ချင်းတိုးတက်ရေးပါတီ (တည်ထောင်သူနှင့် ဗဟိုအမှုဆောင်အဖွဲ့ဝင်)အိုက်စောမြနှင့် စကားပြောခြင်း (အပိုင်း-၂)

Monday, December 03, 20120 မှတ်ချက်



KMG: ပလက်ဝခူမီးပါတီဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လူပ်ရှားမှုတွေဆရာ ဘယ်လိုမြင်ပါသလဲ။ SM: ပါတီဝင်တွေဆိုတာ ကျွန်တော်တို့ CPP ပါတီဝင်တွေကိုပြောတာ ဟုတ်တယ်နော်။
ပါတီဝင်တွေက နိုင်ငံရေးအခင်းအကျင်းသစ်နဲ့စိမ်းနေသေးတော့ သိပ်မလှုပ်ရှားနိုင်တဲ့ အပိုင်းတွေ့ရပါတယ်။ ဒါလည်းသူတို့အပြစ်မဟုတ်ဘူး။ ကျွန်တော်တို့ ဗဟိုကနေကိုက Support မပေးနိုင်တာ။ ပြီးတော CPP က သူတို့သတ်မှတ်ချိန်ရောက်မှ ဥုံဖွဆိုပြီး ၀ုန်းဒိုင်းတည်ထောင်ရတာကိုး။ အမှန်ဖြစ်သင့်တာက အရင်ကတည်းက Civil Society ဆိုပြီး ဟိုအဖွဲ့၊ ဒီအဖွဲ့တွေရှိပြီးသားကနေ သူတို့စိတ်ကြိုက်တည်ထောင်တာမျိုးဆိုရင် အိုကေပေါ။ အခုချိန်မှာ ပါတီကနုနယ်သေးတော ပြောဖို့စောပါသေးတယ်။ ရွေးကောက်ပွဲတုန်းကတောင်မှ လသားအရွယ်နဲ့ (၂၀)နှစ်အရွယ် လူပျိုပေါက်အရွယ်နဲ့ယှဉ်ခဲ့တာ မဟုတ်လား။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီအတိုင်းပဲ။

သာမန်အရပ်သူ အရပ်သားလိုနေလာတာကနေ ၀ုန်းဆို လွတ်တော်ထဲ ရောက်သွားတဲ့ အပိုင်းမှာ အချို့ကိစ္စတွေမှာ ထိရောက်မှုမရှိတဲ့အပိုင်း အားနည်းတဲ့အ ပိုင်းရှိနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် ဒီကိုယ်စားလှယ်တွေဆိုတဲ့ ကျွန်တော်တို့ပလက်ဝကို ကိုယ်စားပြုတဲ့ပုဂ္ဂိုလ်တွေဆို တာ တခြားပါတီတွေလည်း နားလည်ထားရမယ်။ သူတို့နဲ့ ၀ိုင်းဝန်းဆွေးနွေးတာတို့ ပြဿနာတစ်ခုကို ဆွေးနွေးအဖြေရှာတာတို့ လုပ်ဖို့လိုတယ်။ ဒီမှာကျွန်တော် အလေးထားပြောချင်တာက၊ လွတ်တော် ကိုယ်စားလှယ်ဆိုတာ နိုင်ငံရေးပညာတွေ အများကြီးတက်စရာ မလိုဘူး။ ဒါပေမယ့် လူကြိုက်များဖို့လိုတယ်။ လူတွေဘယ်လိုခံစား နေလဲဆိုတဲ့အတိုင်း သူလည်းခံစားတက်ဖို့ လိုတယ်။ ဒါဆိုရပြီ။

KMG:ကုလားတန်ဘက်စုံစီမံကိန်းပေါ် ဆရာဘယ်လိုမြင်ပါသလဲ။
SM: ဒီမေးခွန်းကိုတော ကျွန်တော်သိပ်မပြောတက်ဘူး။ ဆရာဆလိုင်း အိုက်ဇက်ခင်တို ကဒီအပိုင်းမှာ အထူးကျွန်းကျင်တဲ့ ပုဂ္ဂိုလ်တွေဆိုတော့ သူ့ကိုပဲမေးကြည့်သင့်တယ်ထင် တာပဲ။ ဒါပေမယ့်ကျွန်တော်ပြောချင်တာလည်းရှိတယ်။ ကျွန်တော်တို့ ခူမီးတွေရဲ့တိမ်း ညွတ်မှုလို့ပြောရမလား၊ ဘ၀နေမှုပုံစံလို့ပြောရမလား၊ ခူမီးတွေကချောင်းကို အမှီပြုနေ ထိုင်တဲ့ဓလေ့ကို သတိထားမိတယ်။ ဥပမာ ကုလားတန်မြစ်ပေါ်ကရွာတွေဆိုရင် ချောင်းတစ်ခု ခုရဲ့ အ၀မှာပဲရှိတယ်။ ဒီလိုပဲ ပလက်ချောင်းတစ်ကြော၊ ပီချောင်းတစ်ကြော ကြိုက်သလိုကြည့်နိုင်တယ်။ ဒီတော့ ဒီစီမံကိန်းအရ ကားလမ်းတွေဖြစ်လာရင် နေထိုင်မှုတစ်မျိုးပြောင်းတောမှာရဆိုတော့ ဘယ်လိုပြင်ဆင်သင့်သလဲပေါ့။ ဆိုလိုတာ က ခြေကျင်၊လှေကနေ ဆိုင်ကယ် ကားပြောင်းရတော့မှာကိုး။ ခင်ဗျားတို့သတိထားမိ လားမသိဘူး ပြီးခဲ့တဲ့နှစ်တွေတုန်းက ဟွန်ဒါစက်လှေ ကလေးတွေအများကြီးဖြစ်လာတယ်။ အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းက အားလုံးရခိုင်တွေလက်ထဲမှာ၊ လှေထွင်းတာ၊ ဆောက်တာ၊ နောက် စက်အထိုင် ဖရိန်ဆင်တာ၊ အဲဒါတွေပေါ့။ အခုဘယ်လို ပြင်ဆင်ထားသင့်တယ်ဆိုတာ နားလည်တက်ကျွမ်းသူတွေနဲ့ ဆွေးနွေးအဖြေရှာသင့် တယ်လို့ မြင်တယ်။

KMG: ခူမီးပါတီ ထူထောင်ရေးနဲ့ပါတ်သတ်ပြီးတော ရော ဆရာဘယ်လိုထင်လဲ။
SM: ကျွန်တော်တို့ CPPလုပ်တယ်ဆိုတာ ခူမီးပါတီအတွက်ပါပဲ။ CPP အနေနဲ့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ အတည်တကျနေကြည့်ပါဦး။ Organization Development တွေလုပ်ကြပါဦး။ အဲဒီမှာ အိုကေပြီဟေ့ ဆိုလို့ရှိရင် ရှိပြီသား CPPကိုပဲ အခြေခံပြီးလုပ်ကြပေါ့။ ပြီးတော့မှ CNP ဖြစ်ဖြစ် CPPဖြစ်ဖြစ် NLDဖြစ်ဖြစ် မဟာမိတ်သဘောနေလို့ရတာပဲ။ အခုအချိန်မှာတော့ အတိုင်းအတာတစ်ခုအထိ အချိန်နဲ့အတွေ့အကြူံ အရင်းအနှီးလိုတယ်ထင်တာပဲ။ ဒါမှမဟုတ် လုပ်မှဖြစ်မယ်ဆို လည်းလုပ်ကြပါ လက်ရှိစုဖွဲ့ပြီးသား CPPကိုပဲ နာမည်ပြောင်းလိုက်လို့ရတယ်။ ဗဟိုအမူဆောင်ထဲမှာ ဦစောမြ ခင်ဗျားမနေနဲ့တော့ ဆိုလည်းရတယ်။ ပြဿနာမရှိဘူး။ ကျွန်တော် အစကတည်းက နေရာရရေးအတွက် ပါတီထောင်တာမဟုတ်ဘူး။ ခူမီးတွေနိုင်ငံရေး ထဲ ထဲထဲဝင်ဝင် ပါစေချင်ခဲ့တာပဲရှိတယ်။ 


KMG:ဆမီးမြို့နယ်ခွဲ ရတဲ့အပေါ်မှာရော ဆရာဘယ်လိုမြင်ပါသလဲ။
SM: ကျွန်တော် ကြားမိသလောက် ဒီကိစ္စအပေါ် ကျွန်တော်မြင်တာပေါ့၊ ဆမီးမြို့နယ်ခွဲရတယ်ဆိုတဲ့ အပေါ်ကြိုဆိုပါတယ်။ အဲ ဒါပေမယ့် နယ်နမိတ်ခွဲတဲ့ အပေါ်အမြင်ကွဲကြတယ်။ ဒါလက်ရှိ အခြေအနေပေါ။ ဒီမှာ ပြဿနာက ဘယ်ကစသလဲဆိုရင် မြို့နယ်ခွဲဖြစ်ရေး၊ မြို့နယ်ဖြစ်ရေး၊ ခရိုင်ဖြစ်ရေးပြဿနာက ကျွန်တော်တို့ချင်းတွေရဲ့ သီးခြားနိုင်ငံရေးရောဂါလို့ ဆိုလို့ရမယ်။ ဒီရောဂါမျိုး အခြားဘယ်နေရာမှာမှ မရှိဘူး။ ဥပမာ ကချင်ပြည်နယ် ကားမိုင်းမြို့နယ်ဆိုပြီး ဖားကန့်ကျေးရွာဆိုပြီးတော့ ရှိုတယ်။ အခုဖားကန့်မြိုနယ် ဖြစ်ပြီးတော ကားမိုင်းမြို့နယ် ခွဲပြန်ဖြစ်တယ်ဆိုတာ သူတို့ဆီမှာ ဘာပြသနာမှ မရှိဘူး။ ပြောတာဆိုတာတွေလည်း ဘာသံမှ မကြားရဘူး၊ ဟိုတလောက တီးတိန်က ခရိုင်မရလို့ဆိုပြီး ၀န်ကြီးချုပ်ကို ဆန္ဒပြတယ်. ဆိုတော့ ဒီအိုင်ဒီယာက ချင်းတွေရဲ့ လူမျိုးစု အစွဲတွေ၊ ဒေသအစွဲတွေနဲ့ သီးခြားသက်ဆိုင်ပါတယ်။ မြို့နယ်ခွဲဖြစ်တာနဲ့ ခရိုင်ရတာနဲ့ အဲဒီဒေသတိုးတက်သွားမ လားဆိုတဲ့ အမြင်လည်းရှိသေးတယ်။ ချင်းတွေရဲ့ အဓိကမက်လုံးက ဂုဏ်လိုချင်တယ်လို့ ပဲပြောရမယ်။ ငါတို့ကခရိုင်မြို့ကွဆိုတာတွေလိုချင်တာ။ အခုဆမီးမြို့နယ်ခွဲ ကိစ္စလည်း ဒီအတိုင်းပဲ၊ ပိုကောင်းတဲ့ အခြေအနေတစ်ရပ်ကိုတည်ဆောက်ဖို့ကြိုးစားမှုတစ်ခုပဲ။ ဒါပေမယ့် အဲဒါနဲ့ အတူပါလာတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေ ကကျေကျေ လည် လည်ရှင်းပေးရမှာပေါ့။ အဲလိုမဟုတ်ဘူးဆိုရင်” ပေါ့စေလို ကြောင်ရုပ်ထိုး ဆေးအတွက် နဲ့လေး” ဖြစ်လာရင် မကောင်းဘူး။


KMG: ပလက်ဝ ဒေသရဲ့ လူမူရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ပညာရေး၊ ကျန်းမာရေးတွေကို ဘယ်လိုသုံးသပ်ပါသလဲ။
SM: ကျွန်တော်က ပညာရှင်မဟုတ်တော့ အများကြီးမပြောနိုင်ဘူး။ လူမူရေးအနေနဲ့ ပြောမယ်ဆိုရင် ခူမီးဓလေ့တွေ မပျောက်စေချင်ဘူး၊ နောက်ပြီး မျိုးနွယ်စု( Clean) ခူမီးလို စိုင်( Chaing ) တွေ မပျောင်စေချင်ဘူး။ ခူမီးမှာ မွေးရာကနေ သေတဲ့အထိ သူ့ထုံးထမ်းစဉ်လာနဲ့ ရှိပြီးသား မဟုတ်လား ၊ ဖြစ်နိုင်ရင် လူနာမည်မှာ Chaing နာမည်တစ်ခါတည်း တွဲမှည့်သင့်တယ်။ ဒါမှ နာမည် တွေ့လိုက်တာနဲ့တင် ခူမီးမှန်းချက် ခြင်းသိမယ်။ ဘာ Chaing လဲဆိုတာ ချက်ခြင်းသိမယ်။ နိုင်ငံရေးဆိုရင် ကျွန်တော်တို့ ခူမီးတွေ နိုင်ငံရေး မျက်နာစာရှိသင့်တာ ကြာပြီ။ ပြည်မက ပါတီကြီးတွေနောက် လိုက်ခဲ့ ရတဲ့ အချိန်တွေလည်း မနည်းတော့ဘူးမဟုတ်လား။ ဒါတွေ ကျွန်တော့်ဆန္ဒပါ။ ကျန်တာ ဘာမှပြောစရာမရှိဘူး။


KMG: ထပ်ပြီးဘာဖြည့်စွက်ချင်သေးလဲ။
SM: ပြောတာတွေလည်းများပါပြီ။ ဒါပေမယ့် နည်းနည်းထပ်ပြောချင်သေးတယ်။ ခူမီး တွေအပေါ် ကျွန်တော်ဖြစ်စေချင်တာပါ။ ဒါဘာလဲဆိုတော ရိုသားဖို့လိုတယ်။ ဒါပေမယ့် မအပါနဲ့။ ကိုယ်ဘာမှ မသိတာနဲ့ တခြားသူအပေါ်ဇွတ်ပြီး သံသယ မ၀င်ကြပါ နဲ့။ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတာမျိုးတွေ၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာကမှမှန်တယ် ဆိုတာမျိုးတွေလျှော့ပါ။ ဘာသာရေးနဲ့ လူမှုရေးကို အတင်းမရောထွေးပစ်ပါနဲ့။( ဥပမာ ဘာသာမတူတာနဲ့ ခူမီးအချင်းချင်း လက်ထပ်ဖို့ မလွယ်တဲ့ ကိစ္စ ပြန်စဉ်းစားသင့်ပါပြီ။ နောက်ပြီး နိုင်ငံရေးထဲမှာလည်း သဘောထာကြီးဖို့လိုတယ်။ သူများလုပ်ပေးတဲ့ ပွဲထဲဝင်ကစားရင်း ကိုယ့်အချင်းချင်းရန်ဖြစ်ရတယ် ဆိုတာ ကိုယ်တို့ပဲညံ့တာ မဟုတ်လား.။ ဒီနေရာမှာ ၀မ်းသာစရာတစ်ခုပြောချင်တယ်။တိုးတက်ရေး ဂျာနယ်မှာ လည်းထည့်ရေးဖူးတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ အသုံးစရိတ်ပြူစုနေတဲ့ အချိန်မှာ ဦးကျော်ထွန်း( ယခင် NDF မြို့နယ်စည်း၊ ဥက္ကဌ) ဆီက ”ရွေးကောက်ပွဲမှာ ချင်းတိုးတက်ရေးပါတီက လေးဦးအနိုင်ရတာ ၀မ်းမြောက်ကြောင်း နောင်ရွေးကောက်ပွဲလွန် ကာလတွေမှာ လည်းမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက် ပါမည့်အကြောင်း” ပါတဲ့ သ၀ဏ်လွှာတစ်စောင်ရတယ်။ ကျွန်တော်လိုချင်တာ အဲဒီလိုမျိုးစိတ်တွေပါ။ သဘေထားကြီးတဲ့ ပြယုဂ်တွေပါ။ ပြီးတော ခူမီးလူမျိုးဆိုတာ ရိုးသားပွင့်လင်းပြီး အမှီအခိုကင်းကင်းနဲ့ အခြားဘယ်လူမျိုးအတွက်မှ အန္တရယ်မရှိတဲ့ လူ့အတိုင်းအ၀ိုင်း ဖြစ်စေချင်ပါတယ်။ 


KMG: ခူမီးဒီယာ ကနေတစ်ဆင့် ခူမီးချင်းအနာဂါတ်အတွက် ဘာပြောချင်သေးလဲ ဆရာ။
SM: အခုခောတ် လူငယ်တွေကတော်ကြတယ်။ ဒီခူမီးမီဒီယာ ဆိုတာကို တည်ထောင် ဖြစ်တဲ့အတွက်လည်း အယ်ဒီတာချုပ် ပီတာလွယ်လူးနဲ့အဖွဲ့ဝင်တွေ အားလုံးကို ကျွန် တော် လှိုက်လှိုက် လှဲလှဲ ဂုဏ်ပြုပါတယ်။အခုခေတ်က မီဒီယာ ခေတ်ပါ။ သတင်းအချက်အလက် စက္ကန့်ပိုင်းနောက်ကျသွားတာနဲ့ ကြီးမာတဲ့ ဆုံးရုံးမူတွေ ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ခူမီးတွေအတွက် ခူမီးမီဒီယာ ဟာတန်ဖိုးမဖြတ် နိုင်ပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ပြီးပါပြီ။
Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger