သစ္စာရှိသောအစေခံ Rev.Dr.Andrew Mang Lyn ရဲ့ Bishop ဘိသိက်ပေးခြင်းအခမ်းအနား ကျင်းပ

Monday, January 07, 20130 မှတ်ချက်



ရန်ကုန်၊ ဇန္န၀ါရီ ၇--- ယမန်နေ့ ဇန္န၀ါရီ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာလုသရင် ဘုရားကျောင်းတွင်  မြန်မာနိုင်ငံ လုသရင်အသင်းတော်၏ ပထမဆုံး ဘီရှော့ဖြစ်လာမည့် Dr.Andrew Mang Lyn ၏ Bishop ဘိသိက်ခံယူပွဲကို စည်ကားစွာကျင်းပခဲ့လေသည်။

အဆိုပါ ဘိသိက်ပေးပွဲသို့  မလေးရှား၊ ဂျာမနီ နှင့် သြစတေးလျနိုင်ငံအသီးသီးမှ ပင့်ဖိတ်ထားသော လုသရင်အသင်းတော် သာသနာပိုင်ဘုန်းတော်ကြီးများ၊ ကိုယ်စားလှယ်တော်များနှင့် ပြည်တွင်းအသင်းတော်အသီးသီးမှ ပင့်ဖိတ်ထားသော သာသနာပိုင် ဘီရှော့များ၊ နှင့် နယ်မြေအသီးသီးမှ မြန်မာနိုင်ငံ လုသရင်အသင်းတော်၏ ဘုန်းတော်ကြီးများ၊ အမှုတော်ဆောင်များ နှင့် အသင်းသူ/သားများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
“ဘီရှော့ရာထူးကို ပေးချင်တိုင်းပေးလို့ရတာ
မဟုတ်ပါဘူး။ Rev. Andrew Mang Lyn ဟာ ဒီရာထူးအတွက် သစ္စာရှိရှိ ဘုရားရဲ့အစေကိုခံခဲ့လို့ ထိုက်ထိုက်တန်တန် ဘိတ်သိတ်ပေးခြင်းကိုခံရတာပါ။ ဘီရှော့တာဝန်ကို ထမ်းယူရတော့မှာဆိုတော့ လုပ်ရမယ့်လုပ်ငန်းတာဝန်တွေပိုများလာတော့မှာပါ”ဟု ဘိတ်သိတ်မပေးမီ မလေးရှားနိုင်ငံ Christ Lutheran Church – CLC မှ  ကြွရောက်လာသော ဆရာတော် Philip Tan (Oversea Mission Director) က တရားဒေသနာတော်ကို တိမောထေသြ၀ါဒစာ ပထမစောင် အခန်းကြီး ၃ ကိုအခြေခံ၍ အနည်းငယ်ဝေငှရင်း မိန့်တော်မူခဲ့သည်။

အစီအစဉ်ကို မနက် ၁၀ နာရီခွဲတွင် စတင်၍ ဦးဆောင်သူအဖြစ် Rev. Hawi Bi မှလည်ကောင်း၊ အဖွဲ့သီချင်းများကို မိခင်များအဖွဲ့နှင့် လူငယ်များအဖွဲ့မှလည်းကောင်း၊ သံစုံသီချင်းဖြင့် အမှုတော်ဆောင်များအဖွဲမှလည်းကောင်း၊ အမူအရာအကဖြင့် Sunday School ကလေးငယ်များမှလည်းကောင်း အသီးသီးမှ ပါဝင်ခဲ့သည်။ ထို့အပြင် ကျေးဇူးတင်စကားကို တက်ရောက်လာသော ဧည့်သည်တော်အသီးသီးမှလည်းကောင်း၊ ဘိတ်သိတ်ပေးခြင်းခံရသော ဘီရှော့ဒေါက်တာ အန္ဒြူးမန်းလုံးမှလည်းကောင်း အသီးသီးပြောကြားခဲ့သည်။


ဘီရှော့ဒေါက်တာ အန္ဒြူးမန်းလုံးသည် MLC ကို ၁၉၉၈ မတ်လတွင် အသင်းသား ၅ ဦးဖြင့်စတင်ခဲ့ပြီး ယခုအချိန်တွင် ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် အမှုတော်လုပ်ငန်းများကို   ဆောင်ရွက်လျက်ရှိသည့်အပြင် အသင်းတော်အနေဖြင့် ခူမီးဘာသာစကားဖြင့် ရေဒီယိုအသံလွင့်ခြင်း၊ ကုလားတန်ဖြစ်ကြောင်း ဧ၀ံဂေလိဝေငှခြင်း၊ မိဘမဲ့ဂေဟာလုပ်ငန်း၊ မရှိဆင်းရဲသားဒုက္ခရောက်သူများအား ထောက်မခြင်း နှင့် သမ္မာကျမ်းစာ သင်ကြားခြင်း လုပ်ငန်းများကို အစေခံထမ်းဆောင်လျှက်ရှိသည်။
မြန်မာနိုင်ငံယုံကြည်သူများအသင်းတော် သာသနာပိုင် ဘီရှော့ နိုကျုံးမှခွန်အားပေးပြောကြားသည်မှာ “ ဘီရှော့သစ်အနေဖြင့် ဘယ်ကိစ္စအမှုကိုမဆို ချစ်ခြင်းမေတ္တာတရားနှင့်လုပ်ပါ။ ဆောင်ရွက်ပါ။ ချစ်ခြင်းမေတ္တာမပါဘဲ ဆရာဝန်ကောင်းမဖြစ်နိုင်၊ ချစ်ခြင်းမေတ္တာမပါဘဲ တရားသူကြီးကောင်း မဖြစ်နိုင်သလို ချစ်ခြင်းမေတ္တာမပါဘဲ ဘီရှော့အစေခံကောင်းဖြစ်နိုင်မှာမဟုတ်ပါဘူး” ဟုချစ်ခြင်းမေတ္တာ၏အရေးပါပုံကို လိုတိုရှင်းမိန့်ကြားသွားခဲ့သည်။
အစီအစဉ်ကို ညနေ ၂နာရီခွဲတွင် ပြီးဆုံးသွားပြီးနောက် မြန်မာနိုင်ငံလုသရင်အသင်းတော်မှ ကြက်ဆီထမင်းဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့လေသည်။ မြန်မာနိုင်ငံလုသရင် အသင်းသူ/သားအားလုံး မိမိတို့၏ အဖဆရာတော်ကြီး ဘိတ်သိတ်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ပန်းရောင်အင်္ကျီကို ကိုယ်စီဆင်မြန်းခဲ့ကြသည်ကိုလည်း တွေမြင်ရခဲ့သည်။

Share this article :

Post a Comment

မှတ်ချက် များကိုလွယ်ကူစွာ ပေးနိုင်ပါသည် ။ သို့ သော် မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Khumi Media Group - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger