ဆမီးမြို့နယ်ခွဲဌါနဆိုင်ရာများ ၂၀၁၃ခုနှစ် ဧပြီ ၁ နေ့နောက်ဆုံးထားပြောင်းရမည်

Friday, September 21, 20120 မှတ်ချက်



ယခင်ဆမီးကျေးရွာပုံရိပ်

ပလက်ဝ၊ စက်တင်ဘာ ၂၂----၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၃၁ နေ့က မြို့နယ်ခွဲအဖြစ် နိုင်ငံတော်မှ တရားဝင်သတ်မှတ်လိုက်ပြီးဖြစ်သော ပလက်ဝမြို့နယ်၊ ဆမီးမြို့နယ်ခွဲသို့ သက်ဆိုင်ရာဌါနဆိုင်ရာ ၀န်ထမ်းများ တာဝန်ထမ်းဆောင်ရန်၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့နောက်ဆုံးထားပြောင်းရွေ့ရမည်ဖြစ်ကြောင်းသတင်းရရှိသည်။

“၂၀၁၃-ခုနှစ်၊ ဧပြီလ(၁)ရက်မှ စတင်ပြီးဆမီးမြို့ရှိ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ အပြီးသတ် ပြောင်းရွှေ့ရမှာပါ” ဟုမြေစာရင်းဌာန ၀န်ထမ်းတစ်ဦးမှ ကေအမ်ဂျီသို့ ပြောပြသည်။

ပြီးခဲ့သောကာလများအတွင်း မြို့နယ် ဌာနဆိုင်ရာများသည်
မြို့ဧရိယာတိုင်းထွာခြင်း၊ ဌာနဆိုင်ရာအဆောက်အဦးအတွက် တိုင်းတာခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ၄င်းအဖွဲ့သည် ၁၉-၉-၂၀၁၂ နေ့ ည (၇း၃၀)နာရီတွင် ပလက်ဝမြို့သို့ ပြန်လည်ရောက်ရှိကြကြောင်းသတင်းရရှိသည်။

မလေးရှားတွင်နေထိုင်သော ဆမီးရွာသား ဦးဖေအုပ်မှ “ချင်းပြည်နယ် ပလက်ဝမြို့နယ်ဟာ ခူမီးချင်းလူမျိုးအများစု နေထိုင်တဲ့ နေရာဒေသဖြစ်တဲ့အတွက် ခူးမီးလူးမျိုးများကပဲ ဆမီးမြို့နယ်ခွဲဌါနဆိုင်ရာအသီးသီးကိုလည်း တာဝန်ယူအုပ်ချုပ်တာက အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ပြောလိုပါတယ်” ဟု ခူမီးမီဒီယာ သတင်းဌါနသို့ ပြောပြခဲ့သည်။

ယခင် ပလက်ဝမြို့နယ်၏တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင် တည်ရှိသော ဆမီးကျေးရွာသည် ဒေသခံလူထုများ၊ ခေါင်းဆောင်များနှင့် ပြည်ခိုင်ဖြိုးပါတီမှအမျိုးသား လွတ်တော်ကိုယ်စားလှယ် ဦးခွဲယန်၏ ကြိုးစားအားထုတ်မှုကြောင့် မြို့နယ်ခွဲအဖြစ် ပြည်ထောင်စု အစိုးရမှအတည်ပြုလိုက်ပြီဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌါနမှ တရားဝင် အမိန့် ကြော်ငြာစာ/ပြန်တမ်းဖြင့် ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်သည်။

“ဆမီးမြို့နယ်ခွဲရတာ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒေသခံ ခူမီးလူမျိုးတွေက ပညာတတ် နည်းသေးတော့ ရလာမယ့် အခွင့် အရေးတွေက သူတပါးလက်ဝယ်ရောက်သွားမှာကို စိုးရိမ်တယ်။ ပြီးတော့ မြို့နယ်ခွဲရလို့ ခူမီးလူမျိုးတွေ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘက်မှာ တိုးတက်မှာ မှန်ပေမယ့် ရရှိလာမယ့် အခွင့် အရေးထက် ပေးဆပ်ရမယ့် အရာ၊ ဆုံးရှုံးနစ်နာ သွားနိုင်တယ်။ ဘာဖြစ်လို့ အဲလိုပြောရတာလဲ ဆိုလို့ ရှိရင် လုပ်နိုင်ကိုင်တဲ့ သူတွေက နည်းနေသေးလို့ပါပဲ။ ပလက်ဝမြို့ဟာ ခူမီးလူမြို့တွေရဲ့ တစ်ခုတည်းသော မြို့ဖြစ်ပေမယ့် ပလက်ဝရဲ့ အစိုးရ ဆိုင်ရာ ဌာနတွေမှာ ခူမီးလူမျိုးတွေက မလုပ်နိုင်ဘဲ သူများရဲ့ အုပ်ချုပ်မှုအောက်၊ ဦးဆောင်မှုအောက်မှာပဲနေရတယ်။ ဒါတွေကို ကောင်းကောင်းသုံးသပ်ကြည့်ရင် အသစ်စက်စက် မြို့နယ်ခွဲ ဖြစ်လာတဲ့ ဆမီးရဲ့ အနာဂတ်ဆိုတာလဲ စိုးရိမ် မကင်းဖြစ်ရတယ်။ ဆမီးမြို့နယ်ခွဲရတာကို ကန့်ကွက်တာ မဟုတ်ပေမယ့် ပြင်ဆင်မှု မရှိသေးခင် အခွင့်အရေးတွေရလာပေမယ့် အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ရင် အဲဒီအခွင့်အရေးတွေက သူများအတွက်ပဲဖြစ်ပြီး မိမိတို့နယ်မြေ နဲ့ လူမျိုးတွေကို သူတပါးလက်ထဲ ထိုးအပ်လိုက်ရသလိုမျိုးဖြစ်သွားနိုင်တယ်” ဟု ဖိလစ်ပိုင်တွင် ကျောင်းတက်နေသူ ဆမီးဒေသခံ အိုက်မောင်ညိုမခူမီးမီဒီယာသို့ ပြောသည်။

ချင်းပြည်နယ်တောင်းပိုင်းဆုံးရခိုင်ပြည်နယ် နယ်နမိတ်နှင့် ကပ်လျှက်ရှိသော ပလက်ဝမြို့နယ်၏ စုစုပေါင်းဧရိယာအကျယ်အ၀န်း စတုရန်းမိုင်( ၃၁၂၇.၀၄ )တွင် ဆမီးမြို့နယ်ခွဲသည် ဧရိယာစတုရန်းမိုင် ( ၁၆၀၀)ကျော် ကျယ်ဝန်းမည်ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger