မိုးကုန်-ဆောင်းအကူးကာလမို့ ပလက်ဝဆေးရုံ ဆေးဝါးနှင့်ကုတင်မလုံလောက်

Thursday, October 25, 20120 မှတ်ချက်



ပလက်ဝ၊ အောက်တိုဘာ၂၆---ယခုရာသီအချိန်သည်(ပလက်ဝ)ဒေသအရ မိုးကုန်-ဆောင်းအကူးကာလမို့ ပလက်ဝမြို့တွင်း၇ှိ ဒေသခံများနှင့်နယ်ရွာများမှ ပြည်သူများရာသီအပြောင်းအလဲကြောင့်
နာမကျန်းအဖြစ်များလာရကာ ပလက်ဝ(၂၅)ကုတင်ဆေးရုံတွင် လူနာများပြည့်နှက်လျက်ရှိသည်။

ပလက်ဝဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသောဆရာမတစ်ဦးမှ ခူမီးမီဒီယာသို့ပြောပြချက်အရ
ဆေးရုံတွင်ဆေးဝါးများပြည့်စုံ လုံလောက်မှုမရှိကြောင်း၊ ထိုထက်ဆိုးသည်မှာ
ကုတင်(၂၅)ဖြင့်မလုံလောက်သောကြောင့် ဒုက္ခရောက်နေရကြောင်း ပြောပြခဲ့သည်။


၎င်းက “ဆေးရုံလာတက်တဲ့လူနာတွေပိုများလာတယ်။ ဆေးဝါးလုံလုံလောက်လောက်မရှိတာနဲ့ ကုတင် မလုံလောက်တာက တော်တော်ကိုပြသနာပါပဲ။ ကုတင်(၅၀)ဆေးရုံအဖြစ်ပြောင်းပေးနိုင်မယ်ဆိုရင်
လူနာတွေအတွက်အဆင်ပြေနိုင်လိမ့်မယ်” ဟုပြောသည်။

မကြာသေးမီက ဆေးရုံတက်ခဲ့ရသောလူနာတစ်ဦး၏ ခင်ပွန်းသည်မှပြောပြချက်အရ ယခုပလက်ဝပြည်သူ့ဆေးရုံတွင်တက်ရောက်သော လူနာရှင်များ၏ ဒုက္ခကိုဤသို့ သိရှိရသည်။

“အေး ခုတင်ပြည့်နေတယ်။ ကျွန်တော်လည်း ဟိုတနေ့က ဇနီးနေမကောင်းလို့ ဆေးရုံ တစ်ရက်တက်ဖြစ်တယ်။ ဆေးရုံမှာ လူနာတွေများလွန်းလို့ ကုတင်မလောက်ငှတာနဲ့ ဒီထက်ဆိုးတာက ရေ ပုံမှန်မရတာပါပဲ။ ဒါပေမဲ့ မီးဖိုချောင် အဆောက်အဦးကြောင့် နယ်က လာတဲ့ လူနာတွေအတွက်တော့ ယခင်နဲ့စာယင် အဆင်ပြေတယ်”ဟု ခူမီးမီဒီယာသို့ပြောသည်။

လက်ရှိတာဝန်ကျသော ဆရာဝန်များမှာ ဒေါက်တာကျော်မိုးနိုင် နှင့် ဇနီး လက်ထောက်ဒေါက်တာသက်နွယ်လှိုင် တို့ဖြစ်ပါသည်။  ယခုရက်ပိုင်းအတွင်း ဒေါက်တာကျော်မိုးနိုင်သည် နေပြည်တော်တွင် သင်တန်းတက်ရောက်နေသောကြောင့် ဒေါက်တာ သက်နွယ်လှိုင်သည် ထမင်းမစား အားလောက်အောင် လူနာများကို ကြည့်ရှုနေရသည်။ ယခုတလော ဆေးရုံတွင် အတွင်းလူနာနှင့် ဆေးခန်းတွင်လည်း လူနာများပြည့်နှက်လျက်ရှိသည်ဟု သိရသည်။
ဒေါက်တာကျော်မိုးနိုင်သည် ခွဲစိပ်ခြင်းမှအစ ဆေးဝါးကုသမှုအထူးကျွမ်းကျင်မှုကြောင့် ဒေသခံပြည်သူများ၏ လေးစားကြည်ညိုမှုကိုလည်း ခံရကြောင်း ၄င်းကပြောပြသည်။

ထိုသို့ အလွန်ဆေးဝါးကျွှမ်းကျင်မှုသတင်းကြောင့်လည်း လူနာများအားကိုးတကြီး ပလက်ဝပြည်သူ့ဆေးရုံသို့ ဆေးလာကုမှုများလာရခြင်းဖြစ်ကြောင်းလည်း တာဝန်ကျ ဆေးဆရာမ၀န်ထမ်းတစ်ဦးမှ ပြောပြသည်။
လူနာပို့သော ဦးလင်းဘွေ၏ နောက်ဆုံးပြောပြသော သတင်းအရ လူနာများအားနေရာချပေးရန်
ကုတင်မရှိတော့ကြောင်းသိရှိရသည်။


Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger