကမ်းနားရှိ၊ ဒေါ်စောမေအပါအ၀င် အိမ်ပိုင်ရှင်များထံမှ ၁၉၈၃-ခု မေလ (၁၂)ရက်၊ကြာသပတေးနေ့တွင် တန်ဘိုး ၂၇၀၀၀၀ (ကျပ်နှစ်သိန်းခုနှစ်သောင်းတိတိ)ဖြင့် စာချုပ်စာတမ်းပြုလုပ်ပြီး ပလက်ဝမြို့နယ်ကြားစခန်းအဖြစ် ၀ယ်ယူခဲ့ပါသည်။ ကြားစခန်း၏အကျယ်အ၀န်းမှာ တစ်ဧကခန့်မျှရှိသည်။

          ထိုသို့ ပလက်ဝမြို့နယ်ကြားစခန်းဝယ်ယူပြီး ပလက်ဝမြို့နယ် တက္ကသိုလ်စာပေးစာယူသင်ယူသော ကျောင်းသူကျောင်းသားများ၊ ကျန်းမာရေးဆေးကုသရန်လူနာများနှင့် အခြားစီးပွားရေးလူမှုရေးဆောင်ရွက်ရန် စစ်တွေမြို့သို့ လာရောက်ကြသူများသည် ပလက်ဝမြို့နယ်ပိုင်ကြားစခန်း အဆောက်အဦးတွင် တည်းခိုနေထိုင်ဆောငါရွက်ကြရာတွင် အဆင်ပြေချောမွေ့လျှက်ရှိပါသည်။

          ယင်းသို့ပလက်ဝမြို့နယ် တစ်နယ်လုံးစေတနာရှင်ပြည်သူများထံမှ အလှူငွေဖြင့်ဝယ်ယူထားရှိခဲ့သော ကြားစခန်းအဆောက်အဦးအား မြို့နယ်ပြည်သူ့ကောင်စီမှ မြို့နယ်တွင်းရှိပြည်သူများထံမှအတင်းအဓမ္မငွေကောက်ခံဝယ်ယူထား၍  ပြည်သူ့ကောင်စီဥပဒေအရအရေးယူပေးပါရန် မလိုလားသောလူတစ်စုမှ နိုင်ငံတော်ကောင်စီသို့တိုင်ကြားခဲ့ပါသည်။

          အဆိုပါတိုင်းကြားချက်အပေါ် နိုင်ငံတော်ကောင်စီမှ ပလက်ဝမြို့နယ်ကြားစခန်းအဆောက်အဦး ၀ယ်ယူခဲ့သော မြို့နယ်ပြည်သူ့ကောင်စီဥက္ကဌနှင့်အဖွဲ့ဝင်များအား တာဝန်မှရပ်ဆိုင်းပြီး ကြားစခန်းအဆောက်အဦးကိုလည်း နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူ၍အိုးအိမ်ဦးစီးဌာနသို့ လွှဲအပ်ခဲ့ပါသည်။

          ၁၉၈၈ခု တပ်မတော်အစိုးရတက်ရောက်သည့်အခါ အတွင်းရေးမှူး (၁)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး ပလက်ဝမြို့သို့ရောက်ရှိသည့်အချိန်တွင် မြို့နယ်လူထုမှ ပလက်ဝမြို့နယ်သားများ အလှူငွေဖြင့်ဝယ်ယူခဲ့သော နိုင်ငံပိုင်သိမ်းယူခြင်းခံရသော ကြားစခန်းအဆောက်အဦးအား ပြန်လည်ပေးအပ်ပေးပါရန်တင်ပြခဲ့ရာတွင် အတွင်းရေးမှူး (၁)မှ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ထိုစဉ်က တိုင်းမှူးဗိုလ်ချုပ်မြသင်းအား ညွန်ကြားခဲ့သော်လည်းပြန်လည်လွှဲအပ်ခြင်းမပြုခဲ့ပါ။ ထိုနောက် ကြားစခန်းအဆောက်အဦး ပြန်လည်ရရှိရေးကို ဆက်လက်တင်ပြခဲ့သော်လည်း လွှဲပြောင်းပေးအပ်ခြင်းမရှိခဲ့သည့်အတွက် ပလက်ဝမြို့နယ်သူနယ်သားများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စများဆောင်ရွက်ရန်ခက်ခဲမှုများ တွေ့ကြုံခဲ့ရပါသည်။

          မူလပထမ ပလက်ဝမြို့နယ်ကြားစခန်းဖြစ်မြောက်ရေး ကော်မတီတွင် ဥက္ကဌအဖြစ် ဦးကျော်ထွန်း၊ အတွင်းရေးမှူးမှာ ဦးမန်းထိုက်ဖြစ်ပါသည်။

          ဒုတိယအကြိမ်ကြားစခန်းကော်မတီဖွဲ့စည်းသည့်အခါ ဥက္ကဌအဖြစ် ဦးထပ်လှိုင်း၊ အတွင်းရေးမှူးအဖြစ် ဦးသန်းထွဋ်အား အများဆန္ဒအရရွေးချယ်ဖွဲ့စည်းခဲ့ပါသည်။ ထိုသို့ကြားစခန်းကော်မတီအသစ်ဖွဲ့စည်းပြီးနောက် နိုင်ငံတော်မှသိမ်းယူခဲ့သောပလက်ဝမြို့နယ်ကြားစခန်း အဆောက်အဦးပြန်လည်ရရှိရေးအတွက် အမျိုးသားညီလာခံကိုယ်စားလှယ်များဖြစ်ကြသော ဦးထပ်လှိုင်းနှင့် ဦးကျော်စိန်တို့နှစ်ဦး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝင်းမြင့် (နောင်တွင်အတွင်းရေးမှူး-၃)ထံတင်ပြရန်စေလွှတ်ခဲ့ရာ တိုင်းမှူးသိမ်းယူထားသော ယ္ခင်ကြားစခန်းအဆောက်အဦးအားမရနိုင်ကြောင်းအကြောင်းပြန်ခဲ့သည်။

          ၂၀၀၈ ခုဧပြီလ ၂၀ ရက်နေ့တွင်ကြားစခန်းကော်မတီမှ ပလက်ဝမြို့နယ်ပိုင် ကြားစခန်းအဆောက်အဦးပြန်လည်ရရှိရေးအတွက် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ယနေ့တိုင်ထူးခြားမှု မရှိခဲ့ပဲရှိသည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger