ဂျာနယ်ထဲက သင်ခန်းစာ

Friday, August 03, 20120 မှတ်ချက်


အခုဆိုရင် ခေတ်တွေက ပြောင်းလဲလာပြီဆိုတော့ ဘယ်နိုင်ငံမှာဘဲကြည့်ကြည့် တိုးတက်မှုတွေဟာ မီဒီယာကတဆင့် အားလုံး မြင်နေကြားနေရပါတယ်။ ဒါဟာလည်း မီဒီယာရဲ့ အားကောင်းလာမှုကြောင့် ဖြစ်တယ်ဆိုတာ ပြေးကြည့်စရာ မလိုတော့အောင် တွေးကြည့်ရုံနဲ့ တန်းမြင်နိုင်ပါတယ်။ ဒီပြောင်းလဲမှုခရီးစဉ်က အခုဆိုရင် မြန်မာနိုင်ငံကိုလည်း မျက်ကွယ်ပြု ပစ်ပယ်မထားတော့ပါဘူး။ အမိမြန်မာပြည်မှာလည်း ပြုပြင်ပြောင်းလဲမှုတွေရှိလာပြီဆိုတော့ မီဒီယာလွတ်လပ် မှုရှိလာပြီ။ ဒါ့ကြောင့် စာပေနယ်ပယ်ကလည်း ယခင်ထက် ပိုမိုကျယ်ပြန့်လာပါပြီ။ တနည်းအားဖြင့် ဒါကို နိုင်ငံတိုးတက်ရေး အတွက် အပြု သဘောဆောင်စွာ အသုံးပြုသွားမယ်ဆိုရင် မရေတွက်နိုင်လောက်တဲ့ အကျိုးကျေးဇူးတွေထွက်ပေါ်လာမယ် ဆိုတာ ဧကန် မလွဲပါဘဲ။ ကျွန်ုပ်တို့နိုင်ငံမှာလည်း လက်ရှိ ထုတ်ဝေတဲ့ ဂျာနယ်အမျိုးပေါင်း (၁၃၀) ကျော်ခန့်က အားကြိုး မာန်တက် ကြိုးစားစုစည်း တင်ပြပေးလို့ မြန်မာနိုင်ငံအပြင်၊ ကမာ့နိုင်ငံအသီးသီးမှာ နောက်ဆုံးဖြစ် ပျက်ခဲ့တဲ့သတင်းတွေကို တပတ်၊ တပတ် သူ့ရက် နဲ့သူ နေ့တိုင်း ထုတ်ဝေနေတဲ့ ဂျာနယ်ကလေးတွေအားဖြင့် ပြည်သူတွေ အလွယ်တကူ လက်လှမ်းမှီ ဖတ်ရှုနိုင်ပြီဖြစ်တယ်။ 

တဘက်ကလည်း ရာသီဥတုပြောင်းလဲလာမှု၊ အပူချိန်မြင့်မားလာသောကြောင့် ကမာကြီးပူနွေးလာမှု၊ ငလျင်လှုပ်မှုစတဲ့ သဘာဝဘေး၊ လူကြောင့်ဖြစ်တဲ့ ဘေးတွေကြောင့် ကမာကြီးဟာ အရင်လို ငြိမ်သက်မှုတွေ နည်းပါးလာပါပြီ။ ကမာ့နေရာတ၀ှမ်းမှာ ယခင်က မဖြစ်ဖူးတာတွေ၊ မကြားဖူးတာတွေ မြင်နေကြားနေရပါပြီ။ အထူးသဖြင့် အင်တာနက် စာမျက်နှာပေါ်မှာဆိုရင် တရက်တရက် ကောင်းသတင်းတွေကော၊ မကောင်းသတင်းတွေကော ထောင်သောင်းမက နေ့စဉ်နေ့တိုင်း မြင်နေ၊ ကြားနေရပါတယ်။ ပြီးတော့ အခုနောက်ပိုင်းမှာ ဖြစ်ပျက်လာတဲ့ အရာတွေက အကောင်းတွေထက် အဆိုးတွေဘဲ ပိုများလာသလားလို့ သံသယဖြစ်မိပါတယ်။ ဒီလိုမျိုးနေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတာဟာ နေရာအနှံ့လိုလို တနယ်ကိုတမျိုးစီဖြစ်နေတတ်ကြပါတယ်။ ဂျာနယ်တွေ၊ သတင်းစာတွေဖတ်လိုက်ရင်ဖြစ်ဖြစ်၊ ရေဒီယို၊ တီဗွီတွေကြည့် လိုက်ရင်လည်း ဖြစ်ဖြစ်၊ မတွေ့ချင်အဆုံး မြင်နေကြားနေရပါတယ်။ တခါတလေကျရင် သတင်းတွေကို မြင်နိုင်၊ သိနိုင်တဲ့ ကြားခံ မီဒီယာတွေ ရှိတာကလည်း သိပ်မကောင်းပါလားလို့ တွေးမိလောက်အောင် ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တနေ့တနေ့မြင်နေတွေ့နေရတာဟာ အပျက်တရားတွေနဲ့ဘဲ ပိုမိုအက်စပ်မှုရှိနေလို့ပါဘဲ။ ဒါပေမယ့် ပြန်တွေးမိပါတယ်၊ နေရာတိုင်းမှာ အဆိုးနဲ့ အကောင်းက အမြဲဒွန်တွဲနေတတ်တာဘဲ။ အကောင်းများတယ်ဆိုရင် တော်ပါပြီ။ ဒီလို ကြားခံ မီဒီယာတွေရှိတာ တကယ်ကောင်းပါတယ်။ 

လက်ရှိ ကျွန်ုပ်တို့နိုင်ငံမှာ ဂျာနယ်အရေအတွက်တွေ အဲလောက်များနေတယ်ဆိုပေမယ့် မြန်မာပြည်အနှံ့က သတင်းတွေကို အခုထိ အကုန်ပါအောင် ရေးသားဖို့ တော်တော်ကြိုးစားအုန်းမယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဝေးလံတဲ့ဒေသက သတင်းတွေဆိုရင် ဂျာနယ်ထဲထိ ရောက်အောင် မပေါက်မြောက်နိုင်သေးလို့ဘဲ ဖြစ်ပါတယ်။ ဥပမာ - သူတို့သတင်းယူတာဟာ များသောအားဖြင့် မြို့ပြအနီးအနားက အကြောင်းအရာတွေ လောက်ဘဲဖော်ပြနိုင်သေးတယ်။ နည်းနည်းဝေးလံတဲ့နေရာက သတင်းတွေဆိုရင် မရနိုင်သေးသလောက်ပါဘဲ။ အဲဒါ ကြောင့်မို့လို့ အခုနာမည်ကျော် ဂျာနယ်တွေမှာ နေရာဒေသလိုက်ပြီး အချို့နေရာတွေက သတင်းတွေဆိုရင် သတင်းသေး သေးမွားမွားလေးကအစ ရေးသားဖော်ပြကြပြီး နည်းနည်းခေါင်တဲ့နေရာကသတင်းတွေဆိုရင် ဘယ်လောက်ဘဲ အရေးကြီး တဲ့ သတင်းဘဲ ဖြစ်ပါလေစေ သတင်းထောက်များလက်လှမ်းမမှီနိုင်တာတစ်ကြောင်း၊ ဒေသခံများမှလည်း သတင်းမပေးပို့ နိုင်တာကတကြောင်းမို့ အဲဒီသတင်းတွေဟာ လုံးဝကို ပါမလာသလောက်ဖြစ်နေတာတွေ့ရပါတယ်။ အဲဒါ တွေ တွေးရင်း ကျွန်တော့်စိတ်ထဲမှာ တော်တော်လေးစနိုးစနှောင့်ဖြစ်မိတယ်။ 

အဲဒါကြောင့် ဂျာနယ်ဖတ်တိုင်းတွေးပြီး တွေးတိုင်း ကောက်ချက်ချလိုက်ရတာက .. သြော်..ဒီလိုဝေးလံတဲ့ဒေသမှာ ဘာ သတင်းထောက်မှ မရှိလို့ပါလား။ အနီးအနားမြို့ကသတင်းတွေဆို လူတကာသိအောင် အမြဲတမ်း ဖော်ထုတ်ပေးနိုင်တာက အဲဒီနေရာမှာ သတင်းထောက်တွေရှိနေလို့ဘဲ။ ဒီတော့မှဘဲ သတင်းထောက်ရှိခြင်းရဲ့ အကျိုးကို တန်ဖိုးရှိရှိပြေးမြင်မိတော့ တယ်။ တကယ်လို့ ကျွန်တော်တို့လို ဝေးလံတဲ့ဒေသဘက်မှာလည်း သတင်းထောက်တွေရှိမယ်ဆိုရင် ကျွန်ုပ်တို့ဒေသဟာ ပြည်တွင်းပြည်ပပြည်သူတွေနဲ့ အဲလောက်ထိ သူစိမ်းဆန်စွာ ကုလားကာနောက်ကွယ်မှာ တိမ်ငုပ်နေမှာမဟုတ်ပါလား။

အဲဒါကြောင့်မို့ ဘယ်နေရာဒေသမဆို ကိုယ့်ဒေသက ဖြစ်ပျက်သမျှအကြောင်းတွေကို လူတိုင်းသိအောင် ရေးသားဖော်ကြူး ပေးမယ့် သတင်းမီဒီယာသမားတွေ များများရှိဖို့လိုအပ်ပါတယ်။ အဲလိုရှိလာမယ်ဆိုရင် ဒေသအတွက် အကျိုးကျေးဇူးတွေ အများကြီးထွက်ပေါ်နိုင်ပါတယ်။ အရင်ဦးဆုံးအနေနဲ့ ဒေသခံပြည်သူများရဲ့ ဒေသအခြေအနေအပေါ်စိတ်ဝင်စားမှုအား ကောင်းလာပါမယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် လူတစ်ယောက်ဟာ သတင်းစာတွေ၊ ဂျာနယ်တွေ အရင်က တခါမှ မဖတ်ဖြစ်ခဲ့ဘူးဆိုပေမယ့် ဘေးနားလူတွေပြောသံအရ ဟော..ဒီနေ့ထွက်တဲ့ သတင်းဂျာနယ်မှာ ငါတို့ဒေသအကြောင်းတွေ ပါတယ်ဟေ့  .. ဆိုရင် အဲဒီလူတစ်ယောက်အနေနဲ့ အနည်းဆုံးတော့ အဲဒီစာကို ဖတ်ဖြစ်အောင်ဖတ်လာမှာအမှန်ပါဘဲ။ ဒီလို ဒေသသတင်းတွေ များများပါလာမယ်ဆိုရင် ဒေသခံတွေအနေနဲ့ သတင်းတစ်ပုဒ်ကနေ နှစ်ပုဒ်၊ နှစ်ပုဒ်ကနေ လေးပုဒ် စသည်ဖြင့် တိုးတိုးပြီးဖတ်လာရာကနေ ဒေသအကြောင်းကို ပိုမိုတီးခေါက်လေ့လာမိပြီးသားဖြစ်သွားမယ်။ ဒီလိုနည်းနဲ့ ဒေသခံတွေရဲ့ စာဖတ်နှုန်းတိုးလာနိုင်ချေလည်းရှိသလို ပြည်သူတွေရဲ့ နား၊ မျက်စိတွေလည်း ပွင့်လာစေနိုင်ပါတယ်။
နောက်တစ်ခုက တစုံတဦးရဲ့ မတရားသဖြင့်ပြုလုပ်နေတဲ့ အလေ့အထတွေကို ဒီမီဒီယာအားဖြင့် ထိန်းကွပ်သွားလို့ ရနိုင် သွားတာပါဘဲ။ ဆိုကြပါစို့။ ကျောင်းတစ်ကျောင်းမှာ ဆရာမတစ်ယောက်က စာသင်နေတဲ့အချိန်မှာ တချို့ကလေးတွေက အချင်းချင်းအနိုင်ကျင့်ချင်တဲ့ သူတွေရှိတတ်ပါတယ်။ ဒီအခြေအနေမှာ ခံနေရသူက သူအနိုင်ကျင့်တိုင်း ဘာမှမပြောဘဲ ငြိမ်ခံနေမယ်ဆို ရင် သူဆက်လက်ပြီး အခွင့်ကြုံရင်ကြုံသလို အနိုင်ကျင့်သွားမှာဘဲ။ သို့သော် သူအနိုင်ကျင့်မယ်လုပ်တိုင်း ဆရာမကို တိုင်ပြောမယ်ဆိုရင် အရင်လို အနိုင်ဆက်ကျင့်ရဲမှာ မဟုတ်တော့ဘူး။ သူ့အလိုလိုနဲ့ ထိန်းပြီးသား ဖြစ်သွားစေ နိုင်ပါတယ်။ လုံးဝပပျောက်အောင် မတက်စွမ်းနိုင်ရင်တောင် အတိုင်းအတာတစ်ခုအထိတော့ အကျိုးရှိသွားမှာဖြစ်သလို ဒေသတစ်ခုမှာ အရေးအကြောင်းကြုံလာပါက သတင်းပေးမယ့် သတင်းထောက်တွေရှိနေပါက ဒေသအကျိုးအတွက် များစွာ ကောင်းကျိုး ပြုသွားနိုင်မှာ ဖြစ်ပါတယ်။

အဲဒါကြောင့်၊ နည်းနည်းဝေးလံတဲ့ဒေသက သတင်းတွေအတွက် သတင်းရေးသားမည့် သတင်းထောက်တွေကိုဘဲ အားကိုး မနေဘဲ မိမိတို့ဒေသခံတွေအနေနဲ့လည်း မိမိတို့နည်းဟန်ဖြင့် ကြိုးစားကြမယ်ဆိုရင် ဒေသအတွက် များစွာသော အကျိုး ကျေးဇူးတွေကို ဖော်ဆောင်ပေးနိုင်သွားမည်လို့ ယုံကြည်ပါတယ်။ ဒီလိုကြိုးစားရင်း နိုင်ငံကျော် သတင်းနယ်ပယ်အထိ ထိုးဖောက်ပြီး လုပ်ဆောင်သွားနိုင်မယ်ဆိုပါက ယခင်ကတိမ်မြှုပ်နေသော အကြောင်းအရာ၊ ထူးခြားသတင်းတွေဟာ လူတိုင်းသိလာမှာဖြစ်ပြီး အဆိုပါဒေသလည်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ပညာရေးနယ်ပယ်များမှာ အများတကာနည်းတူ ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အယင်လို လိုင်းတလိုင်းတည်းမှာ လူငယ်ပေါင်းများစွာ ၀င်ရောက်လုပ်ကိုင်လိုက်ခြင်းမျိုးကို သတိပြုရှောင်ရှားသင့်ပါပြီ။ ဥပမာ - ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှ လူငယ်တော်တော်များသည် ယခင်ကကဲ့သို့ ကျောင်းဆရာ/မ၊ သားဖွားဆရာမ စတဲ့ နီးစပ်ရာ လိုင်းများမှာ အားလုံး အော်တိုမစ်တစ်လိုက်လျောက်သွားခြင်းများရှိနေပါတယ်။ ဒါဟာကောင်းတဲ့အရာတစ်ခုဖြစ်တယ် ဆိုပေမယ့် တခုခုမှာ စုပြုံနေပြီး ကျန်တဲ့နယ်ပယ်တွေမှာ လစ်ဟာသွားမှုတွေဖြစ်တတ်တာ အားလုံးအသိပါ။ ဒါ့ကြောင့် ဒေသခံလူငယ်မောင်မယ်များ အနေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဌါနဆိုင်ရာ လုပ်ငန်းရာထူးများအပြင် ယခုခေတ်မှာ မရှိမဖြစ် အားဖြည့်ဖို့ လိုအပ်လာပြီဖြစ်တဲ့ မီဒီယာနှင့် အခြားအခြားသောလုပ်ငန်းနယ်ပယ်များမှာလည်း လူငယ်မောင်မယ်တွေ အနေနဲ့ ၀င်ရောက် ပူးပေါင်းပါဝင်လုပ်ကိုင်ရန်လိုအပ် လာနေပြီဖြစ်ကြောင်း ကျွန်တော်များ တင်ပြလိုက်ရပါတယ်ခင်ဗျား။ ။

မျိုးချစ်သူ (တောင်စိုမြေ)
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger