ပြင်ပတွင် ပညာသင်ယူနေသောခူမီးအမျိုးသား အိုက်မောင်ညိုနှင့် စကားပြောခြင်း

Friday, August 31, 20120 မှတ်ချက်



KMG - ကိုမောင်ညိုအခုတက်ရောက်နေတဲ့ အတန်းနှင့် ကျောင်းအကြောင်း ကိုပြောပြပါဦး။

Ai Maung Nyo - အခု ကျွန်တော် တက်နေတာကတော့ Master of Divinity in Pastoral Theology ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ နောက်ဆုံးနှစ် တက်ရောက်နေတာပါ။ ကျောင်းကတော့ Asian Graduate School of Theology (AGST) ရဲ့ အဖွဲ့ဝင် ၇ ကျောင်းအနက် တစ်ကျောင်းအပါအဝင် ဖြစ်တဲ့ PTS College&
Advanced Studies (ယခင် Presbyterian Theological Seminary) ဖြစ်ပါတယ်။ အဲဒီကျောင်းကို Asia Theological Association (ATA), Dep-Ed (Department of Education), Philippines Baptist Association တို့က အသိအမှတ်ပြုတဲ့ကျောင်းဖြစ်ပါတယ်။ အဲဒီကျောင်းမှာ Department နှစ်ခုရှိတယ်။ Theology Department နဲ့ Secular Department ဆိုပြီး နှစ်မျိုးရှိတယ်။ Theology ပိုင်းမှာတွေ B.Th. AB.Th. MAM, M.Div & M.Th ဘွဲ့တွေ အပ်နှင်းပြီး Secular ပိုင်းမှာတော့ BEED, BSCE, B.Ed ဘွဲ့တွေကို အပ်နှင်းပါတယ်။

KMG - ဘယ်ခုနှစ်တုန်းက ဆယ်တန်းအောင်ပြီး၊ နောက်ပြီး ဒီကျောင်းကိုတက်ရောက်ခွင့် ရအောင် ဖြတ်သန်းခဲ့တဲ့ ကိုမောင်ညိုရဲ့ကြိုးစားမှုကို ဝေငှပေးပါဦး။

Ai Maugn Nyo - ဆယ်တန်းကို ၂၀၀၅ ခုမှာပဲ အပြင်ဖြေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ကနေ အောင်မြင်ခဲ့ပါတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင် အခုလို ပြည်ပမှာ ကျောင်းတက်ဖို့ရည်ရွယ်ချက်နဲ့ ကြိုးစားခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆယ်တန်း မအောင်ခင် ကတည်းကနေ အင်္ဂလိပ်စာ အခြေခံ ကောင်းအောင်ဆိုပြီး
တတ်နိုင်သမျှ အင်္ဂလိပ်စာအုပ်တွေဖတ်တယ်။ လေ့လာကျက်မှတ်ခဲ့တယ်။ ပြီးတော့ အင်္ဂလိပ်စာ အခြေခံလေး ရေးတတ်ချင်လို့ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဆရာဒွေး( Grammar& Writing) ၅ လ( တစ်ပတ် ၃ နာရီ)သင်တန်းကို တက်ခဲ့တယ်။ ဒါနဲ့ ကျမ်းစာကျောင်းရောက်သွားတော့ ပိုပြီး အင်္ဂလိပ်စာနဲ့ ထိတွေ့ခွင့်ရလာတယ်။ ကျောင်းတက်တဲ့ အခါ အင်္ဂလိပ်စာပိုင်းမှာ အခက်ခဲ မကြုံရအောင်ဆိုပြီး အင်္ဂလိပ်စာကို အမြဲလေ့လာခဲ့တယ်။ Myanmar Theological Student Council က ကြီးမှူးပြီး တစ်နှစ်တစ်ကြိမ် ကျင်းပပေးတဲ့ ကျမ်းစာကျောင်းပေါင်းစုံ English Literature Competition(Bachelor Level) ဝင်ပြိုင်နိုင်ဖို့ ကြိုးစားခဲ့တယ်။ ကြိုးစားတဲ့ အတိုင်းပဲ B.Th ဒုတိယနှစ်ကနေ နောက်ဆုံးနှစ် အထိ ကျောင်းရဲ့ လက်ရွေးစင် အဖြစ် ဝင်ပြိုင်ခွင့်ခဲ့ပါတယ်။ အဲဒီလို ဝင်ပြိုင်ချင်ခဲ့တာလဲ ခူမီးလူမျိုးတွေ ကိုယ်စား ဝင်ပြိုင်ဖူးတယ်ဆိုတဲ့ သမိုင်းရှိစေချင်လို့ပါ။ ဆုမရဖူးခဲ့ပေမယ့် ကျောင်းအတွက် နာမည် ကောင်းရခဲ့လို့ ကျေနပ်ရပါတယ်။ B.Th တက်တုန်းက အင်္ဂလိပ်စာ အခြေခံလေးရှိခဲ့တဲ့ အတွက် အခုလို ပြည်ပမှာ ကျောင်းတက်တဲ့ အထောက်အကူအများကြီးရခဲ့ပါတယ်။


KMG - ကိုမောင်ညို အရင်ကတက်ခဲ့ဖူးတဲ့ကျောင်းနှင့် ရပြီးတဲ့ဘွဲ့တွေကော ဘာတွေလဲသိချင်တယ်။

Ai Maung Nyo - ကျွန်တော် မူလတန်းကနေ ၇ တန်းအထိ ကျွန်တော့် ဇာတိရွာ ဖြစ်တဲ့ ပလက်ဝမြို့နယ် ကန်တောင်ရွာ မှာ တက်ခဲ့ပြီး ၈ တန်းကနေ ၁၀ တန်းအထိ ဆမီးရွာ (ယခု ဆမီးမြို့ခွဲ) မှာ တက်ရောက်ခဲ့ပါတယ်။ ဆယ်တန်းကို အပြင်ဖြေနဲ့ပဲ ၂၀၀၅ ရန်ကုန် မင်္ဂလာဒုံမြို့နယ် မှာပဲ အောင်မြင်ခဲ့ပါတယ်။ ဥပဒေ ပညာဘွဲ့ (LL.B) ဘွဲ့ကို အဝေးသင်နဲ့ တက်ရောက်ခွင့်ရပေမယ့် ပထမနှစ်နဲ့ပဲ ရပ်လိုက်တယ်။ ဆယ်တန်းအောင်ပြီးမှပဲ Union Theological Seminary (ပုလဲမြို့သစ်၊ မင်္ဂလာဒုံ)မှာ B.Th ပထမနှစ်ကို တက်ရောက်ပြီး ငွေကြေးခက်ခဲမှုကြောင့် B.Th ဒုတိယနှစ်မှာ Missionary Training School ( အင်းစိန်)ကနေပဲ Bachelor of Theology ဘွဲ့ကို ၂၀၁၀၊ ဇန်နော်ရီလမှာ ဆွတ်ခူးခဲ့ပါတယ်။

KMG - အခုကိုမောင်ညိုတက်နေတဲ့ကျောင်းကို တက်ရောက်ဖို့ ဘယ်လိုအရည်အချင်းတွေ ရှိထားသင့်ပါသလဲ။

Ai Maung Nyo - ကျွန်တော်တက်နေတဲ့ ကျောင်းမှာ ဝင်ခွင့်ရဖို့တော့ အင်္ဂလိပ်စာ အခြေခံကောင်းဖို့လိုပါတယ်။ အနည်းဆုံး ပြောနိုင်၊ရေးနိုင်၊ ဖတ်နိုင်တဲ့ အရည်အချင်းလေးတော့ ရှိထားဖို့လိုအပ်ပါတယ်။ ဝင်ခွင့် အောင်နိုင်ဖို့ အဓိက ပါပဲ။ ဝင်ခွင့် စာမေးပွဲမှာ ကျမ်းစာပိုင်းနဲ့ အင်္ဂလိပ်စာ အရည်အချင်း စစ်မေးပါတယ်။ အောင်ရင်ကျောင်းတက်ခွင့်ရပါပြီ။

KMG -  ဒီကျောင်းကပြီးသွားရင် ဘာဆက်လုပ်ဖို့စိတ်ကူးထားလဲ။ 

Ai Maung Nyo -  ကျောင်းပြီးသွားရင် လုပ်ချင်တဲ့ အလုပ်တွေက အများကြီးပါ။ ဒါပေမယ့် လုပ်နိုင်စွမ်းက ကျွန်တော့်ကို ကန့်သတ်ထားတာပါပဲ။ အဓိက လုပ်ချင်တာက အချိန်ပိုင်းနဲ့ အမှုတော်မြတ်မှာ ပါဝင်ချင်တယ်။ ခူမီးအမျိုးသားတိုးတက်ရေးအတွက် တတ်နိုင်တဲ့ဖက်က ကူညီချင်တယ်။ ကိုယ့်အားကိုကိုးတဲ့ ဘဝလေး တည်ဆောက်ချင်တယ်။ စာရေးချင်တယ်။

KMG - ကိုမောင်ညိုက စာရေးတဲ့နေရာမှာအရမ်းကောင်းတယ်လို့ သိရတယ်။ စာကိုရေးတဲ့အခါ ဘယ်လိုစိတ်ကူး အတွေးတွေနဲ့အစဖော်သီကုံး ရေးသားပါသလဲ။ ရှင်းပြပေးပါဦး။

Ai Maung Nyo - ကျွန်တော် စာရေးတယ်ဆိုတာလဲ စာရေးတာဝါသနာပါလို့ ရေးတာရှိသလို လိုအပ်တယ်ထင်လို့ရေးရတာလဲ ရှိပါတယ်။ ကျွန်တော် စာမရေးတတ်ပါဘူး။ ရေးကျင့်နေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ စာရေးရမယ့် အချက်တွေကို ကြိုတင်တွေးပြီးရေးတာရှိသလို တစ်ခါတစ်လေမှာ ရေးရင်းနဲ့ အတွေးတွေပေါ်လာပြီး ရေးဖြစ်သွားတာလဲရှိပါတယ်။ စာရေးတဲ့ အခါ ကျွန်တော်ရေးလိုက်တဲ့စာဟာ သူတစ်ပါးအတွက် အသိတရားတစ်ခုခု၊ မှတ်သားစရာ တစ်ခုခု ဖြစ်ပါစေဆိုတဲ့ စိတ်ထားကို မွေးပြီး ရေးပါတယ်။ အတွေးတွေတော့ စုစည်းပြီးရေးရတာပေါ့။

KMG -  ခူမီးစာပေအပေါ် ကိုမောင်ညိုရဲ့အတွေးအမြင်လေးတွေလည်း သိခွင့်ရှိမယ်ဆိုရင် ဝေငှပေးပါဦး။

Ai Maung Nyo - ခူမီးစာပေနဲ့ ပတ်သက်ပြီး အရင်တုန်းကလဲ ကျွန်တော့် သဘောထားအမြင်တွေကို အများကြီးရေးခဲ့ပြီးပါပြီ။ ပြောရမယ်ဆိုရင် ခူမီးလူမျိုးတွေအားလုံးအတွက် ခူမီးစာပေဆိုတာ ၁၉၂၅ ကတည်းက ရှိပြီးပြီလို့ ခူမီးသမိုင်းတွေမှာ တွေ့ရပါတယ်။ အဲဒီစာပေဟာ ခူမီးတွေ အားလုံးရဲ့ ဘုံစာပေပဲဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက အဲဒီ ခူမီးစာပေကို ခူမီးအားလုံးရဲ့ ဘုံစာပေ အဖြစ်လက်မခံကြတာပါပဲ။

KMG -  လက်ရှိ ခူမီးတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာလှုပ်ရှားမှုတွေအပေါ် ဆရာ့ရဲ့ အမြင်ကဘာတွေများလဲ။

Ai Maung Nyo - အခုနောက်ပိုင်းမှာ ခူမီးတွေရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာလှုပ်ရှားမှုတွေ အရှိန်ကောင်းလာတယ်လို့ ပြောရမှာပါ။ အရှိန်ကောင်းလာတာနဲ့ အမျှ အဲဒီအရှိန်တွေကို ထိန်းနိုင်ဖို့ဆိုတာလဲ လိုအပ်ပါတယ်။ ကျွန်တော် အမြဲစွဲကိုင်ထားတဲ့ ဆောင်ပုဒ် တစ်ခုလို “ကိုယ်ပိုင်မူရှိဖို့ လိုအပ်တယ်၊ ကိုယ်ပိုင်မှု မရှိရင် မိမိမှာရှိတဲ့ အစွမ်းအစ ကာယဗလတွေကို သူတစ်ပါးက အသုံးကျသွားလိမ့်မယ်” ဆိုတာပါပဲ။ ဘယ်အရာမဆို လုပ်ဆောင်တဲ့ အခါ တိုင်ပင်ဆွေးနွေးခြင်းဆိုတာလိုအပ်တယ်၊ ပန်းတိုင်ရှိဖို့လိုတယ်။ ပန်းတိုင်ဆိုတာလဲ တစ်ဦးတစ်ယောက်တည်းထားရှိတဲ့ ပန်းတိုင် မဖြစ်ရဘူး။ လူမျိုးထု တစ်ခုလုံးရဲ့ ပန်းတိုင်ဖြစ်ဖို့လိုတယ်။

KMG - ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေကိုလည်း ပြောပြပါဦး။

Ai Maung Nyo - တာဝန်သိတဲ့ သူတွေမှာ တာဝန်ရှိတယ် ဆိုတာပြောချင်ပါတယ်။ ခူမီးလူမျိုးတိုင်းဟာ ခူမီးလူမျိုးတွေ အပေါ်တာဝန်ရှိကြပါတယ်။ အဓိက ခူမီးလူမျိုးတွေ စည်းလုံးမှုရှိအောင် လုပ်ဖို့ပါပဲ။ စည်းလုံးမှု တည်ဆောက်နိုင်ပြီဆိုရင် ရှေ့ဆက်လုပ်ဆောင်ရမယ့် အရာတွေကို တိုင်ပင်ဆွေးနွေးပြီး လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ခူမီးလူမျိုးနဲ့ ခူမီးဒေသ ဖွဲ့ဖြိုးတိုးတက်ဖို့ဆိုတာ ခူမီးလူမျိုးတို့၏ ရှေ့ဆက်ပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေပါပဲ။

KMG - တခြားကော ဘာများ ဖြည့်စွက်စရာရှိပါသလဲ။

Ai Maung Nyo - ခူမီးလူမျိုးတွေဟာ ပညာရေးဘက်မှာ တော်တော်လေး အားနည်းနေပါသေးတယ်။ ပညာရေးဘက်မှာ အားနည်းနေကြသေးလို့ ခူမီးနယ်မှာရှိတဲ့ ဌာနဆိုင်ရာတွေမှာ ခူမီးတွေက အကြီးအကဲမရနိုင်ဘဲ သူများလက်အောက်မှာ ရောက်နေရတယ်။ ကိုယ့်အိမ်မှာ ကိုယ်က အိမ်ထောင်ဦးစီး ဖြစ်သင့်ပါတယ်။ ဧည့်သည်က အိမ်ရှင်ကို ဦးဆောင်တယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါကို ခူမီးလူမျိုးတွေ အလေးအနက်ထားပြီး စဉ်းစားစေချင်တယ်။

KMG - Khumi Media Group ကနေ တဆင့် ကိုမောင်ညိုအနေနဲ့ ခူမီးလူမျိုးနှင့် ပလက်ဝနယ်အတွက် မျှော်လင့်ချက်ကို  ပြောပြပါဦး။

Ai Maugn Nyo - ခူမီးလူမျိုးတွေ စည်းလုံးနိုင်ဖို့ မိမိရဲ့ စိတ်ထားတွေကို ပြုပြင်ကြရအောင်၊ အတူလက်တွဲပြီး ကိုယ်လူမျိုးနဲ့ ကိုယ့်နယ်မြေတိုးတက်ရေး အတွက် ကြိုးပမ်း အားထုတ်ကြရအောင်၊ ကိုယ့်နယ်မြေကို ကိုယ်ကလွဲပြီး ဘယ်သူကမှ တိုးတက်ဖွံ့ဖြိုးအောင် မလုပ်ပေးဘူးဆိုတာ နားလည်ကြရအောင်လို့ တိုက်တွန်းလိုပါတယ်။ အခုလို မေးမြန်းဆက်သွယ်တဲ့ Khumi Media Group ကိုလဲ အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ Khumi Media Group ဒီထက်မက ခူမီးလူမျိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger