ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်းနှင့် ပတ်သက်၍ မေတ္တာရပ်ခံခြင်း

Wednesday, August 22, 20120 မှတ်ချက်


စာအမှတ်၊ခမပ-၄/၂၀၁၂ 
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ(၁၅)ရက်

သို့
သံအမတ်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး
ရန်ကုန်မြို့။
အကြောင်းအရာ ။ ။ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်းနှင့် ပတ်သက်၍
မေတ္တာရပ်ခံခြင်း။
၁။ ကျွန်တော်တို့ ချင်းအမျိုးသားပါတီ (CNP) သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တရားဝင်ပါတီအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော်ကိုယ်စားလှယ် (၉) နေရာအနိုင်ရရှိထားသော ပါတီဖြစ်ပါသည်။
၂။ ကျွန်တော်တို့ပါတီအနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ရန် ကတိကဝတ်ပြုထားသည့်အတိုင်း လူကြီးမင်းတို့ အကောင်ထည်ဖော် ဆောင်ရွက်နေသော ကုလားတန်မြစ်ကြောင်း
ဘက်စုံသုံးပို့ဆောင်ရေးစီမံကိန်းနှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားများ၏ သဘော ထားများကို သိရှိနိုင်ရန် ပါတီဥက္ကဌ နှင့် အထွေထွေ အတွင်းရေးမှူးတို့ကိုယ်တိုင် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း ကုလားတန်ဒေသသို့ သွားရောက်ကွင်းဆင်းလေ့လာခြင်း၊ ပြည်တွင်း၊ ပြည်ပသတင်း ဂျာနယ်များတွင် စီမံကိန်းနှင့်ပတ်သက်၍ ရေးသားဖော်ပြချက်များကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာသုံးသပ်ခြင်းများ ပြုလုပ် ခဲ့ပါသည်။
၃။ အထက်ပါကဲ့သို့ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များကို အခြေခံပြီး လူကြီးမင်းတို့အား အောက်ပါ အတိုင်း အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။
(က) ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု နှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ပွင့်လင်းမြင်သာစွာအသိပေးခြင်း၊ လူထုကိုယ်စားလှယ်များနှင့်
လိုအပ်သလို ညှိနှိုင်းတိုင်ပင်ခြင်းများကို အမှန်တကယ် ဆောင်ရွက်ပေးရန်၊ ထိုသို့ဆောင်ရွက်ရာတွင် လည်း လူမှုရေးအဖွဲ့အစည်းများအား အသိ သက်သေအဖြစ်ဖိတ်ကြားပါဝင်စေရန်။
(ခ) EIA နှင့် SIAကို ဆောင်ရွက်မည့်ကျွမ်းကျင်သူ အဖွဲ့အစည်းအားရွေးချယ်ရာတွင် ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ဆောင်ရွက်ပေးရန်။ (ဥပမာအားဖြင့် - မည်သည့်အဖွဲ့အစည်းအား မည်သို့သော အရည်အချင်း များဖြင့် ရွေးချယ်ခဲ့ ကြောင်း ဒေသခံတိုင်းရင်းသားများအား အသိပေးရန်)
(ဂ) စီမံကိန်းကြောင့် ထိခိုက်ပျက်စီးမှုနှင့်ပတ်သက်၍ လျော်ကြေးများပေးရာတွင် ဒေသခံလူထု ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာ ထိခိုက်နစ်နာမှုကြုံတွေ့ရသူများနှင့် သေချာစွာ တိုင်ပင်ညှိနှိုင်း နှစ်ဦးနှစ်ဘက်မှ လက်ခံနိုင် သောလျော်ကြေးသတ်မှတ်ခြင်းများ ပြုလုပ်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်းရှိ လူမှု အဖွဲ့အစည်းများကိုလည်း အသိသက်သေအဖြစ် ပါဝင်စေရန်။
() ကုလားတန်မြစ်ကြောင်းဒေသသည် ဆင်းရဲနွမ်းပါး လက်ရှိတွင် ပိပက္ခဖြစ်ပွားနေသောဒေသ ဖြစ်သဖြင့် ဒေသခံများကိုယ်တိုင် ပါဝင်ရွေးချယ်ဆောင်ရွက်နိုင်မည့် ဒေသဖွံ့ဖြိုးရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပွင့်လင်းမြင်သာမှုနှင့် တာဝန် ရှိရှိဖြင့် ဖော်ဆောင်ပေးရန်။
၎။ သို့ဖြစ်ပါ အိန္ဒိယအစိုးရအနေဖြင့် ကျွန်တော်တို့အကြံပြုမေတ္တာရပ်ခံသောအချက်များကို တာဝန်ရှိရှိုဖြင့် ပြန်လည် အကြောင်းပြန်ကြားမည်ဟု ယုံကြည်မျှော်လင့်ပါသည်။
လေးစားစွာဖြင့်
( )
ဥက္ကဋ္ဌ
ချင်းအမျိုးသားပါတီ







ကုလားတန်ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းအပေါ်
ချင်းအမျိုးသားပါတီ (CNP)၏ ပဏာမ လေ့လာတွေ့ရှိချက်များ

အခြေခံအချက်အလက်များ
· ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောင်းတစ်လျှောက်မှာ အနည်းဆုံးအားဖြင့် စက်လှေ ၃၆၅စင်းနှင့် အစင်း ၃၀၀ခန့် အသုံးပြုလျက်ရှိသည်။
· ပလက်ဝမြို့နယ် တောင်ဘက် မိုင် ၄၀ အကွာအဝေးအတွင်း နေရာ ၄၊ ၅ နေရာတွင် သောင်တူးရမည် ဖြစ်သည်။
· ပလက်ဝမြို့နယ် စက်လှေအသင်းအား ဖွဲ့စည်းထားပြီး လိုင်စင်ကြေးအဖြစ် တစ်နှစ် ၁၈၀၀၀၀ကျပ် ခန့် အကြမ်းဖျင်း သတ်မှတ်ထားသည်။
· ပလက်ဝမြို့နယ်သို့ ပင်လယ်ရေလှိုင်းများ ၀င်ရောက်တတ်သည်ဖြစ်၍ သောင်တူးခြင်းကြောင့် မြောက် ဘက်ပိုင်းသို့ ပင်လယ်ဆားငန်ရေများ ၀င်ရောက်စေနိုင်ပြီး မြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူ များ၏ လယ်ယာမြေဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။ ထိုလယ်ယာမြေများသည် စစ်တွေနှင့် ပလက်ဝ မြို့နယ်အကြား ၇၅မိုင်ခန့် ကျယ်ဝန်းသည်။

(မှတ်ချက် ။ ။ ရာသီသီးနှံ စိုက်ပျိုးဖြစ်ထွန်းသည့် ဤလယ်ယာမြေများသည် မြစ်ကျောရိုးတစ် လျှောက်ရှိ မြေသြဇာကောင်းမွန်သော မြေများဖြစ်ပြီး ခရမ်းချဉ်သီးကဲ့သို့သော ဟင်းသီးဟင်းရွက်များ အဓိက စိုက်ပျိုးဖြစ်ထွန်းရာနေရာ ဖြစ်သည်)

ပဏာမတွေ့ရှိချက်များ
သွားရောက်လေ့လာခဲ့သော ဒေသရှိ ဒေသခံပြည်သူအများစုသည် စီမံကိန်းနှင့် ပတ်သက်၍ ရှင်းရှင်း လင်းလင်း မသိရှိကြဘဲ သတိထားစောင့်ကြည့်နေသူများအကြားတွင် စီမံကိန်းအပေါ် သဘောထား အမြင်များ မတူညီကြပေ။ ကုလားတန်အဝေးပြေးလမ်းမကြီး တည်ဆောက်မှု ပြီးမြောက်သွားပါက ဒေသထွက်ကုန်များဖြစ်သည့် ပဲ၊ လိမ္မော်၊ နှမ်းစသည့် လယ်ယာကွက်ကုန်များအတွက် ဈေးကွက်လမ်း ကြောင်း ပွင့်လာမည်ဟု တစ်ချို့က ယူဆကြသည်။ သို့သော် ပြည်သူအများစုသည် လယ်ယာမြေများ၊ ငါးဖမ်းရန်နေရာ၊ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၊ မြစ်ရေအား အထွေထွေ အသုံးချရမှုစသည်များ ဆုံးရှုံးရမည်ကို စိုးရိမ်ပူပန်ကြသည်။ ၄င်းအပြင် အန္ဒိယနှင့် ဗမာများက သူတို့၏ နေရာဒေသသို့ ယူဆောင်လာသောအရာများနှင့် ပတ်သက်၍လည်း စိုးရိမ်လျက်ရှိကြသည်။ လုံခြုံရေးတင်းကျပ်လာနိုင် ချေကြောင့် စစ်တပ်နှင့် ရဲအင်အားများ တိုးချဲ့လာမည်ကို စိုးရိမ်ကြောင်းလည်း ဖော်ပြခဲ့ကြသည်။ 

မြေသိမ်းယူခြင်းနှင့် အလုပ်အကိုင်ဆုံးရှုံးခြင်း
ကုလားတန်မြစ်ကြောင်းတစ်လျှောက် သောင်တူးခြင်းကြောင့် လယ်ယာမြေများ ဆုံးရှုံးရမည်ဖြစ်သည်။ လယ်ယာမြေအသိမ်းခံရသည့် ပြည်သူများသည် လယ်ယာမြေမှတ်ပုံတင်ဌာနမှ လျောကြေးငွေအဖြစ် ပေးအပ်သော မြေတစ်ဧကအတွက် ကျပ်ငွေ ၂၅၀၀၀၀ သာရှိကြသည်။ ပြည်သူများအနေဖြင့် လယ်ယာမြေ မှတ်ပုံတင်ဌာနမှ မဟုတ်ဘဲ သက်ဆိုင်ရာ ကုမဏီများက လျောကြေးပေးဆောင်ရန် တောင်းဆိုနေကြသည်။
ဒေသခံပြည်သူများသည် ယခုဖောက်လုပ်မည့် ပလက်ဝနှင့် အန္ဒိယနယ်စပ်အကြား အဝေးပြေးလမ်းမ ကြီးအား ဘယ်နေရာထိ ဖောက်လုပ်မည်ကို မသိရှိကြသေးဘဲ စိုးရိမ်နေကြရသည်။ အဓိကစိုးရိမ်နေရ သည်မှာ လယ်ယာမြေနှင့် သူတို့ပိုင်ဆိုင်ထားသည်မျာအား သိမ်းယူခြင်းခံရမှာကို ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် U Eirka Aung, U Hla Aung (of Bawng Wa Village) and U Kan Hueih (Auhtemawa Village)တို့၏ လယ်ဧက ၆ဧက အား မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ လျောကြေး တစ်စုံတစ်ရ မပေးဘဲ သိမ်းပိုက်ခဲ့သည်။
ဒေသခံပြည်သူများက အဝေးပြေးလမ်းမကြီး၏သွားရာလမ်းကြောင်းအား အတိအကျ သိချင်နေကြ သည်။ လေ့လာသူများက ဒလက်မြေနှင့် တစ်မိုင်ခန့်အကွာတွင် G-370ဟု ရေးထိုးထားသည့် ကျောက် ဆောင်ကြီးတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး ထိုနေရာသည် လမ်းကြောင်း ဖြတ်သန်းရမည့်နေရာဟု ထင်မှတ်ထားရသည်။
တံငါသည်များသည်လည်း အသက်မွေးဝမ်းကြောင်းမှု ဆုံးရှံးရမည့်အရေးကို စိုးရိမ်နေကြရသည်။ တစ်နေ့ပျမ်းမျှ ငါးဖမ်းရသည့်နှုန်းမှာ အချိန် ၄၀ခန့်သာရှိပြီး ငါးတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ခန့်သာရှိ သည်ဟုလည်း စုံစမ်းသိရှိရသည်။ ကုလားတန်မြစ်ရေအား အမှီသဟဲပြုလျက် ငါးဖမ်းခြင်းဖြင့်သာ အ သက်မွေးဝမ်းကြောင်းသည့် အိမ်ထောင်စု အနည်းဆုံး ၁၀၀ ရှိသည်ဟု ပလက်ဝမြို့နယ် ၃၄နှစ်အရွယ်၊ ဖခင်တစ်ဦးဖြစ် ဦးထွန်းဝေ၏ ပြောကြားချက်အရ သိရှိခဲ့ရသည်။

စစ်အင်အားတိုးချဲ့လာမှုအား စိုးရိမ်ပူပန်မှု
ဒေသခံပြည်သူများသည် ဖြစ်နိုင်ခြေများသည့် စစ်အင်အားတိုးချဲ့လာမည့်အရေးကို အထူးစိုးရိမ်ပူပန် နေကြသည်။ လေ့လာသူများနှင့် တွေ့ဆုံစကားပြောခဲ့သည့် စက်လှေသမားအများစု၏ စက်လှေများ အား မြန်မာစစ်သားများက အခကြေးငွေ မပေးဘဲ ချော်ဆွဲခြင်းများ မကြာခဏ ဖြစ်ပွားနေသည်ဟု လည်း ပြောဆိုကြသည်။ စစ်အင်အားတိုးချဲ့လာမှုနှင့်အတူ ရဲစခန်းများတိုးပွားလာမည်ကိုလည်း စိုးရိမ် လျက်ရှိသည်။
ဒေသခံပြည်သူများ၏ တိုက်ရိုက်ပြောစကားများ
ဖေဖော်ဝါရီလ ရ၊ ၂၀၁၂ တွင် လူဦးရေ ၄၀တက်ရောက် ကျင်းပခဲ့သည့် ပလက်ဝမြို့နယ် လူကြီးများ၏ အစည်းအဝေးဆုံးဖြတ်ချက်တွင် “ပလက်ဝမြို့ပြည်သူအများစုသည် ကုလားတန် စီမံကိန်းအတွက် လုပ်ဆောင်ရမည့် အစီအစဉ် အသေးစိတ်အား အများပြည်သူနားလည်အောင် တိကျစွာ ရှင်းလင်းချပြ ထားခြင်းမရှိသောကြောင့် စိုးရိမ်ပူပန်နေရသည်”ဟု ဖော်ပြထားသည်။
“စီမံကိန်းအတွက် လိုအပ်မယ့် လုပ်သားများကို ဒေသခံပြည်သူများထဲမှ ငှားရမ်းအသုံးပြုမယ်လို့ ယူဆထားပါတယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ဒေသခံပြည်သူများအတွက် တကယ် အကျိုးပြုမလားဆို တာ သိရမှာပါ” (ဦးကျော်လှိုင်၊ ပလက်ဝမြို့တွင်နေထိုင်သူ)
“စစ်တွေ ဆိပ်ကမ်း တည်ဆောက်တုန်းက အခြေအနေအရတော့ ဒေသခံများ အလုပ်ရလိမ့်မယ်လို့ ယူဆစရာ မရှိပါဘူး၊ အများစုက အိန္ဒိယကနေ လာလုပ်ကြတာပါ။ ဒါမတရားတာပဲလေ ကျွန်တော်တို့ က မကြိုက်ပါဘူး” (၃၈ နှစ်အရွယ်ရှိ ဆိုင်ကယ်တက္ကစီမောင်းသူ၊ စစ်တွေ)
“ဒေသခံပြည်သူများက သူတို့မှာ ဒီစီမံကိန်းနဲ့ပတ်သက်တာတွေ သိပိုင်ခွင့်ရှိတယ်ဆိုတာကို မသိကြဘူး၊ ပြည်သူများအဖို့အကျိုးပြုမပြုဆိုတာ မသေချာဘူးထင်တယ်။ ကျွန်တော်တို့ရဲ့ ဆန္ဒသဘောထားတွေ ဖော်ထုတ်ရမယ့်နေရာ မရှိဘူးဖြစ်နေတယ်၊ ပြည်သူတွေရဲ့ဆန္ဒကို ဘယ်လိုဖော်ထုတ်ရမလဲ၊ နိုင်ငံရေးပါတီတွေက တစ်ဆင့်လား ဒါမှမဟုတ် NGOတွေကို အားကိုးရမလား” (ဦးရှိန်းအောင်၊ Bishop, Angliscan Church, ပလက်ဝမြို့)
“ကုလားတန်စီမံကိန်းနှင့် ပတ်သက်တဲ့ကျွန်တော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ဖော်ထုတ်တင်ပြနိုင်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တက်ရောက်တဲ့ အစည်းအဝေးမှာ (လေ့လာသူများ မသွားရောက်မီ တစ်ပတ်က) ကြိုးစားခဲ့သေးပေမယ့် ကျွန်တော်တို့ကို ပြောရေးဆိုခွင့်မပြုဘူး၊ ကျွန်တော်တို့ဟာ အစိုးရက တရားဝင် ဖိတ်ကြားခံရတဲ့လူတွေ ကျယ်ကျယ်လောင်လောင် ဖော်ထုတ်မှာကို ကြောက်လို့ ခွင့်ပြုချက်မပေးဘူးလို့ ထင်တာပဲ၊ ပြောရေးဆိုခွင့်လေးတောင် ခွင့်မပြုမှတော့ ပြည်သူတွေရဲ့ သဘောထား အမှန်ကို သူတို့ ဘယ်လိုလုပ်ပြီး နားထောင်နိုင်မှာလဲ” (ပလက်ဝမြို့ခံလူကြီးတစ်ယောက် ၏ Anglican Church အစည်းအဝေးအတွင်း ပြောစကား)
“ဒီစီမံကိန်းအကြောင်း ကြားသိခဲ့ရတာ တစ်နှစ်လောက်တော့ ရှိသွားပြီ၊ ကျွန်တော်တို့ရဲ့သီးနှံတွေ ဈေးကွက် တင်ရောင်းနိုင်ဖို့ လမ်းပွင့်လာမယ်လို့ ထင်ထားကြတာ၊ တစ်ဘက်မှာတော့ ဒီစီမံကိန်းက ကျွန်တော်တို့အတွက် ဆိုးကျိုးတွေ အများကြီးဖြစ်စေနိုင်ပါတယ်” (ဦးနိုင်ထွန်း၊ ဦးအောင်လင်း၊ ဦးလှကျော် (ကျောက်ဖျားရွာ၊ ပလက်ဝမြို့မှ မိုင် ၂၀))
“ဘောင်ဝါးကျေးရွာရဲ့အိမ်ထောင်စု ၁၀စုမှာ ၇စုက မြစ်ကြောင်းတစ်လျှောက်မှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် ၀မ်းစာရှာနေကြသူတွေပါ။ ကုလားတန်မြစ်ကို သောင်တူးပြီးတော့ ချဲ့ထွင်မယ်ဆိုတော့ ကျွန်တော်တို့ လယ်ယာမြေများ ဆုံးရှုံးရမှာကို အထူး စိုးရိမ်နေကြရတာပါ” (မူလတန်းကျောင်းအုပ်)
“ကျွန်တော်တို့ရွာက မြစ်ကျောမှာ တည်ရှိနေပေမယ့် ကုလားတန် စီမံကိန်းနဲ့ပတ်သက်ပြီး သိပ်မသိကြဘူး၊ ကျွန်တော်တို့ရဲ့အသက်ရှင်ရပ်တည်မှုဟာ ကုလားတန်မြစ်ကို အားပြုထားတာပါ။ ကျွန်တော်တို့ အထူးစိုးရိမ်ပူပန်နေကြတယ်” (ဦးပွေအောင်း၊ Aunginmawa ရွာသား)
“ကျွန်တော်တို့ ကုမဏီက စစ်တွေဆိပ်ကမ်းတည်ဆောက်ဖို့ပဲ တာဝန်ရှိတာပါ။ တခြားကိစ္စတွေကိုတော့ တခြားကုမÜဏီတွေက တာဝန်ယူမှာပါ” (Essar Companyတွင် အလုပ် လုပ်သူ)

မူရင်း - http://chinnationalparty.org/activities/129-2012-08-20-07-20-54
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger