ဆမီးမြို့နယ်ခွဲဧရိယာသတ်မှတ်ခြင်းလူထုအသိပေးခြင်းမရှိဟုဒေသခံများပြောဆို

Monday, September 24, 20123မှတ်ချက်




 ပလက်ဝ၊စက်တင်ဘာ ၂၄----ပြီးခဲ့သော   ၂၀၁၂ခုနှစ်၊ ဇူလိုင်၃၁ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်မှ မြို့နယ်ခွဲအဖြစ် တရားဝင်ထုတ်ပြန်သတ်မှတ်လိုက်ပြီးဖြစ်သောချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲရရှိခြင်းအပေါ်ဒေသခံပြည်သူများကြားသဘောထားကွဲလွဲမှု အနည်းငယ်ရှိနေကြောင်းခူမီးမီဒီယာမှ သတင်းရရှိသည်။

ဆမီးမြို့နယ်ခွဲရရှိခြင်းအပေါ် လက်လှမ်းမီသော ပလက်ဝမြို့နယ်ဒေသခံများ၏ ခံစားချက်အားကေအမ်ဂျီမှ မေးမြန်းစုံစမ်းကြည့်ရာတွင် မတူကွဲပြားသော သဘောထားအမြင်အမျိုးမျိုးကိုတွေ့ရှိရပေသည်။ ဆမီးမြို့နယ်ခွဲရရှိခြင်းကြောင့် ပလက်ဝတစ်မြို့နယ်လုံး ညီညွတ်စွာကြိုဆိုဝမ်းသာကြသည်ကို အဓိကတွေ့မြင်ရသော်လည်း အဆိုပါ မြို့နယ်ခွဲရရှိရေးအတွက် တင်ပြတောင်းဆိုရာတွင် ဒေသခံများ၏ ဆန္ဒကို ရယူမှုအားနည်းခြင်းကြောင့် အချင်းချင်းကြား နားလည်မှုအနည်းငယ် ကွဲလွဲခဲ့ကြသည်ကိုလည်းတွေ့မြင်ရပေသည်။

 
“ကျွန်တော်တို့ဒေသကဆမီးမြို့နယ်ခွဲဧရိယာဘက်ကိုပါသွားတာကိုတောင် ကျွန်တော်တို့မသိလိုက်ပါဘူး။ တကယ်တော့ ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာြ
ပည်သူကိုအလေးထားတယ်။ ပြည်သူ့ဆန္ဒကိုအရင်ခံယူပြီးသတ်မှတ်သင့်ပါတယ်။ အရင်ကတည်းကသံထောင်လည်း မြို့နယ်ခွဲအဆင့် ရရှိဖို့အခွင့်တွေရှိခဲ့တာပါ။ ဆမီးမြို့နယ်ခွဲရရှိတာကို ပလက်ဝမြို့နယ်သား တစ်ယောက်အနေနဲ့ ကြိုဆိုပေမဲ့ ဘာညှိုနှိုင်းမှုမှမရှိဘဲဧရိယာကို ကြိုက်သလိုသတ်မှတ်တာကိုတော့ မဖြစ်သင့်ပါဘူးလို့မြင်ပါတယ်” ဟုလေးမြိုဒေသမှ ဒေသခံတစ်ဦး၏ ရင်ဖွင့်သံကိုလည်းကြားခဲ့ရသည်။

ထိုသို့အမြင်ကွဲလွဲနေမှုအပေါ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ အမှတ် (၁၂) လွတ်တော်မဲဆန္ဒနယ်မှ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဆလိုင်းခွဲယန် (ပြည်ခိုင်ဖြိုးပါတီ) အားမေးမြန်းရာ “ဆမီးမြို့နယ်ခွဲဆိုတာ အရင်ကတည်းကရှိခဲ့ပြီးသား။ ဒါကိုဆမီးဒေသခံတွေက ပြန်ပြီးလိုချင်တယ်။ သံထောင် မြို့နယ်ခွဲဆိုတာလည်းရှိခဲ့ပြီးသား။ သံထောင်လူထုကလည်း မြို့နယ်ခွဲလိုချင်တယ်။ ဒါဆိုရင် ပြည်သူလူထုကိုယ်စားလှယ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လူထုရဲ့၊ ပြည်သူရဲ့ လိုအပ်ချက်ကိုတောင်းပေးရမှာပဲ။ဒါကြောင့် ကျွန်တော်တောင်းဆိုပေးတာကဆမီးဒေသကို ဖြစ်စေ၊ သံထောင်ဒေသကိုဖြစ်စေ မြို့နယ်ခွဲဖွဲ့စည်းပေးပါ။ မရနိုင်ရင်အဆုံးတစ်ခုဖွဲ့စည်းပေးပါလို့ တင်ပြတောင်းဆိုပေးခဲ့တာလေ။ ချင်းပြည်နယ် အစိုးရရဲ့ ထောက်ခံတင်ပြချက်၊ ချင်းပြည်နယ် လွတ်တော်ရဲ့ ဆုံးဖြတ်ချက်၊ ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်အရအခုဆမီးမြို့နယ်ခွဲဖြစ်လာတာပါ။ အဓိကကတော့ ဆမီးဒေသနှင့် သံထောင် ဒေသလူထုက မြို့နယ်ခွဲလိုချင်လို့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့သဘောပါ” ဟုဖြေကြားသည်။


ဆမီးမြို့နယ်ခွဲဧရိယာသတ်မှတ်သည့်ကိစ္စနှင့် ပတ်သက်၍လည်း ကေအမ်ဂျီအားဖြေကြားပေးသည်မှာ“ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး။ ဆမီးမြို့နယ်ခွဲထဲမှာ ပါဝင်နေတဲ့ပြည်သူလူထုရဲ့ ဆန္ဒနှင့်သာသက်ဆိုင်ပါတယ်။ အခြားပြည်သူတွေနဲ့တော့ တိုက်ရိုက်မသက်ဆိုင်သလိုစောဒကတက်စရာအကြောင်းလည်းရှိမယ်မထင်ဘူးလေ။ ဥပမာ ကျွန်တော်ပြောပြပါမယ်။ ကျောက်ပန်းတောင် (ကီမိုတောင်)ဟာဆမီးဘက်ပါသွားပြီလို့ တစ်ချို့ရဲ့ကြိုကြားကြိုကြားပြောသံကြားရတယ်လေ။ စဉ်းစားရမှာကကီမိုတောင်ဟာအစိုးရရဲ့ အုပ်ချုပ်ပုံ ပြဠါန်းချက်အရဘယ်အုပ်စုရဲ့ ဧရိယာအတွင်းမှာကျရောက်သလဲဆိုတာအရေးကြီးပါတယ်။ အဲဒီအုပ်စုတွေဟာဆမီးမြို့နယ်ခွဲထဲမှာ ပါဝင်လာရင်တော့ ကီမိုတောင် လည်း ပါဝင်ရမှာပဲ။ အဲဒီအုပ်စုတွေ မပါရင်တော့ ကီမိုတောင်လည်းမပါဘူးပေါ့။ ကီမိုတောင်ကတကယ်တော့ ပြသနာမဟုတ်ပါဘူး။ ဘယ်မှာပဲပါပါ ပလက်ဝမြို့နယ်တိုင်းရင်းသား အားလုံးနှင့် သက်ဆိုင်တဲ့ ပြယုတ်တစ်ခုပါပဲ။ ချုပ်ပြီးပြောရရင် ဆမီးမြို့နယ်ခွဲဖွဲ့စည်းတာဟာဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၅၄)မှာ ပြဋ္ဌါန်းထားတဲ့ အတိုင်းဆောင်ရွက်ခြင်းသာဖြစ်ပါတယ်” ဟုခူမီးမီဒီယာမှ အင်တာဗျူးတွင်ပြောသွားခဲ့သည်။


ပလက်ဝမြို့နယ်ရှိရပ်မိရပ်ဖအများစု၏ သဘောထားမှာဒေသခံရပ်မိရပ်ဖတို့နှင့် တိုင်ပင်ညှိုနှိုင်းမှုမပြုပဲလုပ်ခွင့်ရတိုင်းလုပ်နေခြင်းအပေါ် အလွန်ဝမ်းနည်းရကြောင်း၊ မိမိတို့အနေဖြင့် ကြိုတင်ဘာမှ သိရှိမထားကြောင်း၊ အနည်းဆုံးလွတ်တော်တွင်မတင်ပြခင် ဆွေးနွေးမှု၊ ညှိုနှိုင်းမှု၊ အလေးထားမှုများပြုလုပ်သင့်ကြောင်း၊ စစ်မှန်သောဒီမိုကရေစီလမ်းစဉ်အရဒေသခံပြည်သူလူထုနှင့် ညှိုနှိုင်းဆန္ဒခံယူသင့်ကြောင်း၊ ဤသို့ညှိုနှိုင်းမှုအလျဉ်းမလုပ်ဆောင်ခြင်းကြောင့် လူမျိုးနွယ်စုမျိုးစုံပါဝင်သောမိမိတို့ပါတီကြား စိတ်ဝမ်းကွဲပြားမှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ ယခင်အစိုးရခေတ်တွင် အာဏာသည်အစိုးရ၏အုပ်ချုပ်မှုလက်အောက်တွင်သာ ရှိသော်လည်း ယခုအခါ စစ်မှန်သောဒီမိုကရေစီနိုင်ငံတော်ကိုတည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူများ၏ ဆန္ဒကိုအလေးထားပါမှသာဒီမိုကရေစီသည် ပထမ၊ ဒီမိုကရေသည် ဒုတိယဟုကြွေးကြော်နိုင်မည်သာဖြစ်ကြောင်းစသည်ဖြင့် ပြောဆိုလာကြသည်။

ဆမီးမြို့နယ်ခွဲဧရိယာသတ်မှတ်ခြင်းကိုကန့်ကွက်သည့်စာကို အမှတ် ၁၂ မဲဆန္ဒနယ် မဲဆန္ဒရှင်ပြည်သူ ဒေသခံ ၂၂၅၄ တို့၏ ကန့်ကွက်လက်မှတ်နှင့် သမ္မတထံလိပ်မူပြီး ၂၀၁၂ခုနှစ် ၊ ဇူလိုင်လ (၉)ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သော်လည်းမည်သည့်တုန့်ပြန်မှု တစ်စုံတစ်ရာမရှိပဲ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဆမီးမြို့နယ်ခွဲကို တရားဝင် သတ်မှတ်လိုက်ခြင်း အမိန့်စာကိုထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံနိုင်ငံရေးပါတီဝင် တစ်ဦးမှပြောသည်။

အဆိုပါပေးပို့စာထဲတွင် ဒေသခံများ၏ဆန္ဒသဘောထားမပါဘဲ အမှတ်(၁၂) မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဆလိုင်းခွဲယန်၏ ဆမီးမြို့နယ်ခွဲတိုးချဲ့ရေးအမှုတွဲအားပယ်ဖျက်ရန်ဟုသော အကြောင်းအရာများပါရှိကြောင်း သိရှိရသည်။
Share this article :

+ မှတ်ချက် + 3 မှတ်ချက်

Anonymous
24 September 2012 at 03:28

မည်သည့် လွှတ်တော်ကိုယ်စားလှယ်၊ မည်သည့် ခေါင်းဆောင်မဆို အများပြည်သူ အတွက် အလုပ်လုပ်ရင် အများပြည်သူတွေကို အလေးထားပြီး အများပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင် သင့်တာပေါ့။ ဆမီးမြို့နယ်ခွဲ့ အဟန့်အတားမရှိဘဲ ဖွံ့ဖြိုးတိုးတက်ပါစေ...

Anonymous
26 September 2012 at 04:17

ကျနော်တို့တတွေ ကောင်းကောင်းနားလည်ဖို့လိုတာက ဆမီးမြို့ရလာခြင်းဟာ ပလက်ဝမြို့နယ်ကို နှစ်ပိုင်းခွဲဖို့မဟုတ်ဘဲ၊ ပလက်ဝမြို့နယ် လမ်းပန်းဆက်သွယ်ရေးမကောင်းတာကို အဆင်ပြေချောမောဖို့အတွက် ဖြည့်ဆည်းပေးတာပဲဖြစ်ရမယ်။ ဒါမှမဟုတ် ပလက်ဝမြို့နယ်ကို နှစ်ပိုင်းခွဲမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့် ဆမီးမြို့ရတယ်ဆိုရင် ကျနော်တို့ဟာ မှားလိမ့်မယ်။ ပလက်ဝမြို့နယ်အရေးဟာ ပလက်ဝမြို့နယ်ထဲမှာမှီတင်းနေထိုင်တဲ့ ပြည်သူအားလုံးနဲ့သက်ဆိုင်ပါတယ်ဆိုတာ သိထားဖို့လိုပါတယ်။

မြို့ဧရိယာသတ်မှတ်မယ်ဆိုရင်တောင် ရှိပြီးသားဧရိယာအတိုင်းပဲ ဧရိယာသတ်မှတ်ရမှာဖြစ်တယ်။
ဥပမာ - ပလက်ဝမြို့ဧရိယာ၊ ဒလက်မေ အ.လ.က ဧရိယာ၊ မီးဇာ အ.ထ.က ဧရိယာ၊ ရှင်းလက်ဝ အ.လ.က ဧရိယာ၊ ပထိန်တလန် အ.ထ.ကခွဲ ဧရိယာ၊ ဆမီး အ.ထ.က ဧရိယာ၊ မိတ်စာဝ အ.လ.က ဧရိယာ၊ သံထောင် အ.ထ.ကခွဲ ဧရိယာ၊ မှုံးတနုံး အ.လ.က ဧရိယာဆိုပြီး ဧရိယာဟာ သူ့ဧရိယာနဲ့သူ ရှိပြီးသားဖြစ်ပါတယ်။ အဲဒီအတိုင်းပဲ ဧရိယာသတ်မှတ်ရမှာပေါ့။ အဲလိုမှမဟုတ်ရင် တခြားဧရိယာတွေက ဘယ်လိုလက်ခံပါ့မလဲ။ ပြသနာတတ်မှာ သေချာတာပေါ့။ အခုလုပ်နေတဲ့ ဧရိယာသတ်မှတ်မှုဟာ နည်းလမ်းမကျသည့်သာမက ရိုးသားမှုမရှိပါဘူး။ မြို့နယ်သားအချင်းချင်း ပြသနာဖြစ်အောင် မီးမွေးပေးတာနဲ့ တူပေတယ်။

အာဖရိကနိုင်ငံတွေမှာ စစ်မီးတွေတဟုန်းဟုန်းတောက်လောင်နေတာကို ကျနော်တို့အားလုံးအသိဖြစ်မှာပါ။ အဓိကစစ်ဖြစ်ရသည့်အကြောင်းရင်းက ဘာသာရေးနှင့် နယ်မြေကိစ္စတွေပါဘဲ။ အာဖရိကနိုင်ငံတွေကိုကြည့်ပြီး သင်ခန်းစာယူသင့်တယ်။ မိမိတို့ပလက်မြို့နယ်ထက် တခြားမြို့နယ်တွေက အဆမတန်တိုးတတ်နေတာကိုကြည့်ရင် ပလက်ဝမြို့နယ်မှာရှိတဲ့ပြည်သူတွေအတွက် ရှက်စရာကောင်းပါတယ်။ ဒီတော့ ပလက်ဝမြို့နယ်မှာရှိတဲ့ပြည်သူတွေဟာ မိမိတို့ပလက်ဝမြို့နယ် တိုးတတ်ဖွံ့ဖြိုးရေးကိုပဲ အထူးအာရုံစိုက်ပြီး၊ အတူတကွပူးပေါင်းလုပ်ဆောင်သင့်ပါပြီ။

မိမိတို့ပိုင်ဆိုင်ပြီးသား နယ်မြေကိုသူပိုင်ကိုယ်ပိုင်ပြောတာတွေဟာ တကယ်အကျိုးမရှိဘူးလို့ မြင်ပါတယ်။ အကယ်၍ အကျိုးရှိသည့်အလုပ်ကို လုပ်ချင်တယ်ဆိုရင်ဖြင့် လွတ်လပ်ရေးမရခင်က မိမိတို့ပလက်ဝမြို့နယ် နယ်မြေဖြစ်သော ယခုရခိုင်ပြည်နယ်တွင်ပါဝင်သော ပေါက်တော၊ တင်းမ၊ ပွီချောင်းဖျားဒေသနှင့် မတူပီမြို့နယ်မရခင်က မိမိတို့ပလက်ဝမြို့နယ်၏ တိုက်နယ်တခုဖြစ်သော ယခုမတူပီမြို့နယ်တွင်ပါဝင်သော တအော့တိုက်နယ်တို့ကို မိမိတို့ပလက်ဝမြို့နယ်၏နယ်မြေပြန်ဖြစ်အောင် လုပ်ဆောင်ပါက ပိုပြီးအကျိုးရှိမည်ဟု မျှော်လင့်ပါတယ်။ သတ္တိရှိရှိ လုပ်လည်းလုပ်ဆောင်သင့်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်ရှိရခိုင်တွေက ယခုလည်းပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲပါဝင်တယ်လို့ ပြောနေတာပဲ။ ဘာဖြစ်လို့ကျနော်တို့လည်း မလုပ်ရဲရမှာလဲ။

အကျိုးရှိရှိအလုပ်လုပ်ပြီး အားလုံးကိုအကောင်းဖြစ်စေချင်သည်။


Anonymous
5 October 2012 at 23:13

လွှတ်တော်ကိုယ်စားလှယ်ဟာ ပြည်သူ့ကိုယ်စားလှယ်ပါ။
ဒါပေမယ့် တောင်းသမျှတိုင်းသာ ပြည်သူအားလုံးနဲ့ ညှိနှိုင်းဆွေးနွေးရမယ်ဆိုရင် လွှတ်တော်အစည်းအဝေးလည်း တက်ရတော့မှာ မဟုတ်ပါဘူး။
သက်ဆိုင်တဲ့ ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာလည်း အိမ်အရောက်နားထောင်ရမှာလား။ပြည်သူရဲ့
လိုအပ်ချက်က ဘာလဲဆိုတာကို သိခြင်းဟာ ပြည်သူ့အသံကို နားထောင်တာပါ။
ဧရိယာကို ဘယ်သူပြင်လို့လဲ။ ရှိပြီးသား အုပ်စု နယ်နိမိတ်ပဲလေ။
နားလည်အောင်ဘ အရင်လေ့လာကြပါ။ ပြီးမှ ဝေဖန်ချက်ပေးပါ။ ပိုသိချင်ရင် သက်ဆိုင်သူကို မေးပါ။

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger