လူထုအခြေပြုအဖွဲ့စည်း(Civil Society)မှသည် ခိုင်မာသော ဒီမိုကရေစီ လူ့ဘောင်သစ်ဆီသို့ (အပိုင်း-၂)

Tuesday, October 30, 20120 မှတ်ချက်


အဆက်--
(၆) နိုင်ငံတော်အစိုးရနှင့် ဖီလာအဖြစ် မြင်သောအမြင်(Civil Society as an antidote to the state)
တချို့က ဗဟိုချုပ်ကိုင်မှုရှိသော(သို့) အာဏာရှင်ဆန်သော အစီုးရများနှင့် ဆန့်ကျင်ဖက်အဖြစ်မြင် ကြသည်။ ဝှိုက်က လူထုအခြေပြုအဖွဲ့စည်း ထွန်းကားအောင် ပြုလုပ်ခြင်းသည် အစီုးရအာဏာကို ကန့်သတ်ပစ်လိုက်ခြင်း ဖြစ်သည်ဟု ပြတ်သားစွာရေးသားဖေါ်ပြထား ပေသည်။ အချို့သောကိစရပ်များတွင် လူထုအခြေပြုအဖွဲ့စည်း များသည် ၄င်းတို့၏ နိုင်ငံတော်အစီုးရများထက် လူထုအပေါ်ပို၍ လွမ်းမီုးမှုရှိပြီး ကမ္ဘာအရေး ဆောင်ကျဉ်းရာ၌ စစ်မှန်သောစိတ်ဓါတ် ပိုရှိသည်ဟု နိုင်ငံတကာအသိုင်းဝိုင်းက လက်ခံထားကြသည်။ ရွိုင်းက နိုင်ငံတော်အစီုးရ များ အနေနှင့် လူထုအခြေပြုအဖွဲ့စည်းအား အစီုးရနှင့် ဆန့်ကျင်ဖက် အဖြစ် လည်ပတ်လှုပ်ရှားရန် ခွင့်ပြုထား ခြင်းအပေါ် များစွာစိတ်ဝင်စား သည်ဟုဆိုသည်။ 


ဒီမိုကရက်တစ် လူ့ဘောင်အတွင်း တည်ထောင်သွားမည့် ပြည်သူ့လူ့ အဖွဲ့အစည်း၏ သဘောသဘာဝ အကျဉ်း ရုံးပြီး တင်ပြလိုပါသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သည် နေ့ချင်းညချင်း တည်ထောင်နိုင်သည့် အရာမဟုတ် ပါ။ နှစ်နှင့်ချီပါ သည်။ နိုင်ငံရေး ပါတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲကျင်းပရုံ သက်သက်ဖြင့် ဒီမိုကရေစီ မမည်။ ဒီမိုကရေစီ ယဉ်ကျေးမှု ရှင်သန်စေမည့် လူထုအခြေပြုအဖွဲ့စည်း ကိုပါ တည်ထောင်ရသည်။ အတိတ်သမိုင်းကို ပြန်ကောက်လျင် မြန်မာနိုင်ငံတွင် ၁၉၄၈-၅၈ ပါလီမန်ဒီ ကရေစီခေတ်၌ လူထုအခြေပြုအဖွဲ့စည်း အားမကောင်း ခဲ့ပေ။ အထူးသဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများကို အခြေပြု၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနှင့် အလုပ်သမား သမဂ္ဂများ စသည်မျှသာ ရှိခဲ့သည်။ 

ဒီမိုကရက်တစ် လူ့ဘောင်တွင် နိုင်ငံရေးလူ့အဖွဲ့အစည်း သက်သက်ကို အားကိုး၍မရပါ။ ပြည်သူအများ သူ့ ကဏ္ဍနှင့် သူ လွတ်လပ်စွာ ပူးပေါင်းပါဝင်နိုင်မည့် လူထုအခြေပြုအဖွဲ့စည်း ကိုလည်း အခိုင်အမာ ဖွဲ့စည်းရန် အလွန်လိုအပ် ပေသည်။ လူထုအခြေပြုအဖွဲ့စည်း အတွင်း၌ ဒီမိုကရေစီယဉ်ကျေးမှု ကောင်းစွာ ထွန်းကားလျှင် နိုင်ငံရေးလူ့အဖွဲ့အစည်း ကိုပါများစွာအကျိုးပြုမည်။ တချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော အာဏာရှင် ဟစ်တလာပင်လျှင် ဒီမိုကရေစီနည်းအရ ရွေးကောက်ခံခဲ့သည့် ပုဂ္ဂိုလ်ဖြစ်သည်။ နောင်တချိန်တွင်   အာဏာရှင် များ မပေါ်ထွန်းရေး အတွက် နိုင်ငံရေးလူ့အဖွဲ့အစည်း နှင့်အတူ လူထုအခြေပြုအဖွဲ့စည်းပါ တပါတည်း တည် ထောင်နိုင်ရန် အလွန်ရေးကြီးပေသည်။  
ဒီမိုကရေစီယဉ်ကျေးမှုကို နားလည်လွယ်အောင် ပြောရလျှင် လူတိုင်းလူတိုင်းတွင် “လူ့တန်ဖိုး” အဖြစ် လက်ခံ ကျင့်သုံးနိုင်သည့် "စည်းမျဉ်းစည်းကမ်းများနှင့် တန်ဘိုး" များပင်ဖြစ်သည်။ လူသားတိုင်းတွင် တန်းတူသည့် "လူ့တန်ဘိုး" ရှိရမည်။ "တန်းတူအခွင့်အရေး" ရှိရမည်။ မိမိနေထိုင်ရာ လူ့အဖွဲ့အစည်းအတွင်း "လွတ်လပ်စွာ ပါဝင်ဆောင်ရွက်၊တာဝန်ယူခွင့်" ရှိရမည်။ လူမျိုးတိုင်းက "ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင်"့ ရှိရမည်။ ဤအရာများ သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်များ ဖြစ်သည်။ သို့သော် ဒီမိုကရေစီကျင့်စဉ်တရား ထွန်းကားပြီး ဒီမိုက ရေစီ ယဉ်ကျေးမှု ကျင့်သုံး နိုင်ရေးအတွက် (၁) သည်းခံခြင်းတရား၊ (၂) ပူးပေါင်းဆောင်ရွက်ခြင်းတရားနှင့် (၃) အပေးအယူမျှယူခံ စားခြင်းတရား တို့ကို နိုင်ငံရေးလူ့အဖွဲ့အစည်း များတွင်သာမက လူထုအခြေပြုအဖွဲ့စည်းများ တွင်ပါ လက်တွေ့ကျင့်သုံးရန် အလွန်လို အပ်ပေသည်။ ဤတရားသုံးပါးမရှိပဲ ဒီမိုကရေစီယဉ်ကျေးမှု မထွန်းကား နိုင်ပေ။

ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အစိုးရနှင့်လူထု ပူးပေါင်း ဆောင်ရွက်ရန်လိုသည်။ ဥပမာ- ဆွီဒင်နိုင်ငံ၏ လူမှုအဖွဲ့အစည်း နှစ်ခုစလုံးသည် အားကျဖွယ်ကောင်းလှသည်။ နိုင်ငံရေးလူ့အဖွဲ့အစည်းသည် ချစားမှုကင်းပြီး လူထုကို တာဝန်ခံမှု အပြည့်အဝ ရှိသည်။ အကြောင်းမှာ နိုင်ငံရေး သမားများနှင့် အုပ်ချုပ်ရေး(အစိုးရ)ဝန်ထမ်းများအားလုံးတို့သည် ငယ်ရွယ်စဉ်ကာလက ဖြတ်သန်းလာ ခဲ့သည့် လူထုအခြေပြုအဖွဲ့စည်း၏ ပြုစုပျိုးထောင်မှုကြောင့်ဖြစ်သည်။

ဆက်လက်၍ ၄င်းနိုင်ငံ၏ လူထုအခြေပြုအဖွဲ့စည်း ဖြစ်တည်မှုကို အကြမ်းဖျဉ်း တင်ပြလိုပါသည်။ ဒီမိုကရေစီ ယဉ်ကျေးမှုကို နေအိမ်နှင့် စာသင်ကျောင်းများ မှ စတင်လုပ်ယူသည်ဟု ဆိုရပေမည်။ "လွတ်လပ်စွာ ပြောဆို ခွင့်" ကို ငယ်စဉ်တောင်ကျေး ကလေးဘဝ၊ မိသားစုအတွင်းမှပင် အစပျိုးလေ့ကျင့်ပေးသည်။ မိသားစု အစည်း အဝေးကို စနေ-တနင်္ဂနွေ နေ့တိုင်း ပြုလုပ်ကြပြီး ကျောင်းပိတ်ရက်တွင် ဘယ်သွားမည်၊ ဘာလုပ်မည်၊ ဘာစားမည် အစရှိသဖြင့် ဆွေးနွေးတိုင်ပင် လေ့ရှိကြသည်။ မူကြိုကျောင်းများတွင်လည်း ဆရာဆရာမများ၊ ကလေးများနှင့် မိဘများ ပူးပေါင်းကြပြီး ဆွေးနွေးတိုင်ပင်ကြရာ ကလေးများ၏အလိုကို ဦးစားပေး ဆုံးဖြတ်ကြ ရသည်။ နောက် တဖန် ကလေးများကို "တန်းတူအခွင့်အရေး" အကြောင်း အမြဲဟောကြားပြီး တဦးနှင့်တဦး "မနှိမ်" ဖို့ အမြဲသွန်သင် လေ့ရှိသည်။ 

အလယ်တန်းကျောင်း၊ အထက်တန်းရောက်လာလျှင် ကျောင်းကောင်စီမှာ ကျောင်းသားများအားလုံး စုစည်းပြီး မိမိအမြင်နှင့် အကြံဥာဏ်များကို ဆွေးနွေးတင်ပြခွင့်၊ အချေအတင်ငြင်းဆိုခွင့်၊ စကားရည်လုခွင့်၊ မဲဆွယ်စည်း ရုံးခွင့်၊ အဆုံးအဖြတ်ပေးခွင့် စသည်တို့ကို လက်တွေ့ကျင့်သုံးစေသည်။ ကျောင်းသားတခုလုံး၏ လှုပ်ရှားခွင့် ဥပမာ- ပျော်ပွဲစားထွက်ခြင်း၊ အကပဒေသာ၊ အားကစား စသည်များကို ၄င်းတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ပေးပြီး ရံပုံငွေရှာဖွေခြင်း နှင့် သာရေးနာရေးကိစ္စများတွင် ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့်အတူ တိုင်ပင် ဆွေးနွေးပြီး လှုပ်ရှားကြသည်။

တက္ကသိုလ်ကျောင်းများတွင် ကျောင်းသားသမဂ္ဂများကို ဒီမိုကရေစီနည်းအရ ဖွဲ့စည်းကြသည်။ အခြားကျောင်း သားရေးရာနှင့် လူမှုရေးကိစ္စများအပြင် တက္ကသိုလ်သင်ရိုးညွှန်းတမ်း ရေးဆွဲသည့်အခါ ပါဝင် ဆွေးနွေး အကြံ ပေးခြင်းများ ပြုလုပ်ကြသည်။ တခါတရံ နိုင်ငံတကာရေးရာ၊ အလုပ်သမားရေးရာ၊ ကျားမတန်းတူရေးနှင့် တိုက် ရိုက်ဆက်နွယ် နေသည့်ကိစ္စများတွင်လည်း ပါဝင်ကြသည်။

တက္ကသိုလ်ကျောင်းများပြီးဆုံးပြီး လုပ်ငန်းခွင်ထဲဝင်သည့်အခါ အလုပ်သမားသမဂ္ဂများက လက်ကမ်းကြို ဆိုကြ ပါသည်။ “လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်” ဆိုသည့် အခွင့်အရေးအောက်၌ စိပ်ပါဝင်စားသူများက  အလုပ်သမားသမဂ္ဂကို လွတ်လပ်စွာ ဖွဲ့စည်းကြသည်။ လုပ်ငန်းဌါနအလိုက် ဥပမာ - ဆောက်လုပ်ရေး အလုပ်  သမားသမဂ္ဂ၊ စက်ရုံအလုပ်ရုံအလုပ်သမား သမဂ္ဂ၊ ကျောင်းဆရာဆရာမများသမဂ္ဂ စသည်ဖြင့် အမျိုးမျိုး ရှိသည်။ အသင်းဝင်ကြေးပေးရသည်။ ၄င်း၏ အဓိကတာဝန်မှာ အလုပ်သမားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး ဖြစ်သည်။ အလုပ်ရှင်မှ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှု ပပျောက်ရေး။ အလုပ်သမား လစာ၊ လုပ်ငန်းခွင်စည်းမျဉ်းစည်းကမ်းများ၊ ခန့်ထားခြင်း၊ ထုတ်ပယ်ခြင်း စသည့်ကိစ္စများကိုလည်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား စေ့စပ်ညှိနှိုင်းခြင်းများ ပြုလုပ်ပေးသည်။ 

ဆွီဒင်နိုင်ငံသားတဦးသည် လူထုအခြေပြုအဖွဲ့စည်းအတွင်း အထက်က တင်ပြသကဲ့သို့ စနစ်တကျ ပြုစုပျိုး ထောင် ကြသည့်အတွက် အချိန်တန်၍ နိုင်ငံရေးလူ့အဖွဲ့အစည်းသို့ ဝင်ရောက်သည့်တိုင် ပြည်သူကို အလေး ထား၊ လေးစားသော နိုင်ငံရေးသမား ဖြစ်လာသည်။ လူထုအခြေပြုအဖွဲ့စည်း စနစ်တကျ တည်ထောင်သော နိုင်ငံ သည် တည်ငြိမ်အေးချမ်းပြီး၊ လူမှုရေးပြသနာများကို စုပေါင်း အဖြေရှာနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်သည်။
ကျတော်တို့ ချင်းလူ့အဖွဲ့အစည်းကိုလည်း အောက်ခြေ လူထုအခြေပြုအဖွဲ့စည်း မှသည် နိုင်ငံရေးလူ့အဖွဲ့အစည်း သို့တိုင် အစီအစဉ်ရှိရှိတည်ထောင်ရန် အလွန်လိုအပ်ပေသည်။ ယခုအခါ ချင်းလူထုအခြေပြုအဖွဲ့စည်း တော် တော်များသည် နယ်ခြားရပ်များတွင် ဖွဲ့စည်းကြသည်။ ဒီမိုကရေစီလူ့ဘောင်သစ် ထွန်းကားရေးကို အကောင် ထည် ဖေါ်ဆောင်ရာမှာမူ အလွန့်အလွန် အားနည်းနေသေးသည်။ 

ချင်းလူမျိုးအနေဖြင့် ယနေ့မြန်မာနိုင်ငံအတွင်း ပေါ်ထွန်းနေသော နိုင်ငံရေးလူ့အဖွဲ့အစည်း အတွင်းရှိ မြန်မာအ မျိုးသားပါတီများ၊ လွှတ်တော်များ၊ အစိုးရအဆင့် အသီးသီး၌ ပါဝင် ပါတ်သက်မှုများကို ခဏဘေးဖယ် ထားပြီး မိမိတို့၏ ချင်းလူ့အဖွဲ့အစည်း သက်သက်ကို စဉ်းစားကြပါစို့။ ချင်းနိုင်ငံရေးလူ့အဖွဲ့အစည်း ပီပြင်စွာ ပေါ်ထွန်းနိုင် သည့် အခြေအနေ ရောက်ရှိပြီလော။ ဥပမာ- ချင်းနိုင်ငံရေးလူ့အဖွဲ့စည်း(အမျိုးသားပါတီများ၊ ပြည်ပါလီမန် ၊ ပြည်အစိုးရ)ဖွဲ့စည်း၍ ရပြီလော၊ အကယ်၍ ဖွဲ့စည်းနိုင်ခဲ့သော် လူထုကို တာဝန်ခံသည့်အစိုးရ၊ ရှင်းလင်းမြင်သာ သည့် အစိုးရ ဖြစ်ပြီလော၊ လူထုပူးပေါင်းပါဝင်သည့် အစိုးရဖြစ်ပြီလော၊ ဆိုသည့်အချက်ကို သတိမူရမည်။ အနာဂါတ်တွင် ချင်းလူထုအခြေပြုအဖွဲ့စည်းသည် ချစားမှု ကင်းရှင်းသော နိုင်ငံရေးလူ့အဖွဲ့စည်း ဦးဆောင်နိုင် စွမ်းသော နိုင်ငံရေး သမားကောင်းများကို မွေးထုတ်ပေးနိုင်သော အလုပ်ရုံတရပ်အဖြစ် ရပ်တည်သင့် သည်။
မူလက ရှိပြီးသား ချင်းလူထုအခြေပြုအဖွဲ့စည်းများ နှင့် အဖွဲ့အစည်းအသစ်များကို ဒီမိုကရေစီ  စံနှုန်းနှင့် အညီ ပဲ့ပင်ထိမ်းသိမ်း ရပေမည်။ ဥပမာ- ချင်းကျောင်းသားသမဂ္ဂ၊ ချင်းလူငယ် အစည်းအရုံး၊ ချင်းအမျိုးသမီး အဖွဲ့ချုပ် နှင့် ချင်းအလုပ်သမားသမဂ္ဂ စသည်များကို ချင်းပြည်လုံးဆိုင်ရာ အဖွဲ့စည်းများအဖြစ် ရပ်တည်နိုင်ရေး အောက် ခြေအဆင့်မှစတင် ဖွဲ့စည်းရပါမည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှင့် ပြဌာန်းဥပဒေများအရ ပြည်ထဲရေးဝန် ကြီးဌာန အောက်၌ တရားဝင် မှတ်ပုံတင် နိုင်ရန် ကြိုးစားရမည်။ ချင်းပြည်သူ့လူ့ အဖွဲ့အစည်း စနစ်တကျ ထွန်း  ကားရေးသည် ချင်းပြည်သူတိုင်း၏ တာဝန်ဖြစ်သည်။ ချင်းအမျိုးသား ရာသက်ပန် ရှင်သန်ရေး၏ သော့ ချက်လည်း ဖြစ်သည်။

ချင်းနိုင်ငံရေးလူ့အဖွဲ့အစည်း နှင့် ချင်းလူထုအခြေပြုအဖွဲ့စည်း စနစ်တကျ ထွန်းကားမှသာလျှင် ချင်းလူမျိုး၏ အမျိုးဂုဏ်နှင့်ဇာတိဂုဏ် မြှင့်တက်မည်ဖြစ်ပြီး ချင်းစာပေယဉ်ကျေးမှု၊ ဘာသာစကား စသည်များကို ကောင်း စွာထိန်းသိမ်းနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ချင်းလူထုအခြေပြုအဖွဲ့စည်း ကို မိမိတို့အသိတရားဖြင့် မိမိတို့ဘာ သာဖွဲ့စည်းသင့်သည်။ အဓိကဦးတည်ချက်မှာ ကိုယ့်ကြမာကိုဖန်တီးခွင့်ကို အနိမ့်ဆုံးအဆင့်က လက်တွေ့ ကျင့်သုံးခြင်းနှင့် ဒီမိုကရေစီ လူ့ဘောင်သစ် စတင်တည်ထောင်ခြင်းဖြစ်ပြီး အစီုးရကို ရန်မူပုန်ကန်ရန် မဟုတ် ပေ။   
ပြီးပါပြီ။

အိုက် ဆောင်မဒိန်း
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger