မိမိတို့ ခူမီးလူမျိုးကို မြှင့်တင်စေလိုကြောင်း ၀န်ကြီးကျော်ငြိမ်းမှ စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ညစာတည်ခင်းဧည့်ခံပွဲတွင် အဓိကပြောကြား

Sunday, January 06, 20130 မှတ်ချက်



ပလက်ဝ၊ ဇန္န၀ါရီ ၇ --- ချင်းပြည်နယ်အစိုးရ၊ သစ်တောနှင့်သတ္တုရေးရာဝန်ကြီးဦးကျော်ငြိမ်းတို့အဖွဲ့သည် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်သို့ စစ်ဆေးရေးခရီးစဉ်မှ ယနေ့တွင် ပလက်ဝမှ ရုံးစိုက်ရာ ပြည်နယ်မြို့တော် ဟားခါးသို့ ပြန်လည်ထွက်ခွါ သွားပြီဖြစ်သည်။

၂၀၁၃-ခုနှစ်၊ ဇန်န၀ါရီလ(၅)ရက်နေ့တွင် ပလက်ဝမြို့နယ် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီက  ၀န်ကြီးနှင့် ဌာနဆိုင်ရာတို့အား ည ၆း၃၀ တွင် ညစာတည်ခင်းဧည့်ခံပွဲတစ်ရပ် အထူးကျင်းပခဲ့သည်။ အဆိုပါ ညစာစားပွဲသို့ ၀န်ကြီးနှင့်တကွ ဖိတ်ကြားထားသော သက်ဆိုင်ရာ ဌာနဆိုင်ရာ လူကြီးများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 ညစာ စားပွဲအစီအစဉ်တွင် မဥမ္မာလှမြင့်ဌေးက အခမ်းအနားမှူးအဖြစ်လည်းကောင်း၊
သာသနာပိုင်ကြီးဒေါက်တာဂျိမ်းစ်မင်းဒိန်က အခမ်းအနား အဖွင့်အမှာစကား ပြောကြားခြင်းဖြစ်လည်းကောင်း၊ ပါဝင် တာဝန်ယူခဲ့ပြီး ၄င်းနောက် ချင်းပြည်နယ် သစ်တောနှင့်သတ္တုဝန်ကြီးက သြ၀ါဒ စကားများကို မိန့်ကြားသွားပါသည်။ မိမိတို့ရဲ့ခူမီးစာပေနှင့် ယဉ်ကျေးမှုကိုအရင်ထက်ပိုပြီးမြှင့်တင်ရန်ခူမီးအမျိုးသားတိုင်းမှာတာဝန်ရှိပါကြောင်း၊
အခုဆောက်လုပ်ဆဲအဆောက်အဦးကိုလည်းအဘက်ဘက်မှဝန်းဝိုင်းကူညီစေချင်ကြောင်း၊ အဆောက်အဦးပြီးစီးရေးအတွက်ပူးပေါင်းကြပါရန်စသည်ဖြင့် မိန့်ခွန်းပြောကြားကာ  ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီသို့အလှူငွေ ၁၀၀၀၀၀ ကျပ်တိတိကို ၀န်ကြီးကျော်ငြိမ်းကိုယ်တိုင် ပါဝင်လှူဒါန်းသွားပါသည်။

ခူမီးလူမျိုးလည်းလူပုံအလည်မှာထည်ထည်ဝါ၀ါ လူနေမှုအဆင့်အတန်းမြင့်မားအောင် ကျောင်းသားမိဘတိုင်း ပညာကိုဆုံးခမ်းတိုင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ ကွန်ပျုတာ ပညာများလည်းတတ်မြောက်သင့်ပြီးဖြစ်ကြောင်း၊ ခူမီးအမျိုးသား/သမီးများ ပညာရှင်များပေါ်ထွက်အောင်ကြိုးစားသင့်ပြီးဖြစ်ကြောင်း ၀န်ကြီး ဦးကျော်ငြိမ်းမှ မှာကြားသွားပါသည်။

ထို့အပြင်၂၀၁၅ ရွေးကောက်ပွဲအတွက်ပါတီလူများကိုအစွဲအလန်းမကြီးပဲခူမျိုးအမျိုးသားများထဲမှ စွမ်းစွမ်းတမံအကျိုးပြုလုပ်ငန်းဆောင်ရွက်လိုစိတ်ရှိသူများကိုသာရွေးချယ်ရမှာဖြစ်ကြောင်း၊ ပလက်ဝရှိ KYA အသင်းသည်လည်း မိမိတို့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်ဆောင်ရွက်သွားဖို့ အရေးကြီးကြောင်း နှင့် လူငယ်များအရင်ထက်ကြိုးစားကြရန် အလွန်အရေးကြီးကြောင်း ၀န်ကြီးမှအထူးမှာကြားပါသည်။

“ပလက်ဝမြို့နယ်ဟာ တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့ မြို့နယ်တစ်ခုဖြစ်တဲ့အတွက် စည်းစည်းလုံးလုံး ဥမကွဲသိုက်မပျက်နေကြရမယ်” ဟု ၀န်ကြီး၏မိန့်ခွန်းတွင် ထည့်သွင်းသွားခဲ့သည်။

၎င်းနောက် ပလက်ဝမြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက မြို့နယ်၏ သိကောင်းစရာနှင့် လုပ်ဆောင်ချက်များကို ဖေါ်ပြ တင်ပြသွားခြင်းဖြစ်လည်းကောင်း၊ Father Paul ထွန်းခိုင်က ကျေးဇူးတင်စကားပြောကြားခြင်းဖြင့်လည်းကောင်း၊ သာသနာပိုင်ဗာနဗထောင်ဝှေ့က နောက်ဆုံးကောင်းကြီးပေးခြင်းဖြင့် လည်းကောင်း အခမ်းအနားကို ရုပ်သိမ်းခဲ့လေသည်။

၎င်းနောက် ဂုဏ်ပြုညစာ စားပွဲကို တည်ခင်းဧည့်ခံခဲ့ရာ KYA လူငယ်များ၏ ခေတ်ပေါ် ခူမီးရိုးရာသီချင်း၊ မြန်မာသီချင်းများဖြင့် လူငယ်တေးဝါသနာရှင်မှ စင်တက် တင်ဆက်ဖျော်ဖြေခဲ့လေသည်။ ၎င်းညစာ စားပြီးပွဲပြီးနောက်တွင် ရိုးရာမီးပုံကပွဲကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ဝန်ကြီးအဖွဲ့သည်ဒီနေ့မနက် ဇန်န၀ါရီ ၇က်နံနက် ၇း၄၀နာရီတွင် RCM စက်လှေဖြစ် ပလက်ဝမှကျောက်တော်သို့ ထွက်ခွါသွားလျှက်ရှိရာ မနက်ဖန် မြန်မာ့လေကြောင်းဖြင့် စစ်တွေမှ ရန်ကုန်၊ ထိုမှတဆင့် ချင်းပြည်နယ်ဟားခါးသို့ပြန်မည်ဖြစ်သည်။
လုံခြုံရေးအဖြစ် ဦးနန်းဆိုက်၊ ဦးကိုးလင်း တို့ လိုက်သွားကြောင်း သိရသည်။


Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger